ဥကရစ်ထ မော်ကွန်း

by Hla Soewai - Jul 02 2022

ဇွန်လ ၂၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ် (KNLA) များမှ ပူးပေါင်း အင်အားဖြင့် မြဝတီ မြို့နယ် ဥကရစ်ထ ကျေးရွာ အနီးရှိ စစ်စခန်း ကုန်းအား စတင် တိုက်ခိုက်လာခဲ့သည်။

 

စစ်တပ် မှ စခန်းကုန်း အား သိမ်းပိုက်ရန် ကြိုးစားလာမှုကို လက်နက်ကြီးပစ်ကူများ၊ လေကြောင်းမှ ဗုံးကြဲ ခြင်းများ နှင့် တုန့်ပြန်လာခဲ့သည်။ အနီးအနားရှိ ဝေါလေ စခန်းမှ လက်နက် ခဲယမ်းများကိုလည်း ရဟတ်ယာဉ် များ ဖြင့် သယ်ယူ ဖြည့်တင်းပေးခဲ့ကြသည်။ စစ်တပ်သည် လေကြောင်း ပစ်ကူ ကိုသာ အားကိုးပြီး မြေပြင် တပ်များအား အသုံးပြုရဲခြင်း မရှိသည်ကို တွေ့ရသည်ဟု သတင်းများက ဆိုသည်။

 

ကြာသပတေးနေ့ ဇွန်လ ၃၀ ရက် နေ့တွင် KNDO အထူး ကွန်မန်ဒို တပ်မှ တပ်ရင်းမှူး စောဝင်းမြင့် ဦးဆောင် သည့် PDF နှင့် ကရင်တပ်များက ဥကရစ်ထ စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

တပ်ပေါင်းစုံ ညွှန်ပေါင်း အဖွဲ့မှ ၁၃ ဦး ကျဆုံးပြီး၊ လေးဆယ် ဒဏ်ရာ ရရှိခဲ့သည်။ အနီးအနားရှိ ဝေါလေ နှင့် မြိုင် ကျေးရွာ တဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

 

KNDO မှ ဗိုလ် စလုံး က စစ်ကောင်စီ သစ္စာခံ လေတပ်သည် မိမိတို့အား လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ခဲ့ကြကြောင်း၊ အနည်းဆုံး တနေ့ ဆယ်ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ပြောပြခဲ့သည်။ စစ်ကောင်စီ ဖက်မှ အကျအဆုံး လွန်စွာ များပြားနေပြီး တိုက်ပွဲ နှင့် ပတ်သက်၍ စစ်ကောင်စီ ဖက်မှ ရေငုံနှုတ်ပိတ်နေဆဲ ပင် ဖြစ်သည်။ စစ်တပ်၏ ရိက္ခာ နှင့် လူအင်အား ဖြည့်တင်းရာ လမ်း‌ကြောင်းပေါ်တွင် တည်ရှိနေသော စခန်းလည်း ဖြစ်သည်။ (ဗိုလ်စလုံး အား ပုံတွင် တွေ့နိုင်သည်)

 

အဆိုပါ စခန်းကုန်းသည် အာဏာသိမ်း တပ်များ အတွက် မဟာဗျူဟာအရ လွန်စွာ အရေးပါနေသဖြင့် ကျားကုတ်ကျားခဲ ခုခံနေခြင်း ဖြစ်သည်ဟု KNDO အကြီးအကဲ ဗိုလ်ချုပ် စောနာဒါးမြ က ပြောသည်။ တိုက်ပွဲ ဖြစ်ပွားရာ ဒေသများသည် ကေအင်ယူ တပ်မဟာ (၆) ၏ ထိန်းချုပ် နယ်မြေ အတွင်းတွင် ဖြစ်သည်။

 

ကြာသပတေးနေ့ နံနက် ၁၁ နာရီ ၁၆ မိနစ် တွင် ထိုင်းနိုင်ငံ တပ် ပြည်နယ် အတွင်းရှိ ပေါ့ပရာ ခရိုင် ပေါ်သို့ မည်သူမည်ဝါ မသဲကွဲသော လေယာဉ် တစင်း ကျူးကျော် ဝင်ရောက်လာသည်ကို ထိုင်း လေကြောင်း ကာကွယ်ရေး ရေဒါမျက်နှာပြင် ပေါ်တွင် တွေ့ရှိလာခဲ့၍ ထိုင်း ဘုရင်လေတပ်မှ F-16 တိုက်‌လေယာဉ် နှစ်စီး ကင်းလှည့် ပျံသန်း ကာကွယ် ပေးခဲ့ရသည်။ မှော်ဘီ လေတပ်စခန်းမှ တိုက်ရိုက်ပျံသန်း လာဟန် ရှိသော MIG-29 တိုက်လေယာဉ် သည် ထိုင်းနယ်မြေ ထဲမှ နေ၍ ဒုံးကျည်များ နှင့် ပစ်ခတ်နိုင်ရန် တမင် ဝင်ရောက်လာခဲ့ ခြင်းပင် ဖြစ်သည်။

