ရွှေပြည်ကြီးက မဝေးတော့ပြီ

by Hla Soewai - Jul 01 2022

မကြာသေးမီက ပုံပြင် တပုဒ် ဖတ်လိုက်ရသည်။ ရေတွင်းပျက်ထဲသို့ ကျသွားသော မြည်းအိုကြီးအား ကယ် ၍မရတော့သည့် အတူတူ မြေဖို့သတ်ရန် ကြံစည်လာကြသည်။ မြည်းအိုကြီးသည် သူ့အား ဖို့သတ်ရန် ပစ်ထည့်နေသော မြေသားများကို ခွာ ဖြင့် ဖိသိပ်ကာ တဖြေးဖြေး ကျင်းပေါ်သို့ တက်လာနိုင်ခဲ့သည့် အကြောင်းပင် ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည်လည်း ထိုနည်းနှင်နှင်ပင်၊ ၎င်းတို့၏ သံဖနောင့်အောက်၌ အလူးအလဲ ခံနေရသော ပြည်သူများအား ရက်စက်စွာ နှိမ်နှင်းရန် ကြိုးပမ်း ရင်း ပြည်သူများကတော့ တဖြေးဖြေး နှင့် တွင်းပေါ် ရောက်ရှိလာကြတော့မည် ဖြစ်သည်။ သွေးအေးနေသူများကိုလည်း ၎င်းတို့၏ မကောင်းဆိုးဝါး ခြေတံ လက်တံကြီးက ရှိနေဆဲ ဖြစ်သည်ကို ပြသသည့် အနေဖြင့် လှည်းတန်းရှိ ပေ ငါးဆယ် လမ်း ဈေးကို အကြမ်းဖက် စစ်တပ်မှ အကြောင်းမဲ့ ဝင်ရောက် လုယက်ကာ ထမင်းနပ်မှန်အောင် မနည်း ရှာကြံ လုပ်ကိုင် နေကြရသော ဈေးသည်များအားလည်း ပါးနားရိုက်နှက် ကန်ကျောက်သွားခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ပြည်သူတရပ်လုံး က မိမိတို့ အား အကြောင်းမဲ့ ရက်စက်စွာ ပြုကျင့်လာကြသူများကို “သူမသေလျှင် ငါ အသေ ခံပြီး တိုက်မည်” ဟု ခံယူလာကြစေရန် နေ့စဉ်နှင့်အမျှ စစ်ကောင်စီမှ ကူညီ မီးမောင်းထိုး သတိပေးလျှက် ရှိနေ သည်။ မင်းအောင်လှိုင်သည်လည်း ၎င်း၏ သစ္စာခံ တပ်များကို မည်သို့မျှ ထိန်းချုပ်ဝံ့ခြင်း မရှိတော့သဖြင့် သူတလူ ငါတမင်း ထင်ရာစိုင်းနေကြပြီ ဖြစ်သည်။

 

တရားရုံးများသည် ဥပဒေ ကို မျက်ကွယ် ပြုကာ လူလူချင်း မတရား ဖိနှိပ် အနိုင်ကျင့် အုပ်ချုပ်နေသော စစ် အာဏာသိမ်း အဖွဲ့၏ အသုံးချခံ ကိရိယာ တန်ဆာ ပလာအဖြစ် မြန်မာ သားကောင်း သမီးကောင်းများ အား ပျော်ပျော်ကြီး ထောင်သွင်း အကျဉ်းချနေသည့် အတွက် ဇွန်လ ၂၈ ရက်နေ့မှစပြီး “Justice Lady Mission” ဟု သီးသန့် ဖွဲ့စည်းလာသော အဖွဲ့က စတင် တိုက်ခိုက်လာခဲ့ကြသည်။

 

ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသော တရားရုံးများမှာ မရမ်းကုန်း၊ ဒဂုံ အရှေ့၊ တောင်ဥက္ကလာ နှင့် ရန်ကုန် အရှေ့ပိုင်း တရား ရုံးများ ဖြစ်သည်။ ပြည်သူများ ထိခိုက် မှု မရှိရေး အတွက် အချိန်ကို သေချာကျနစွာ စီစစ်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အဖွဲ့၏ ကြေညာချက်တွင် ပါရှိလာခဲ့သည်။

 

