စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (29)

by Hla Soewai - Jul 01 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၈)

 

အမေရိကန် အဖို့ ရှေ့လျှောက် အပြစ်ဒဏ်ခတ် အရေးယူရမည်လော၊ အပြုသဘော ဆောင်သည့် ဆက်ဆံရေး မျိုး ကျင့်သုံးရမည်လော ဆိုသည်မှာ မြန်မာပြည်သူများ လက်ခံနိုင်သော ရွေးကောက်ပွဲမျိုး ဖြစ်လာ မလာ ကို စောင့်ကြည့်ဖို့ လိုအပ်လာသည်။ အိုဘားမား၏ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး နှင့် မြန်မာ အရေးတွင် အဓိက ကျသည့် လက်ထောက် တဦး ဖြစ်သူ ဘင် ရိုဒ်၊ အခြား မူဝါဒ ရေးဆွဲ ပေးရသူများ အားလုံးက ရွေး ကောက်ပွဲတွင် အပြစ်အနာ များ ရှိသည်ကို လက်ခံပေး၍ ရသော်လည်း အကြမ်းဖက်မှုများ၊ ဥပဒေ လက် တလုံးခြား လုပ်ပြီး ကလိန်ကကျစ် ကျမှုများ နှင့် ၁၉၉၀ ကဲ့သို့ ဖြစ်ပျက်လာမည်များကိုတော့ လက်မခံနိုင်ဟု ပြောဆိုလာကြသည်။

 

အိုဘာမား မြန်မာနိုင်ငံသို့ ၂၀၁၂ အတွင်း ရောက်ရှိခဲ့ပြီးနောက် မြန်မာအရေး နှင့် ပတ်သက်၍ အလုံးစုံ တာဝန် ပေးခြင်း ခံရသူ ဘင် ရိုဒ်သည် ၂၀၁၅ တွင် မြန်မာသို့ ရောက်လာခဲ့ပြီး အိမ်ဖြူတော်၏ သဘောထားကို အသိ ပေးခဲ့သည့်အပြင် နိုင်ငံရေး အခြေအနေ ကိုပါ လေ့လာဆန်းစစ်ခြင်း နှင့် ရိုဟင်ဂျာ ကိစ္စကိုပါ တွန်းအားပေး လာခဲ့သည်။ သူ၏ တိုတောင်းသော ခရီးစဉ်အတွင်း အမေရိကန် နှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရန် ရောက်ရှိနေကြသူများ၊ ရွေးကော် ဥက္ကဌ တင်အေး၊ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ လုံခြုံမှု ရှိရေး အဓိက တာဝန်ရှိသည့် ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး ဝန်ကြီးများ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါ တွေ့ဆုံနိုင်ခဲ့သည်။

 

ရိုဒ်က ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိရေး၊ အများ ယုံကြည်လက်ခံနိုင်မှု ရှိရေး များ ထပ်မံ ပြောဆိုခဲ့ပြီး နိုင်ငံရေး နယ်ပယ်သို့ ဘာသာရေး များ ဒွေးရောယှက်တင် ဖြစ်လာနေခြင်း နှင့် ရိုဟင်ဂျာ တို့ ၏ အခြေအနေ များကို ပါ တင်ပြ ဆွေးနွေးဖြစ်ခဲ့သည်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ရွေးကောက်ပွဲ အား လုပ်ထုံးလုပ်နည်းများ နှင့် အညီ ပြုလုပ်ပေးခဲ့သည်။ အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်း ဆုံးဖြတ်မှု ရှိသည်ဟု ထင်မြင်ချက် ထွက်ပေါ်လာ‌ရန် အရေးကြီးပုံကိုလည်း ရှင်းပြခဲ့သည်။ ပြဿာနာ ရှိခဲ့လျှင်ပင် စွမ်းဆောင်ရည်ပိုင်း အားနည်းခြင်းကြောင့်သာ ဖြစ်သင့်ပြီး တမင်တကာ ရည်ရွယ်ချက်နှင့် လုပ်သည်မျိုး မဖြစ်ရအောင် သတိထား ရန်လည်း ပြောခဲ့သည်။

 

အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော ကွန်ဂရက် ကြားနာပွဲတွင် အရှေ့အာရှ-ပစိဖိတ် ရေးရာ လက် ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒင်နီ ရပ်ဆဲလ်အား အိုဘာမား အစိုးရအနေဖြင့် ရွေးကောက်ပွဲ အပြီးတွင် မြန်မာနှင့် ပတ်သက်၍ မည်သည့် မူဝါဒ မျိုး ရေးဆွဲ အကောင်အထည် ဖေါ်သွားမည် ဆိုသည်ကို မေးခွန်းထုတ် ခဲ့ကြသည်။ ၎င်းက “အမေရိကန် အစိုးရအနေဖြင့် မြင်တွေ့ကြားသိသမျှ ကို အခြေခံ ပြီး ဆန်းစစ် သွားမည် ဖြစ်ကြောင်း၊ ပါဝင်သူတိုင်း လက်ခံနိုင်မည့် ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်ရေးသည် လွန်စွာ မှ အရေး ပါလှပြီး အသစ်ဖြစ်ပေါ်လာမည့် မြန်မာအစိုးရအား ပိတ်ဆို့မှုများ လျော့ချပေးမည်သာမက မိမိတို့ ပေးသွားမည့် အကူ အညီများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တခုလုံး အား ဂုဏ်သိက္ခာ ရှိရှိ ပြုလုပ်သွားမှု အပေါ် မူတည် နေမှာ ဖြစ်ကြောင်းနှင့် ထွက်ပေါ်လာ‌သော ရလဒ်နှင့် ဆောင်ရွက်ခဲ့မှုများသည် ၂၀၁၆ နှင့် နောက်ပိုင်းကာလ မြန်မာ အစိုးရနှင့် ထိတွေ့ဆက်ဆံသွားရေး ကို ရုပ်လုံးဖေါ်‌ပေးစေမည်ဖြစ်သည်” အစရှိသဖြင့် ဖြေကြားသွား ခဲ့သည်။

 

 *************

 

နိုဝင်ဘာလ၏ သမိုင်းတွင်မည့် နေ့တနေ့ တွင် ရှိနေနိုင်ရန် အတွက် မိမိသည် မြန်မာပြည် ခရီးကို စတင်ခဲ့သည်။ အပြောင်းအလဲများသည် တကယ်တမ်း အစစ်အမှန် ဟုတ်မဟုတ် မျက်မြင်ကိုယ်တွေ့ လေလာ သိရှိနိုင်ရန် အတွက်လည်း ဖြစ်သည်။ နိုင်ငံအတွင်းတွင်တော့ စိတ်လှုပ်ရှားမှုများ၊ စိုးရိမ်ထိတ်လန့်နေမှုများ ကို တွေ့လာ ရသည်။ ကျမလည်း ကျမ မိတ်ဆွေ နှင့် သူမ၏ ခင်ပွန်းတို့ အိမ်တွင် တည်းခိုရန် ဆုံးဖြတ်ခဲ့သည်။ ကျမ အဖို့ အော‌င်ပွဲ ခံစရာ ရှိက အတူတကွ ပါဝင် ဆင်နွှဲနိုင်ရန် အတွက်ဖြစ်သည်။ အကယ်၍ အခြေအနေများ ရှုပ်ထွေးလာခဲ့လျှင်လည်း တည်းခိုရာ နေရာမှ အမြန်ဆုံး ထွက်ခွာဖို့ ဖြစ်လာလျှင် ကားတစီး ဖြင့် ကူညီပေး နိုင်မည့် လူများ နှင့် အတူ ရှိနေရန် အတွက်လည်း ဖြစ်သည်။

 

မဲရုံများသည် နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီတိတိ တွင် စတင် ဖွင့်လှစ်ခဲ့သည်။ မဲဆန္ဒရှင်များက ထိုမတိုင်မီ နာရီပေါင်းများစွာကတည်းက တန်းစီ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ သူတို့ အဖို့က ၁၉၉၀ နောက်ပိုင်း မိမိတို့ ဆန္ဒအတိုင်း အမှန်တကယ် ထွက်ပေါ်လာမည့် အရေး အတွက် အဆင်သင့် ဖြစ်နေကြပေပြီ။

 

ကျမသည် တနေကုန် International Republican Institute (IRI) မှ ဂျို့ရှ် ဟေးလ် နောက်မှ တကောက် ကောက် လိုက်ကာ လျှောက်ကြည့်နေခဲ့သည်။ သူသည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် တာဝန်ရှိသူ ဖြစ်ပြီး သူ၏ကားတွင်လည်း နေရာလွတ် တခုက အဆင်သင့် ရှိနေခဲ့သည်။

 