 

ထိုဖြစ်ရပ်အား မြန်မာဖက်မှ တောင်းပန်ပြီး ဖြစ်သည့်အပြင် အရေးတကြီး ပြဿနာ မဟုတ်ဟု ထိုင်းဝန်ကြီး ချုပ်က ပြောခဲ့သော်ငြားလည်း ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဆူပေါ့ မာလာနီယွန်ကမူ နယ်စပ်ရှိ ထိုင်း တပ်များအား အခြေအနေကို အနီးကပ် စောင့်ကြည့်နေရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ထိုင်း ဝန်ကြီးချုပ် ပရာရွတ်သည် မင်းအောင်လှိုင် မှ ၎င်းအာဏာသိမ်းသည့် လုပ်ရပ်အပေါ် ဦးဦးဖျားဖျား စာ ရေးသား တိုင်တည်ခဲ့၍ ကျေနပ်နေသော်လည်း ထိုင်း စစ်တပ်အဖို့ မြန်မာ ပဋိပက္ခ တွင် နက်ရှိုင်းစွာ ပတ်သက် ဆက် နွယ်လာနေပြီ ဆိုသည်ကို ရိပ်စားမိလာနေပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်မှ ၎င်းတို့၏ လက်ရွေးစင် ထုတ်နှုတ် စုဆောင်းထားပြီး စေလွှတ်လိုက်သော ခမရ ၄၄ အထူးကွန်မန်ဒို အဖွဲ့အား မိမိတို့မှ တနာရီ ပင် မကြာဘဲ ချေမှုန်း နိုင်ခဲ့ကြောင်း တပ်မဟာ (၆) မှ ဗိုလ်ကြီး အယ်ဆေးဝါ က ပြောကြားလိုက်ပြီး ဖမ်းဆီးရမိသည့် လက်နက် ခဲယမ်းများ ကို ဗီဒီယို ဖြင့် ပြသခဲ့သည်။

 

ထိုသို့ မြေပြင် သတင်း အချက်အလက်များ အချိန်နှင့် တပြေးညီ ရရှိနေချိန်တွင်ပင် စစ်ကောင်စီ သတင်းစာ များမှ စခန်းသိမ်းရန် ကြိုးစားသော ရန်သူများ အကျအဆုံးများစွာ နှင့် ဆုတ်ခွာ ထွက်ပြေးသွားကြပြီ ဟု အရှက်ကင်းမဲ့စွာ ရေးသားလျှက် ရှိနေဆဲပင် ဖြစ်သည်။

 

၎င်းတို့ အဖို့ က စခန်းနား မကပ်နိုင်အောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းသာ ဖြစ်ပြီး ရပ်သွားလျှင် ရပ်သွားခြင်း စခန်းကုန်းကို လမ်းလျှောက်တက်သွားရုံသာ ကျန်တော့သည့် အနေအထားပင် ဖြစ်သည်။ စစ်ကောင်စီ အဖို့ စစ်စရိတ်များ ထောင်းလာနေခြင်းသာ အရှုံးပေါ်နေပြီ ဖြစ်သည်။ လက်ရှိတွင်ပင် ထုံးစံအတိုင်း ကိုယ့်လူ့ကိုယ် မှားကြဲ မိသည့် အတွက် သေဆုံးသူ အများအပြား ရှိနေပြီဟု KNDO ၏ Venom စစ်ကြောင်းက ဗီဒီယို နှင့်တကွ သတင်းထုတ်ပြန်လာခဲ့သည် ကို တွေ့ရသည်။ တပ်မဟာ အမှတ် (၆) နယ်မြေ အတွင်းရှိ သေ့ဘောဘိုး ကျေးရွာ သို့ ဇူလိုင် ၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်သွားပြန်သဖြင့် ပြည်သူ နှစ်ဦး သေဆုံးပြီး ‌ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု Cobra စစ်ကြောင်းဖက်က သတင်းထုတ်ပြန်လာခဲ့သည်။

 

စစ်ကောင်စီသည် မြေပြင်တပ်များ စေလွှတ်ပြီး စခန်းကုန်း အား ပြန်လည် သိမ်းပိုက်နိုင်ရန် နယ်ခြားစောင့် တပ်ဖွဲ့နှင့် DKBA တို့ တပ်များ နှင့် အတူ စစ်အင်အား ဖြည့်တင်းလျှက် ရှိနေသည်ဟု KNDO က တွက်ဆ ထားကြောင်း သိရသည်။ လောလောဆယ်တွင် ဝေါလေ နှင့် မြိုင် ဒေသများတွင် စစ်ကြောင်းထိုးပြီး နယ် မြေရှင်းလင်းရေး လုပ်နေသည်ဟု ဆိုသည်။

