ဘိုင်ဒင်-ဟာရစ် ပြဿနာ

by Hla Soewai - Jul 01 2022

ယခုအခါ ဒီမိုကရက် ပါတီ အဖို့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ဂျိုး ဘိုင်ဒင် နှင့် ဒုသမ္မတ ကင်မလာ ဟာရစ် တို့ထက် ပို၍ ကောင်းမွန်သည့် သမ္မတလောင်းကို ရှာဖွေနိုင်မှသာလျှင် နိုင်ဖွယ် ရှိတော့သည် ဆိုသည်ကို ရိပ်စားမိလာကြပြီဖြစ်သည်။

 

အောက်လွှတ်တော် ဇန်နဝါရီ ၆ ကော်မတီမှ ၂၀၂၀ ရွေးကောက်ပွဲ အား ဒေါ်နယ်ထရန့် မှ ကလိန်ကျရန် ကြံစည်ခဲ့မှု ၏ ထိတ်လန့်ဖွယ်ရာ အတွင်းရေးများကို ယခုထိ လူသိရှင်ကြား မထုတ်ပြန်ရသေးသော်လည်း ရီပတ်ဘလီကင်များကမူ အမေရိကန် ဒီမိုကရေစီ အား လူထု အယုံအကြည် မဲ့လာအောင် နှစ်ဆတိုး၍ တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

နယူးမက္ကဆီကို ပြည်နယ် အိုရီးတို ကျေးလက် စီရင်စု တွင် ပြုလုပ်သော ရွေးကောက်ပွဲတခုအား မဲရေတွက်သည့် စက်ကို မယုံကြည်ဟု ဆိုကာ ကွန်ဆာဗေးတစ်များက အတည်ပြုပေးရန် ငြင်းဆန်နေကြသဖြင့် ပြည်နယ်တရားလွှတ်တော်ချုပ်က အမိန့်ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးသည် ထရန့်၏ လျို့ဝှက်ပူးပေါင်း ကြံစည်နေကြခြင်း ဆိုသည့် အလိမ်အညာ စကားများကို ယုံကြည်နေကြ၍လည်း ဖြစ်သည်။

 

နီဗာဒါး ပြည်နယ်တွင်လည်း လာမည့်ရွေးကောက်ပွဲတွင် ဂျိုး ဘိုင်ဒင် အနိုင်ရပါက ရလဒ်ကို အတည်ပြုပေးမည် မဟုတ်ဟု ကြွေးကြော်နေသူအား ရီပတ်ဘလီကင်များက ရွေးကောက်ပွဲ ရလဒ် အတည်ပြုပေးရမည့် ရာထူး အတွက် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

 

ဇွန်လ ၁၉ ရက်နေ့တွင်လည်း တက္ကဆပ် ပြည်နယ် လွှတ်တော်ရှိ ရီပတ်ဘလီကင်ပါတီမှ ထရန့်သည်သာ အစစ်အမှန် သမ္မတ ဖြစ်ကြောင်း၊ ဂျိုး ဘိုင်ဒင်သည် အတုအယောင် သမ္မတ ဟု တရားဝင် ကြေညာပြီး ၁၉၆၅ ခုနှစ်က တောင်ပိုင်းရှိ လူမည်းများကို မဲပေးခွင့် ပြုလာခဲ့သည့် မဲပေးပိုင်ခွင့် အက်ဥပဒေ ကို ဖျက်သိမ်းပစ်မည်ဟု ကြွေးကြော်လာခဲ့ကြပြန်သည်။

 

ထရန့်သည်လည်း ၎င်းအပေါ် ကြားနာစစ်ဆေးမှုကြောင့် ဒေါသတကြီး ဖြစ်လာနေပြီး ၂၀၂၄ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရက်သတ္တပတ် အနည်းငယ် အတွင်း ကြေညာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

 

ထိုသို့သော အနေအထားများကို ရင်ဆိုင်လာနေရသော ဒီမိုကရက်များက ၂၀၂၄ တွင် အိမ်ဖြူတော်ကို မဖြစ်မနေ ဆက်လက်သိမ်းပိုက်ထားမှ ဖြစ်တော့မည်ဟု ခံယူလာခဲ့ကြပြီ ဖြစ်သည်။ ယင်းနှင့်အတူ လက်ရှိ ၎င်းတို့၏ သမ္မတ နှင့် ဖြစ်မှ ဖြစ်ပါ့မလားဟု သောက ပွားလာကြသည်။

