ပြည်သူများ၏ စီးပွားရေး နှင့် နိုင်ငံရေး အခွင့်အလမ်းများကို ကာလကြာမြင့်စွာကပင် ချိုးဖောက် ဖျက်ဆီးနေသည့် အာဏာရှင်တဦးအား ဆန္ဒပြ ကန့်ကွက်မှုများ နှင့် စတင်ခဲ့သော မက္ကဆီကန် တော်လှန်ရေးသည် အထွတ်အထိပ် သို့ ရောက်လာခဲ့ပြီဟု ဆို၍ ရသော်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုများ ဆက်လက် နေရာယူလာပြီး ပြည်တွင်းစစ်၏ အပျက်အစီးများကို ပြန်လည် ထူ ထောင်ရမည့် အချိန်ကို ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
၁၉၁၇ မေလ တွင် ကာရင်ဇာသည် သမ္မတရာထူးကို တရားဝင် ထမ်းဆောင်လာသော အချိန်တွင် ဘဏ္ဍာတိုက်ထဲ၌ တပြားတချပ်မှ မကျန်တော့သည့်အပြင် အလုပ်အကိုင်များလည်း ရှားပါးနေသည်။ နေရာ အနှံ့ တွင် ပြည်သူများ စားရမဲ့ သောက်ရမဲ့ အနေအထား နှင့် ရပ်တည်နေကြရပြန်သည်။ ရောဂါဘယများလည်း ထူပြောနေပြီး ဒေသအတော်များများတွင် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက် မှုများ ရှိနေဆဲ ဖြစ်သည်။
ထို့သို့ လူမှုရေး အရ ငြိမ်းချမ်းမှု မရှိသည့်အပြင် စစ်တပ်ဟူ၍လည်း မရှိသည့် အတွက် နိုင်ငံတကာနှင့် မက္ကဆီကန် ပြည်သူများကပါ တော်လှန်ရေးကြီး ပြီးဆုံးသွားပြီဟု ယူဆခဲ့သူ တဦးတလေမျှပင် မရှိ သည်မှာ အဆန်းတကြယ်တော့ မဟုတ်။ ကာရင်ဇာသည် တော်လှန်ရေးကို လက်ရှိ အနေအထား အထိ ရောက်အောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သော်လည်း အစိုးရ တရပ်အဖြစ် ရပ်တည်နိုင်စွမ်း မရှိ ဖြစ်နေ သည်ဟု သမိုင်းပညာရှင်များက မှတ်ချက်ချခဲ့ကြသည်။
ဇပါတာက တောင်ပိုင်းတွင် အစိုးရ အပေါ် ဆန့်ကျင်ရန် မီးထိုးပေးနေဆဲ ဖြစ်ပြီး ပန်ချို ဗီလာသည် မြောက်ပိုင်းတွင် ထင်တိုင်းကြဲ အုပ်ချုပ်လျှက် ရှိနေသည်။ ကာရင်ဇာမှာ နိုင်ငံတွင်းရှိ စက်မှု လုပ်ငန်း ရှင်ကြီးများ၊ မြေပိုင်ရှင်ကြီးများ စိတ်ငြိုငြင်မည့် ကိစ္စများကို လုပ်၍ မဖြစ်ဆိုသည်ကိုလည်း သဘော ပေါက်ထားပြန်သည်။ ၎င်းတို့သည် နိုင်ငံရေးရာများတွင် အပေါ်စီးမှ နေရာရယူထားကြသူများ ဖြစ် နေသည့်အပြင် ဘုရားကျောင်းများ၏ ထောက်ခံမှုကို ရရှိထားကြသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ကွက်ကျားမိုး လို ရေးဆွဲ အတည်ပြုခဲ့ရခြင်းလည်း ဖြစ်သည်။ ကာရင်ဇာသည် သူ၏ နိုင်ငံရေး ပြိုင်ဖက်များကို ရှင်းလင်းနိုင်ဖို့ကိုသာ အာရုံစိုက်လာခဲ့တော့သည်။
