Public Enemy No.1

by Hla Soewai - Jun 24 2022

စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီး ဆိုသူ မြထွန်းဦးသည် ဖနွမ်းပင် ရှိ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးသို့ ရောက်ရှိပြီး ရွေးကောက်ပွဲ လုပ်ပေးပါမည် ကျေနပ်လို ကျေနပ်ငြား ပြောနေချိန်တွင် မန္တလေး တွင်တော့ စစ်ကောင်စီ သစ္စာခံ တပ်များ က ရပ်ကွက်များ အတွင်း အင်အား အလုံးအရင်းနှင့် မွှေနှောက်လျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

မိဘအိမ်သို့ အလည် ပြန်လာသော တပ်ကြပ် တဦးအား Gen Z အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရမှု အတွက် ယခုလို တအိမ်တက်ဆင်း မွှေနှောက်ရှာဖွေနေခြင်း ဖြစ်သည်။

 

ထိုသို့သော ဖြစ်ရပ်မျိုးက စစ်တပ် အဖို့ ကြုံနေကျ ဖြစ်သော်လည်း မင်းအောင်လှိုင်သည် ဖနွမ်းပင် ရောက်နေသော မြထွန်းဦး သူ့ထက် ထင်ပေါ်သွားမည်ကို စိုး၍ တဖက်လှည့် နှင့် ချိန်ကိုက် ဖန်တီးခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆ၍ ရပေသည်။ သို့သော် သူ့ထင်မြင်ချက်ကား မှားယွင်းသွားခဲ့ပေသည်၊ ၎င်းအနေဖြင့် မျက်နှာအောက်ကျို့ သိမ်ငယ်စွာ တက်ရောက်ခဲ့ရခြင်း ဆိုသည်က အစည်းအဝေးကို လေ့လာစောင့်ကြည့်နေသူများက တညီတညွတ်တည်း မှတ်ချက်ပေးခဲ့ကြပြီ ဖြစ်သည်။

 

မြထွန်းဦး အား အစည်းအဝေး တက်ခွင့်ပြုခြင်းဖြင့် မိမိတို့သည် အဖွဲ့ဝင်နိုင်ငံများ အကြား ခွဲခြား ဆက်ဆံလိုစိတ် မရှိဆိုသည်ကို သိရှိစေနိုင်‌ အောင်ဟု ကမ္ဘောဒီယား ဒုဝန်ကြီးချူပ်က ဆိုသည်။ သို့သော် မြတ်ထွန်းဦးသည် ပြီးခဲ့သည့် မတ်လ အတွင်း ယေးတက္ကသိုလ် ကျောင်းတိုက်ရှိ ဥပဒေ ဌာနမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ အတွင်းရှိ စစ်ရာဇဝတ်ကောင် ၆၁ ဦး အနက် အမှတ်စဉ် (၄) တွင် ပါဝင်နေသည်ကိုတော့ မသိကျိုးကျွံ ပြုနေဟန် ရှိသည်။

 

မြန်မာ အရေး ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ အတိုက်အခံ အားလုံးလိုလို ကို ဖမ်းဆီး

ထောင်ချထားပြီး စစ်ကောင်စီတွင် ပါဝင်နေသူများ၏ ပါတီများ နှင့် ရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု ပြောဆိုနေခြင်းသည် "ယုတ္တိယုတ္တာ မရှိ၊ ရယ်စရာ ကောင်းလွန်းနေသည်" ဟု ကွာလာလမ်ပူ တွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ တွင် အကျပ်အတည်း ကျရောက်နေသူများ အား အကူအညီပေးလိုပါက အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တရားဝင် သို့မဟုတ် တရားမဝင် လမ်းကြောင်းမှ ဆက်သွယ် ဆောင်ရွက်ရန် လိုသည်ဟု လည်း ဆိုသည်။

 

အာဆီယံ ၏ အချက် ငါးချက် ဆိုသည်ကလည်း စာရွက်ပေါ်တွင်သာ ရှိသည့် အဓိပ္ပါယ် မရှိသော သဘောတူညီချက် မျိုးသာ ဖြစ်သည်ဟုလည်း ခြောက်ရက်ကြာ ခရီးစဉ် အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဗြောင်ကျကျ ပြောဆိုသွားခဲ့သည်။

 

အာဆီယံသည်သာ တနှစ်ကျော်လာသော်လည်း ထိုသို့ အချက် ငါးချက်ကို နှုတ်က မချတမ်း ဆက်၍ ပြောဆိုနေခြင်းသည် အဓိပ္ပါယ် မရှိဟု အင်ဒရူး၏ စကားကို နေပြည်တော်ရှိ မင်းအောင်လှိုင်ကလည်း ကြိတ်၍ ပြုံးနေမည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတော် အတိုင်ပင်ခံ၏ မွေးနေ့ကို ပြည်သူတရပ်လုံးက ဝိုင်းဝန်း ဆုမွန်တောင်းပေးနေသည်ကို ပမာမခန့် လုပ်သည့် အနေဖြင့် သူမအား အကျဉ်းထောင်ထဲတွင် တဦးတည်း သီးသန့် ချုပ်နှောင်ထားလိုက်ရန် စေခိုင်းလိုက်ပုံရပြီး၊ ထိုအကြောင်းကို လည်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ ကမ္ဘာသိ ထုတ်ပြောလိုက်ပြီ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံအား ကောင်းမွန်စွာ ထားရှိပါသည်ဟုလည်း ဆိုသည်။