 

ယခုအခါတွင် ဘိုင်ဒင်သည် ထရန့်ထက်ပင် လူကြိုက်များမှု လျော့နည်းလာနေသည်၊ စစ်တမ်းများအရမဲဆန္ဒရှင် ၃၉% ကသာ သူ့အား လိုလားကြသည်ကို သိရှိလာခဲ့ကြ၍ ပြန်အရွေးခံနိုင်ဖွယ် ရှိသည့် အလားအလာ နည်းပါးနေပြီ ဖြစ်သည်။

 

ဘိုင်ဒင်သည် ကံမကောင်း အကြောင်းမလှစွာဖြင့် မြင့်တက်လာနေသော ငွေကြေး ဖေါင်းပွမှုနှုန်း၊ အမြစ်တွယ်နေဆဲဖြစ်သော ကိုဗစ် ကူးစက်ရောဂါ နှင့် ပြင်းထန်လှသော ‌ရီပတ်ဘလီကင်တို့၏ ဒေါသမုန်တိုင်း များ အစရှိသည့် လူမှု စီးပွားရေး နှင့် နိုင်ငံရေး ပယောဂများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အခြေအနေများက ဆိုးသည်ထက် ဆိုးလာဖို့သာ ရှိနေသည်။

 

‌ငွေကြေး ဖေါင်းပွမှုကို ကာကွယ်ရန် အတိုးနှုန်းများ တိုးမြှင့်ခဲ့ရမှုကြောင့် နောက်နှစ်ထဲတွင် စီးပွားရေး တုန့်နှေးလာမှု နှင့် အတူ အလုပ်လက်မဲ့ နှုန်းထားများ မြင့်တက်လာဖွယ် ရှိနေသည်။ ထိုအချိန်ရောက်လျှင် သက်တမ်းလယ် အထက်/အောက်လွှတ်တော်ရွေးကောက်ပွဲဖြင့် ရီပတ်ဘလီကင်များက အောက်လွှတ်တော်ကို ချုပ်ကိုင်လာနိုင်ဖို့ ကြိမ်းသေသလောက် ဖြစ်နေသည်။

 

ထိုအခါတွင်တော့ အသက် ရှစ်ဆယ်ထဲ ရောက်လာပြီ ဖြစ်သော ဘိုင်ဒင်၏ ခေါင်း ဆင်နင်းခံရဖို့သာ ရှိတော့သည်။ သားဖြစ်သူ ဟန်တား ဘိုင်ဒင် နှင့် စပ်လျှင်းပြီး ဂျိုး ဘိုင်ဒင်အား တရားစွဲဆိုနိုင်ရန် သေချာပေါက် လုံးပမ်းလာကြပေတော့မည်။ ဟန်တား၏ ကိုယ်ကျင့် သိက္ခာမဲ့စွာ သောက်စားပျော်ပါးနေမှုများ၊ အစိုးရအား လော်ဘီ လုပ်နေမှုများက ကက်ပီတို အဆောက်အအုံကို ဝင်ရောက် စီးနင်းမှုထက်ပင် ဆိုးဝါးလှသည်ဟု ရီပတ်ဘလီကင်များက ယုံကြည်နေကြသည်။

 

ထိုသို့ ဖြစ်လာမည့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် အတွက် နိုင်ငံရေး ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်မည့်လူ လိုအပ်လာနေသည်။ ဘိုင်ဒင်သည် အသက်ရလာသည် နှင့် အမျှ နှေးကွေးလာနေသည်။ သို့သော် လက်ယာယိမ်း သတင်းဝေဖန်ရေးသမားများ ပြောသလို ပါးစပ်မှ တံတွေးများ စီးကျနေပြီး မေ့မေ့လျော့လျော့ ဖြစ်လာနေသည်က မဟုတ်ကြောင်း သူနှင့် အမြဲလို မူဝါဒ ရေးရာများ ဆွေးနွေးနေသူများက ငြင်း‌ဆိုခဲ့ကြသည်။ ဘိုင်ဒင်သည် အမြဲလို နိုးနိုးကြားကြားရှိပြီး တင်ပြသမျှ ကို‌ ကောင်းစွာ ခံယူနိုင်စွမ်း ရှိသူ ဟု ပြောခဲ့ကြသည်။