အထူးသဖြင့် လူကြိုက်များလာသော ဇပါတာ ကို အဓိက ရှင်းလင်းရဖို့ ဖြစ်လာသည်။ ၁၉၁၉ ဧပြီလ တွင် ဇပါတာသည် ကာရင်ဇာ ၏ ထောင်ချောက်ထဲသို့ တိုးဝင်လာခဲ့တော့သည်။ ဇပါတာထံသို့ ခိုလှုံရန် သဘောတူထားသည့် ကာရင်ဇာ၏ တပ်မှ ဗိုလ်မှူးကြီး တဦးအား လက်ခံတွေ့ဆုံရန် သဘောတူခဲ့သည်။ ဇပါတာအား နှစ်ပေါက်တပေါက် ရိုက်ကာ ချုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည်။
နောက်ပိုင်း တနှစ်အကြာတွင်တော့ ကာရင်ဇာသည်လည်း ဇပါတာကဲ့သို့ ကြမ္မာဆိုး ကြုံလာရပေတော့ သည်။ ကာရင်ဇာသည် သူ၏ သက်တမ်း ကုန်ဆုံးသွားပြီးနောက်တွင် သူ့နေရာ ဆက်ခံရန် စိတ်တော်သိ ဗောင်းတော်ငြိမ့် တယောက်ကို သမ္မတ အဖြစ် တင်မြှောက်၍ နောက်ကွယ်မှ ကြိုး ကိုင်ချယ်လှယ်ရန် ကြံစည်လာခဲ့သည်။ ထိုသို့ ကြံစည်လာမှုကို သူ၏ စစ်တပ်မှ ဗိုလ်ချုပ်ကြီး အယ်ဗာရို အော်ဘရီဂွန်က ရိပ်စားမိလာသည်။ အော်ဘရီဂွန်သည် လည်း ကာရင်ဇာအား သစ္စာခံခဲ့သူ ပီပီ သူသာ လျှင် သမ္မတ ရာထူး ရထိုက်သူဟု မျှော်မှန်းနေသူ ဖြစ်သည်။
အော်ဘရီဂွန်သည် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မဲဆွယ်လာခဲ့သည်။ ကာရင်ဇာ သည် အော်ဘရီဂွန် အနိုင်ရတော့မည်ကို ရိပ်စားမိလာသဖြင့် အစိုးရအား ဖြုတ်ချရန် ကြံစည်သည်ဟု လုပ်ကြံစွပ်စွဲကာ ဖမ်းဆီးလိုက်သည်။ အော်ဘရီဂွန်မှာ လွတ်မြောက်သွားခဲ့ပြီး စစ်တပ်သည် သူ့ နောက်မှ ရပ်တည်လာခဲ့သည်။
ကာရင်ဇာသည် အစိုးရ တဖွဲ့လုံးကို တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော ဗီရာကရုဇ် သို့ ပြောင်းရွှေ့လာ ခဲ့ပြီး သူကိုယ်တိုင်လည်း တောင်တန်းများ ရှိရာသို့ ထွက်ပြေးခဲ့သည်။ သူ၏ သစ္စာခံ သူများအား ရွှေဒင်္ဂါးပြား များကို အိတ်နှင့် ထည့်ကာ ပေးခဲ့၍ မသယ်နိုင်လောက်ပင် ဖြစ်ခဲ့ရသည်။
ကာရင်ဇာသည် အော်ဘရီဂွန် ဖက်မှ လွှတ်ထားသော သူလျှိုတဦးကို ယုံစားကာ လမ်းပြအဖြစ် သုံးခဲ့ မိသော အမှားကြောင့် စခန်းချသည့် တဲ ထဲတွင် ပစ်သတ်ခံခဲ့ရသည်။
ကာရင်ဇာ အသတ်ခံရပြီး လေးလ အကြာ ၁၉၂၀ မေလ ၂၁ ရက်တွင် အော်ဘရီဂွန်သည် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။
သမ္မတ ဖြစ်လာသော အော်ဘရီဂွန်သည် “ကျုပ်တို့ကြောင့် တဝက်တပျက် ပျက်စီးနေတဲ့ နိုင်ငံကို ကျုပ်တို့ဖာသာ ပြန်လည် တည်ဆောက်နိုင်စွမ်း ရှိတယ်ဆိုတာ ကမ္ဘာကို သိအောင် ပြရမယ်၊ ဒါမှ မဟုတ်ရင်တော့ ကျုပ်တို့က ဖျက်ဆီးပြစ်ဖို့ သက်သက်သာ လုပ်နိုင်ပြီး နိုင်ငံရဲ့ အနာဂတ်ကို ပြန်ပြီး မထူထောင်နိုင်သူတွေ အဖြစ် ကမ္ဘာကို သက်သေပြလိုက်သလို ဖြစ်သွားမယ်” ဟု ကြိမ်းဝါးလာခဲ့သည်။