 

ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီ သစ္စာခံ တပ်များက လက်နက်ကြီး ပစ်ကူ သုံးကာ တပ်မဟာ (၆) ထိန်းချုပ် နယ်မြေ လေးကေ့ကော် ဒေသ ရှိ တောင်ကုန်း တခု အား သိမ်းပိုက်နိုင်ရန် နှစ်ကြိမ်တိုင် စစ်ကြောင်းထိုး တိုက်စစ် ဆင်ခဲ့သော်လည်း ကော်ဘရာ စစ်ကြောင်းမှ ပြန်လည် တိုက်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီ ဖက်မှ နှစ်ဦး ကျဆုံး၊ ခုနှစ်ဦး ဒဏ်ရာရရှိသွားကာ တပ်လန်သွားခဲ့သည်။

 

လောလောဆယ်တွင် ဝေါ်လေ၊ မြိုင် နှင့် ဥကရစ်ထ ကျေးရွာများမှ တိုင်းရင်းသား ပြည်သူ ၁,၅၀၀ ခန့် ထိုင်းနိုင်ငံထဲ ထွက်ပြေး ခိုလှုံနေကြရသည်။ ဇွန်လ ၁၃ ရက်နေ့က ဝေါလေ ကျေးရွာ ရဲစခန်းအား မဟာမိတ် ပူး‌ပေါင်း တပ်ဖွဲ့မှ ဝင်ရောက်စီးနင်း သိမ်းပိုက်ကာ ဖမ်းဆီးခံထားရသည့် PDF တပ်ဖွဲ့ဝင် အများအပြားအား ကယ်ထုတ်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်တွင် စခန်းမှူး အပါအဝင် ရဲ သုံးဦး ကျဆုံးသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်လေယာဉ်များ ဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ စတင်လာခဲ့ခြင်း ဖြစ်သည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ ဥကရစ်ထ စခန်းအား လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ နှင့် ဆက်လက် စိုးမိုးထားနိုင်ဆဲ ဖြစ်သည် ဟု ထုတ်ဖေါ်ပြောဆိုလာရပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်ကောင်စီ အဖို့က စခန်းကုန်း ကို သိမ်းပိုက်နိုင်ရေးထက် ရန်သူ ကို လေကြောင်း၊ လက်နက် ကြီး ပစ်ကူများ နှင့် အချိန်မရွေး နှိမ်နှင်းလို့ ရသည် ဆိုသော ဗျူဟာအား ကျေပျက်သွားမည့် အရေးကို အဖြစ်မခံနိုင်၊ ထို့အတွက်လည်း ထိုင်း လေပိုင်နက် ကို ပြဿနာ အဖြစ်ခံပြီး ၁၅ မိနစ်ခန့် မရမက ဝင်ကာ တိုက်ခဲ့သည်။ သို့သော် ၎င်းတို့၏ စိတ်အား မြှင့်တင်ရေး မဟာဗျူဟာ ကို ဥကရစ်ထ ရှိ တိုင်းရင်းသား ညီနောင်များက ရဲစွမ်းသတ္တိ အပြည့်ဖြင့် တဖြောင်းဖြောင်း ရိုက်ချိုးပစ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

တိုင်းရင်းသား ပြည်သူ တရပ်လုံး အတွက် ငြိမ်းချမ်းသာယာ ဝပြောသော လူ့ဘောင်သစ် တရပ် ထူထောင်နိုင်ရေး အတွက် မည်သို့သော မျှော်လင့်ချက် တစုံတရာ မရှိပဲ စွန့်လွှတ်စွန့်စား မှုများ နှင့် သမိုင်း မော်ကွန်း ရေးထိုးနေကြချိန်တွင် နိုင်ငံသား တဦး ဖြစ်ပါလျှက် နှင့် မင်းအောင်လှိုင် နှင့် စစ်အာဏာရှင် တစု၏ မိုက်မဲလှသော အကြံအစည်များကို အကောင်အထည် ဖေါ်နိုင်ရန် မဖြစ်စလောက်သော လစာငွေလေးဖြင့် သားမယားကိုသာ မက ရခဲလှသော လူ့ဘဝကိုပင် စွန့်လွှတ်ရန် ဝန်မလေး ဖြစ်နေသူများကို တော့ ပြည်သူတရပ်လုံးက မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေကြပေပြီ။ မင်းအောင်လှိုင် နှင့် အဖွဲ့ကတော့ ၎င်းတို့အား ဖြုတ်ယူ ရွှေ့ပြောင်းတပ်ဆင်၍ရသည့် အစိတ်အပိုင်းများ အဖြစ် သဘောထားနေကြသည့် အဖြစ်ကိုလည်း သိရှိသဘောပေါက်ဟန် မတူပေ။

 

ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!