 

သို့သော် သူ့တွင် အင်နှင့်အားနှင့် တွန်းတွန်းတိုက်တိုက် လုပ်နိုင်စွမ်း မရှိသဖြင့် အစိုးရ အဖွဲ့သည် ခြေလှမ်း လွဲချော်မှုများ ရှိလာခဲ့ရခြင်းပင် ဖြစ်သည်။ ဆီးနိတ်တွင် ဒီမိုကရက်များသည် လူများစု အသာရယုံလေး အနေအထား သာ ရှိနေသည့်ကြားမှ ဟိုဥပ‌ဒေ ပြဌာန်းမည်၊ ဒီဥပဒေ ပြဌာန်းမည် ဟု ကြွေးကြော်နေသော်လည်း ‌လက်တွေ့တွင် ပြောသလောက် ဖြစ်မလာခဲ့ပေ။

 

ဘိုင်ဒင်သည် လူကြားထဲ ပြောဆိုမှုများသည်လည်း အမှားများ ပါဝင်လာသည့်အပြင် မကြာခဏ ကြိုးစားပမ်းစား ပြောနေရသည်ကို တွေ့လာရသည်။ သတင်းထောက်များ၏ ကောက်ကာငင်ကာ မေးလာသည်များကို ပြန်ဖြေဆိုသည်ကို မတွေ့ရသလောက် ဖြစ်လာပြီး ကြိုတင် ပြင်ဆင်ပေးထားသည်များကိုပင် ပြောနိုင်ဖို့ အတော် ကြိုးစားခဲ့ရသည်။

 

ပြီးခဲ့သည့် အပတ် အတွင်း စက်ဘီးပေါ်မှ လဲကျသွားခဲ့မှုကိုပင် တရက်မျှသာ သတင်းများတွင် တွေ့ လာခဲ့ရသည်ကပင် သူ၏ သတင်း သည် ခွေးက လူကို ကိုက်သည့် သတင်းမျိုး ဖြစ်လာနေသဖြင့် အတော်ဆိုးဝါးနေသည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။ ဒီမိုကရက် တဦးတလေကမျှ နောက်ထပ် သမ္မတ ရွေးကောက်ပွဲ ကို ဘိုင်ဒင် ဝင်ရောက်ယှဉ်ပြိုင်မည်ကို မနှစ်မမြို့ ဖြစ်လာကြသည်။

 

သို့သော် ထရန့် ပြိုင်မည် ဆိုလျှင်တော့ ဘိုင်ဒင်က ထပ်ပြိုင်ဖို့ ပြင်ဆင်နေသည်ဟု သူ၏ လက်ထောက်များက ဆိုသည်။ ထရန့်၏ ဒုတိယ သက်တမ်းသည် သူ့အတွက် ဂြိုလ်ဝင်လာတော့မည်ကို တွက်ဆခဲ့မှုသည်လည်း မှားသည်ဟု ပြော၍မရပေ။ သို့သော် သူ့ကြောင့် ပါတီအတွက် အကျိုးယုတ်စရာ ရှိသည်ဟု ထင်ခဲ့ပြီး မပြိုင်ဟု ဆိုပြန်လည်း ဒီမိုကရက်များအတွက် နောက်ထပ် အတားအဆီးတခု ရှိနေပြန်သည်။

 

ဘိုင်ဒင် ဘေးထွက်ပေးမည်ဆိုလျှင် ဒုသမ္မတ ကမ်မလာ ဟားရစ်အား သမ္မတလောင်း အဖြစ် ရွေးချယ်ရတော့မည့် အရေးပင် ဖြစ်သည်။ သူမသည် ထရမ့် သို့မဟုတ် သူ့လို လူမျိုးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု အားလုံးက ယုံကြည်နေကြသည်။ နိုင်ငံရေး တွင် ကျွမ်းကျင်မှု မရှိသေးသည့် အပြင် အခြားသော အခြေခံ အကြောင်းအရာများလည်း အတော်ကို လိုအပ်လျက် ရှိနေဆဲ ဖြစ်သည်။