 

နောက်တကြောင်းကလည်း နေ့စဉ်လို ရုံးထုတ်ပြီး အဓိပ္ပါယ် မရှိ စွပ်စွဲချက်များ နှင့် နာရီပေါင်းများစွာ အထိုင်ခိုင်ပြီး ဒုက္ခပေးနေသည့် အပြင် ယခုလည်း စိတ်ဓါတ်ရေးရာ အရ ထပ်မံ နှိပ်စက်လာခြင်းလည်း ဖြစ်သည်။ နောက်တကြောင်းက အာဆီယံ မှ သူမနှင့် တွေ့ဆုံရန် ပြောနေမှုများအား ထောင်ကျအကျဉ်းသား ဖြစ်နေ၍ တွေ့ခွင့်မပြုနိုင်ဟု ငြင်းပယ်လိုက်ခြင်းဖြင့် အပြီးအပိုင် ပါးစပ်ပိတ်သွားနိုင်သည်ဟုလည်း ယုံကြည်နေ၍ ဖြစ်ပေမည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမအား ထိုသို့ ဆက်ဆံနေသည်ကို မည်သို့မျှ သဘောထားမည် မဟုတ်၊ ဗိုလ်သန်းရွှေ လက်ထက်ကပင် သူမအား လုပ် ဖေါ်ကိုင်ဖက် များ ကဲ့သို့ပင် အကျဉ်းထောင်သို့ ပို့ရန်ပင် ဆန္ဒပြ တောင်းဆို ခဲ့ဖူးသူလည်း ဖြစ်သည်၊ သို့သော် သူမအား ယခုလို ဆက်ဆံရဲ သည် ဆိုလျှင် သူမ၏ လုပ်ဖေါ်ကိုင်ဖက် များ နှင့် ပြည်သူများ အဖို့ အသက်ကို ဖက်နှင့် ထုပ်ကာ နေကြရမည် ကို မတွေးမိပဲ နေမည်မဟုတ်၊ ဤသည်ကပင် သူမ၏ စိတ်ဓါတ် ကို ထိခိုက်စရာ ဖြစ်လာနိုင်ပေသည်။

 

ယခု တော်လှန်ရေးသည် လူတန်းစား တရပ်တည်းက ဆင်နွှဲနေခြင်း မဟုတ်ပဲ လူထု လူတန်းစား ပေါင်းစုံက ကိုယ်ရော စိတ်ပါ တွန်းလှန်လာနေခြင်း ဖြစ်သည်၊ ထိုကဲ့သို့သော ကြီးမားသော အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေ‌သည့် ဒီရေလှိုင်းကြီးအား စက်သေနတ်များ၊ ပျုစောထီးများ၊ အကျဉ်းထောင်များ နှင့် ဟန့်တား၍ ရ နိုင်‌ ပေဦးမည်လော။

 

စစ်အာဏာသိမ်း အဖွဲ့သည် ထိုသို့ တော်လှန်ရေးကြီး၏ စွမ်းပကား နှင့် အရှိန်အဟုန်ကိုလည်း စစ်ကြော သုံးသပ်နိုင်သည့် အသိညဏ်မျိူး မရှိပဲ ၎င်းတို့၏ crackpot စိတ်ကူးစိတ်သန်းများ ဖြင့်သာ တဝဲဝဲ တလည်လည် ဖြစ်နေကြဆဲပင်။

 

ထို့အတွက်လည်း ၎င်းတို့ အပေါ် ကျရောက်လာလတ္တံသော အန္တရာယ်ကြီးကို လည်း ကြိုတင် တွက်ဆနိုင်ခြင်းမရှိ‌ တော့၊ အရင်ကလည်း ၎င်းတို့ အပေါ် လူထု က မတန်တဆ ပေးထားသော အခွင့်အရေး များနှင့်လည်း ရောင့်ရဲတတ်ရကောင်းမှန်း မသိပဲ လောဘတက်ကာ အမှားများကို ကျုးလွန်ခဲ့ကြပြီး ဖြစ်သည်။

 

ထို့အတွက် လူထု တရပ်လုံးက မိမိတို့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် စိတ်ရော ကိုယ်ရော နှစ်ကာ ကြိုးစားလုပ်ကိုင်ပေးခဲ့သူ နိုင်ငံ ခေါင်းဆောင်အား လက်နက်အားကိုး တခုတည်းဖြင့် အနိုင်ကျင့်နေ‌သော မင်းအောင်လှိုင် နှင့် အဖွဲ့အား Public Enemy No. 1 ဟု စွဲမှတ်ထားကြတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!