သမိုင်း ပညာရှင်များ အဖို့လည်း မက္ကဆီကန် တော်လှန်ရေး၏ ရည်ရွယ်ချက်၊ အောင်မြင်မှုများ၊ ရက်စက်ကြမ်းကြုပ်မှုများနှင့် စပ်လျှင်း၍ ဇဝေဇဝါ ဖြစ်လာခဲ့ကြသည်။ နိုင်ငံသည် ဆက်လက်ပြီး မတည်မငြိမ် ဖြစ်လာနေမှုများ၊ အချို့ အပိုင်းများတွင် တော်လှန်ရေး ပြီးဆုံးသွားပြီ ဟု မပြောနိုင် သေးသည့် အကြောင်းများ တွေ့လာရ၍ မက္ကဆီကို တော်လှန်ရေးသည် တကယ်တမ်းတွင် ၁၉၂၀မှာ ပြီးဆုံးသွားခဲ့ပြီဟု ပြော၍ မရဘဲ ၁၉၃၄ သို့မဟုတ် ၁၉၄၀ မှသာ ပြီးဆုံးခဲ့သည်ဟု ငြင်းချက် ထုတ်လာ ခဲ့ကြသည်။
၁၉၂၀ နောက်ပိုင်း ဆယ်စုနှစ် တခုလုံးကို နိုင်ငံရေး ကသောင်းကနင်း ဖြစ်မှုများထက် ပြန်လည် တည် ဆောက်ရေး ကာလ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကက်သိုလစ် ဘုရားကျောင်း အား ထောက်ခံသူ များက ဘာသာရေး ကို ဘေးဖယ်ထားမည့် အုပ်ချုပ်ရေးမျိုး လက်မခံဟု သတိပေးလာကြပြန်သည်။ မြောက်ပိုင်းရှိ ဆိုနိုရာ ပြည်နယ်တွင်လည်း လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံ ရေး ဖက်တွင် မတည်မငြိမ် ဖြစ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သတ်မှတ်ခဲ့ကြသည်။
၁၉၂၈ တွင် မက္ကဆီကို စီးပွားရေးသည် သိသိသာသာ ပြိုလဲကျဆင်းလာခဲ့သည်။ ယင်းမတိုင်မီ တနှစ် ဖြစ်သော ၁၉၂၇ ၌ လက်ရှိ သမ္မတ ရာထူးမှ အနားယူခဲ့ပြီး ဖြစ်သော အော်ဘရီဂွန်သည် နောက်တကြိမ် ထပ်မံ အရွေးခံရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ လုပ်နိုင်အောင်လည်း အရင်ဦးဆုံး သူ၏ နိုင်ငံရေး ပြိုင်ဖက် နှစ်ဦး အား ရှင်းလင်းရန် မရှိမဖြစ် လိုအပ်လာရုံမက ပြန်လည် အရွေးခံခွင့်ရရန် သူလုပ်သမျှ ခေါင်းငြိမ့်နေရသည့် လွှတ်တော်ကလည်း ဖွဲ့စည်းပုံအား ပြန်လည် ပြင်ဆင်ပေးရဖို့ ဖြစ်လာသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲတွင် အော်ဘရီဂွန် သည် အနိုင်ရရှိခဲ့သော်လည်း သမ္မတ အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုမီ ကလေးတွင် မကျေမနပ် ဖြစ် နေသော ကက်သိုလစ် ဘာသာဝင် တဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယင်းနှင့် အတူ နိုင်ငံသည် ဖရိုဖရဲ ဖြစ်ကာ ချောက်ထဲ ကျလုဆဲဆဲ အနေအထားသို့ ရောက်သွားခဲ့ ရသည်။ ရာထူးမှ နှုတ်ထွက်ပေးရတော့မည့် သမ္မတ ပလူတာကို အီလီယပ်စ် ကိုင်ယက်စ် က နိုင်ငံကို “လူတဦးတယောက်၏ နိုင်ငံ” အဖြစ်မှ “ဥပဒေ နှင့် အညီ အုပ်ချုပ်သည့်” နိုင်ငံ အဖြစ် အသွင်ပြောင်းကြ ပါရန် စည်းရုံး လှုံ့ဆော်လာခဲ့သည်။