 

အမေရိကန် တို့သည် ၂၀၁၆ တွင် အမျိုးသမီးတဦးအား သမ္မတ အဖြစ် လက်ခံဖို့ အဆင်သင့် မဖြစ်သေးလျှင် ယခုအချိန် လူမည်း အမျိုးသမီးတဦးအား သမ္မတ အဖြစ် ရွေးချယ်လာဖို့က ဖြစ်နိုင်ဖွယ် မရှိပေ။ ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလများတွင် ဘိုင်ဒင်သည် သူမထက် အပုံကြီး အစွမ်းပြနိုင်ခဲ့သည်။

 

ထို့အတွက် လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်များက သူတို့ နှစ်ဦးအား ဖယ်ထုတ်၍ ဖြစ်နိုင်ပါမည်လောဟု မေးစရာ ရှိလာသည်။ သမာယိုးကျ ဆိုက မဖြစ်နိုင်ဟု ဆိုရမည်သာ ဖြစ်သည်။ အစဉ်အလာအရ ဒုသမ္မတ ကိုသာ ရွေးချယ်ရမည်၊ သို့မဟုတ်က ပါတီတွင်း အကွဲအပြဲများ ရှိလာနေသည်ဟု စွပ်စွဲပြောဆိုမှုများကို ချေပရဖို့ ဖြစ်လာပေမည်။ ထို့အပြင် လူမည်း အမျိုးသမီးတယောက်ကို ဖယ်ထုတ်ပစ်မည်ဆိုက လူမျိုးရေး အသွင် ဆောင်သွားနိုင်ပြီးအကြီးအကျယ် စိန်ခေါ်မှု ဖြစ်သွားနိုင်သည်။ ဘိုင်ဒင် ကို မပြိုင်ခိုင်းပဲ မစ္စက် ဟာရစ်ကို ပရိုင်မာရီ တွင် ပွဲထုတ် စမ်းသပ်ကြည့်ဖို့ တီးတိုးပြောဆိုမှုများ ရှိနေသည်ဟု နယူးယောက်တိုင်း သတင်းစာတွင် ပါရှိလာသည်။

 

သို့သော် လူမည်း မဲဆန္ဒရှင်များက သူမနောက်တွင် အခိုင်အမာ ရပ်တည်ပေးမည့် အလားအလာများလည်း ယခုထိ မတွေ့ရသေးပေ။ လူမည်းများက များသော အားဖြင့် သဘောထား အလယ်အလတ် ရှိသည့် လူဖြူသမ္မတကိုသာ ထောက်ခံလိုကြဟန် ရှိသည်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် တွေ့မြင်ခဲ့ကြရပြီးလည်း ဖြစ်သည်။

 

ဒီမိုကရက် ပါတီ အတွင်းရှိ လက်ဝဲ သမားများကိုလည်း မေ့ထား၍ မဖြစ် ပေ။ ထိုအထဲတွင် ဘိုင်ဒင်ထက် တနှစ် ပို ကြီးပြီး အမြဲလို တက်ကြွနေသည့် ဘာနီ ဆန်ဒါး၊ ရို ခန်နာ တို့ ရှိနေပေသေးသည်။ ထို့ပြင် အလယ်-လက်ဝဲ အယူအဆရှိသည့် အေမီ ကလိုဘူချာ၊ ကိုရီ ဘုတ်ကာ နှင့် ပိ ဘူတယ်ဂျက် တို့လည်း ဝင်လာကြဖို့ ရှိနေသည်။ သို့ဆို့က လက်ဝဲသမားများ ပထမဆုံးအကြိမ် ပါတီ အတွက် ကောင်းကျိုးများ သယ်ဆောင်ပေးလာခြင်းဟု ပြော၍ရပေသည်။

 

(ဇွန်လ ၂၃ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "The Biden-Harris problem" မှ ကောက်နှုတ်တင်ပြသည်။)