ပြည်တွင်း မှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည်သူ ၁၂,၀၀၀ ကျော်၊ ပြည်ပ အဖွဲ့အစည်းများ မှ လေ့လာ စောင့် ကြည့်ရန် အသိအမှတ်ပြု ခံရသူ ၁,၀၀၀ ကျော်၊ နိုင်ငံရေး ပါတီများမှ စေလွှတ်ထားသော ထောင်ပေါင်း များစွာ‌ ကိုယ်စားလှယ်များက နိုင်ငံအနှံ့ ရှိ မဲရုံများကို စောင့်ကြည်‌နေခဲ့ကြသည်။ အများစုသည် စစ်တပ် ဝန်းထဲရှိ မဲရုံ များပါမကျန် အတားအဆီး မရှိ ဝင်ခွင့်ရခဲ့ကြသည်။

 

မိမိတို့လည်း မဲရုံ အတော်များများကို ရောက်ဖြစ်ခဲ့သည်။ မိမိအဖို့က အသိအမှတ်ပြု ခန့်အပ်လွှာ မရှိ၍ မဲရုံထဲ ဝင်ခွင့် မရခဲ့သော်လည်း မဲဆန္ဒရှင်စာရင်း၊ ညွှန်ကြားလွှာများ၊ မဲပြားပါ အမည်များ ဖတ်ရန် အခက်အခဲ ရှိသူများ အတွက် သရုပ်ဖေါ် ပုံများ ကို မြင်ခဲ့ရသည်။ ရွေးကော်မှ စေလွှတ်ထားသော ဗော်လန်တီယာများက အကူ အညီများ ပေးခဲ့ကြသည်။ နောက်တကြိမ် မဲလာမထည့် နိုင်ရန် လက်သန်းအား ဖျက်၍ မရသော မှင်ဖြင့် သုတ် ပေးသည်ကိုလည်း တွေ့ခဲ့ရသည်။

 

ဂျို့ရှ် နှင့် မိမိသည် မြန်မာ IRI မှ လုပ်ဖေါ်ကိုင်ဖက်တဦး မဲထည့်ရမည့် မဲရုံသို့ ကားနှင့် မောင်းထွက်လာခဲ့ ကြသည်။ မဲရုံရှေ့တွင် သူလည်း အခြားသူများ နှင့် အတူ ဝင်တန်းစီခဲ့ပြီး အခြေအနေများနှင့် စပ်လျဥ်းပြီး စကားစမြည် ပြောရင်း တီးခေါက် စုံစမ်းခဲ့သည်။ မဲရုံ အများစုသည် စာသင်ကျောင်းများ တွင် ဖွင့်လှစ်ထား ကြသဖြင့် မဲရုံကြီးကြပ်သူများသည် ဆရာ ဆရာမ အများစု ဖြစ်နေသည်။ လူတိုင်းက ငယ်ငယ်ကလို ဆရာ ဆရာမ များ၏ အအော်အငေါက်ခံရပါက နောက်တွန့်သွားတတ်ကြစမြဲ ဖြစ်၍ စစ်ဖက် နှင့် ရဲဖက်က ဝန်ထမ်း များထက် ပို၍ ထိရောက်မှု ရှိသည်။ တကယ်လည်း ထိုသို့ ဆူပူ ဗရုတ်ကျချင်သူ အနည်းငယ် ရှိနေပြီး ဆရာ ဆရာမများ၊ မဲရုံ အကြီးအကဲများက တိတ်တိတ်နေရန် နှင့် မဲရုံကို လေးစားမှု ရှိရန် အော်ငေါက် ပြောဆို မှုများ တွေ့ခဲ့ရသည်။ ထိုအခါတွင်တော့ မိမိအပါအဝင် အားလုံးက ချက်ချင်းလို ငြိမ်ကုပ်သွားခဲ့သည်။

 

မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်သည့် ခရိုင်အတွင်းရှိ မဲရုံသို့ လည်း ရောက်ခဲ့ကြရာ သတင်းသမားများ၊ မဲထည့်ရန် ရောက်လာသူများ၊ မဲထည့်ရန် လာမည့် သူမအား မြင်ဖူးတွေ့ဖူးရန် လာပြီး စောင့်ကြည့်သူများ နှင့် ရှုပ်ရှက်ခတ်နေသည်။ သူမ အား ဓါတ်ပုံ ရိုက်ခွင့်ရရန် အချင်းချင်း တွန်းထိုးကြရင်း အလဲလဲ အပြိုပြို နှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ဤသည်ကပင် ထိုနေ့အတွက် ထွက်ပေါ်လာသော “အကြမ်းဖက်မှု” ဟု ခေါင်းစဉ်တပ်၍ ရခဲ့သည့် သတင်းပင် ဖြစ်ပေတော့သည်။