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆိုသည် NUG နှင့် PDF များအား လုံးဝချေမှုန်း နိုင်ရေးဟု ခံယူထားသည်ကို အထင် အရှား တွေ့မြင်နေရကြောင်း The Diplomat စာစောင်က ထောက်ပြလာခဲ့သည်။ အာဆီယံ ၏ လူသားချင်း စာနာထောက်ထားစွာ ပေးမည့် အကူအညီများသည်လည်း ၎င်းတို့မှတဆင့် ပေးဝေမည် ဖြစ်၍ မည်သူကမျှ လည်း အယုံအကြည် မရှိကြ၊ ပျူစောထီး တို့သာ ခွဲဝေယူကြဖို့ ရှိသည်ကို အားလုံးက သဘောပေါက်ပြီးလည်း ဖြစ် သည်။ အာဆီယံ အနေနှင့် မည်သူက ယူသည်ဖြစ်စေ ၎င်းတို့ အဖွဲ့မှ နိုင်ငံတကာ အလယ်တွင် လူမြင် ကောင်း အောင် တခုခု လုပ်ပြနိုင်ရန် အတွက် အရေးကြီးနေပေသည်။

 

နိုင်ငံတကာ နှင့် ကုလသမဂ္ဂ က ဂျီနိုဆိုက် စစ်ရာဇဝတ်ကောင်များ အဖြစ် သတ်မှတ်ထားပြီး ဖြစ်သူများ၏ ငြိမ်းချမ်းရေး စကားကို မည်သူက အယုံအကြည် ရှိကြပေမည်နည်း။

 

မြဝတီ ခရိုင် ဝေါလေ အရပ်ရှိ ဥကရစ်ထ စခန်း အား မျက်နှာကို ဓါးနှင့် လှီးခံနေရသော စစ်ကောင်စီ မှ MiG-29၊ MI-17 နှင့် YAK ဂျက်တိုက်လေယာဉ်များ နှင့် အကြိမ်ပေါင်း များစွာ ဗုံးကြဲတိုက်ခိုက်နေပြီး ရှက်ရမ်း ရမ်းနေပြီ ဖြစ်သည်။ အဆိုပါ တိုက်လေယာဉ်များထဲမှ တစီးသည် ထိုင်း လေကြောင်းပိုင်နက် ထဲသို့ ငါး ကီလို မီတာ ခန့်အထိ တိုးဝင်သွားသဖြင့် ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် နှစ်စီးက အလုအယက် ပျံတက်ကာ ကင်းလှည့် မောင်းထုတ်ခဲ့ရသည် အထိ ဖြစ်လာခဲ့သည်။ 

 

ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ ထိုဒေသတွင် နှစ်ပေါင်း ၃၀ နီးပါး နေထိုင်ခဲ့သော အသက် ၆၁ နှစ် အရွယ်ရှိ အမျိုးသမီးကြီးက ထိုသို့ လေယာဉ်များ သုံး၍ ဗုံးများ ကြဲချနေသည့် အဖြစ်ကို တခါဖူးမျှ မမြင်တွေ့ခဲ့ရဘူးဟု ဆိုသည်။

 

မိမိတို့ လေကြောင်းပိုင်နက် အား ကျူးကျော်မှု အဖြစ် ထိုင်းလေတပ်၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိလာပြီး ရန်ကုန်ရှိ ထိုင်း စစ်သံမှူး (လေ) သည် သက်ဆိုင်ရာ ကို သတိပေးပြီး ထိုသို့ ထပ်မံ မဖြစ်ပေါ်ရေး ကာကွယ်မှုများ ပြုလုပ်ပေးရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ ထိုင်း ဘုရင်တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ဦးဆောင်သည့် စစ်ဖက် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်သို့ ရောက်ရှိပြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးနေချိန်တွင် ယခုလို ဖြစ်ပွားခဲ့ ခြင်းလည်း ဖြစ်သည်။

 

နောက်ပိုင်းတွင် ထိုင်း လေတပ် စစ်ဦးစီးချုပ် မှ နေပြည်တော်ရှိ စစ်ကောင်စီ လေတပ် အကြီးအကဲ ကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာ တဖက်မှ နောက်နောင် မဖြစ်စေရ ဆိုကာ ဝန်ချ တောင်းပန်ခဲ့သည်ဟုလည်း သိရသည်။

 

ထိုင်း ပြည်သူများကတော့ မြန်မာဖက်တွင် ထိုသို့ တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေမှုများကို ပွဲကြည့် ပရိသတ် အဖြစ် ကြည့်ကောင်းကောင်း နှင့် တဖက်ကမ်းက အမြဲလို ထိုင်ကြည့်နေကြသည့် အဖြစ်မှာ တွေးကြည့်လျှင် ရှက်ဖို့လည်း ကောင်း၊ ရင်နာဖို့လည်း ကောင်းလှပေသည်။