ကိုင်ယက်စ် ကိုယ်တိုင်လည်း အာဏာရှင် အငွေ့အသက် မကင်းသူ ဖြစ်၍ သူ၏ အပြောကို မေးခွန်း ထုတ်လာကြသည်။ သမ္မတ အဖြစ် နှုတ်ထွက်သွားပြီး နောက်တွင်ပင် တော်လှန်ရေး၏ တပ်ချုပ်မှူးကြီး ဆိုသည့် အနေအထားဖြင့် နောက်ကွယ်မှ ဆက်လက် အုပ်ချုပ်ခဲ့သည်။ သူ၏ ပဲ့ကိုင် လမ်းညွှန်မှု အောက်တွင် တည်ထောင်ခဲ့သော အမျိုးသား တော်လှန်ရေး ပါတီ National Revolution Party သည် မက္ကဆီကို အား နောက်ထပ် နှစ်ပေါင်း ၇၁ နှစ်ကြာ ဆက်တိုက် အုပ်ချုပ်သွားနိုင်ခဲ့သည်။
မက္ကဆီကို တော်လှန်ရေး သည် ကိုလိုနီ ဝါဒ ၏ အကြွင်းအကျန် များနှင့် အစောပိုင်းကာလ ဆင်းရဲ ချမ်းသာ ကွာဟမှုများမှ စတင် အမြစ်တွယ်လာခဲ့ခြင်းပင် ဖြစ်သည်။ တရုတ်နှင့် ရုရှား ပြည်သူများသည် ၎င်းတို့ အပေါ် ရာစု နှစ်နှင့် ချီ၍ အုပ်ချုပ်လာကြသူများ ၏ တံပိုး အောက်မှ ရုန်းထွက်ပြီး သမိုင်းတွင် မည့် တော်လှန်ရေးကြီးများ မစတင်မီကတည်းကပင် မက္ကဆီကို ပြည်သူများသည် မိမိတို့၏ လူမှုရေး နှင့် နိုင်ငံရေး များ တွင် အပြောင်းအလဲများ ဖြစ်ပေါ်ရန် အတွက် စပိန် ကိုလိုနီ ဝါဒ ၏ လက်ဆင့်ကမ်း လာခဲ့မှုများ မှ မိမိတို့ ဘဝများကို ရွေးထုတ်နိုင်ရန် ရုန်းကန်လာကြပြီ ဖြစ်သည်။
မက္ကဆီကိုတို့သည် အာဏာရှင် စနစ် နှင့် နိုင်ငံခြားသားများ၏ ဂုတ်သွေးစုတ်မှုများကို တွန်းလှန်ခဲ့ကြ သူများလည်း ဖြစ်သည်။ သို့သော် စနစ်ဟောင်းကို မည်သည့် အရာနှင့် အစားထိုး ကြမည်လဲ ဆို သည်နှင့် ပတ်သက်၍ မူ တသဘောတည်း မရှိခဲ့ကြပေ။
မက္ကဆီကို ရှိ အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစားများကပင် အောက်ခြေလူတန်းစားတို့၏ တော်လှန်လို သော ရည်မှန်းချက် အချို့ နှင့် စိတ်တူကိုယ်တူ ဖြစ်လာခဲ့ကြသော်လည်း အတော်များများ တွင်မူ ဖြစ်လိုသည့် ဆန္ဒများက သိသိသာသာ ကွဲထွက်သွားခဲ့သည်။
ဇပါတာ၊ ပန်ချို ဗီလာ၊ မာဒီရို အပါအဝင် အခြားသော တော်လှန်ရေး တွင် ဦးဆောင် ပါဝင်ခဲ့ကြသူ များသည် တိုင်းပြည် နှင့် ပြည်သူများ၏ အနာဂတ် အတွက် မဆုပ်မနစ် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့ အားလုံး ၏ ပြဇာတ်ဆန်ဆန် တော်လှန်တိုက်ပွဲ ဝင်ခဲ့မှုများ အကြားတွင် အသက်များ ဆုံးရှုံးခဲ့ကြရပြီး တကိုယ်ရေ သမိုင်းကြောင်းများ သည် ဒဏ္ဍာရီ သဖွယ် သိန္ဓိတင်ခံခဲ့ ကြရသည်။ ခေတ်သစ် မက္ကဆီကို သမိုင်းတလျှောက် တဖွဖွ ပြောစမှတ် တွင်ကျန် နေခဲ့သော်လည်း တော်လှန် ရေး၏ မဖြည့်ဆီး နိုင်ခဲ့သည့် ကတိကဝတ်များ အတွက်မူ မျှော်လင့်ချက် အလားအလာ များက ရှင်သန်နေဆဲ ပင် ဖြစ်သည်။