 

ဥကရစ်ထ တိုက်ပွဲသည် တနိုင်ငံလုံးမှ အာရုံစိုက်လာနေပြီ ဖြစ်သည့် အတွက် စစ်တပ်အဖို့ အလွန်တရာ မှ ထိတ်လန့်စိုးရွံ့ကာ သွေးရူးသွေးတမ်း ဖြစ်လာနေပြီး ၎င်းလက်အောက်ခံ တပ်များ အတွက် စိတ်ဓါတ်မြှင့် စစ်ဆင်ရေး လုပ်ကာ ဖုံးနိုင်ဖိနိုင်မှ ဖြစ်မည်ဟု ယူဆလာကြသည်။

 

သို့သော် ငါးရက်မြောက်အဖြစ် ဆက်လက်ပြင်းထန်နေသော ဥကရစ်ထ တိုက်ပွဲသို့ စစ်ကူရောက်ရှိလာသော တပ်မ ၄၄ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဖက်မှ အကျအဆုံးများစွာ နှင့် ဒရုန်းများ၊ လက်နက်ခဲယမ်း များ လှူဒါန်းသွားခဲ့သည်ဟုလည်း သိရသည်။ 

 

စစ်ကောင်စီ တပ်များ အတွင်းတွင်လည်း တစထက်တစ ဝါးအစည်းပြေသကဲ့သို့ ပြိုကွဲလိုက်လာနေပြီး တနှစ်ခွဲ ကျော်လာပြီ ဖြစ်သော တော်လှန်ရေးကြီး အတွင်း နိုင်ငံတဝှမ်းရှိ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားများက နိုင်ငံအာဏာ ကို လက်နက် အားကိုးဖြင့် မတရား ရယူထားသော စစ်ကောင်စီ ကို တွန်းလှန် တိုက်ခိုက်နေ ကြရာတွင် စည်းလုံးသည်ထက် စည်းလုံးလာနေကြပြီ ဖြစ်သည်။ သို့သော် All quiet on western front ဟု ဆိုရလောက်အောင် အနောက်ဖက်ခြမ်းရှိ ရခိုင် တပ် တော်သည် ပါဝင် လာခဲ့ခြင်း မရှိသေးသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။

 

တကယ်တမ်းတွင် ရခိုင်တပ်တော်သည် ထိုသို့ ပါဝင်ရန် မလို၊ သေနတ်တချက် ပစ်ဖေါက်စရာ မလိုဘဲစစ်တွေမှ အပ ကျန် မြို့ပြ ကျေးလက် ဒေသများရှိ အုပ်ချုပ်ရေး ယန္တရားများကို သိမ်းယူထားနိုင်ခဲ့ပြီဟု သတင်းများက ဆိုသည်။

 

ထိုသို့ အောက်ခြေမှ စိတ်ဓါတ်များ ပျက်ပြားလာနေသော်လည်း မင်းအောင်လှိုင် နှင့် စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ခုခံ ကာကွယ်နေကြရသော ပြည်သူများအား တရကြမ်း သတ်ဖြတ် ဖြိုဖျက်နိုင်လျှင် တိုင်းပြည်ကို အာဏာရှင် အဖြစ် လုပ်ကြံ လီဆယ် ဖန်တီးမည့် ရွေး ကောက်ပွဲ ဆိုသည်ဖြင့် ဆက်လက် ထိန်းချုပ်နိုင်ဦးမည်ဟု ရွှေတပဲသား လည်ပင်းဆွဲထားရသော ပုတ်သင်မိုက် ကဲ့သို့ တွေးထင် ယူဆနေကြဆဲပင် ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ မိမိတို့အား တနေ့တခြား ကြီးမားသည်ထက် ကြီးမားစွာ ခြိမ်းချောက်လာနေသော စစ်ဝါဒီ များကို တိုင်းရင်းသား ပြည်သူ အားလုံး ကျောချင်းကပ် ရင်ခြင်းအပ်၍ စည်းလုံးစွာ တွန်းလှန်နိုင်မည် ဆိုလျှင် ရွှေပြည်ကြီး က ဝေးတော့မည် မဟုတ်ပေ။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

(ထိုင်း ဖက်ရှိ မူလတန်း ကျောင်း မှ ကလေးသူငယ်များ ဘေးကင်းလုံခြုံရာ အရပ်တွင် ပုန်းအောင်းနေကြပုံကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားခြင်း ဖြစ်သည်)