နိုင်ငံတော် အတိုင်ပင်ခံအား နေပြည်တော် အကျဉ်းထောင် ထဲတွင် အမှု စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်

by Hla Soewai - Jun 22 2022

မြန်မာပြည်သူတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အား နေပြည်တော် တွင် အသစ် ဆောက်လုပ်ပြီးသွားသည့် အကျဉ်းထောင်သို့ ပြောင်းရွှေ စစ်ဆေးမည်ဟု အမှု နှင့် နီးစပ်သော ယုံကြည်ရသည့် သတင်းအရင်းအမြစ်ကို ကိုးကားပြီး ‌AFP သတင်းအား လန်ဒန်ရှိ ဒေးလီးမေးလ် သတင်းစာကြီး တွင် ဖေါ်ပြလာသည်။

 

လောလောဆယ်တွင် နေပြည်တော် အရှေ့ပိုင်းရှိ စည်ပင် ဝင်းထဲတွင် အမှု ရင်ဆိုင်နေရ‌ သော နိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်သည်။

 

ထို အတိုင်းသာ အမှန် ဆိုက မင်းအောင်လှိုင်သည် ၎င်းလုပ်ရပ်အား ကြားရသူ အပေါင်း၏ ချီးကြူး ခံရမည့် မဟုတ်သော်လည်း လူမိုက်များ၏ လက်ခုပ်သံများ ကြားတွင် ပျော်မွေ့နေလိုသည့် ကိုယ်ပိုင် စဉ်းစားဆင်ခြင် ညဏ် ကင်းမဲ့ လွန်းသည့် စစ်ခေါင်းဆောင် တဦး ဖြစ်သည်ကို ထုတ်ဖေါ်ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

လက်ရှိတွင် ကုလ မှ ဖွဲ့စည်းပေးထားသော မြန်မာ အရေး လွတ်လပ်‌သော စုံစမ်းရေး လုပ်ငန်း အဖွဲ့ ၏ အကြီးအကဲ ဖြစ်သူ နီကိုလပ်စ် ကွန်ဂျီယံ မှ လူ လေးဦး အား ကြိုးပေး သတ်ဖြတ်မည်ဟု ကြေညာထားသည်ကို မိမိ မျက်ခြေမပြတ် ‌စောင့်ကြည့်နေသည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

လူတဦး အား သေဒဏ် ထိုက်သည့် အမှုကို စီရင်ရာတွင် ဥပဒေမှ ပြဌာန်းထားသော တရားခံ ဟု စွပ်စွဲခံရသူ၏ အခြေခံ အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

လူသိရှင်ကြား တရားစီရင်ခြင်း မဟုတ်သည့် အပြင် တရားရုံးတခု၏ ရှိသင့် ရှိထိုက်သော ဂုဏ်အင်္ဂါများ နှင့် ပြည့်စုံခြင်း မရှိပဲ သေဒဏ် ချမှတ်ခြင်းသည် လူသားများ အပေါ် ကျုးလွန်သည့် ရာဇဝတ်မှု သို့တည်း မဟုတ် စစ်ရာဇဝတ်မှု မြောက်သည်ဟု မှတ်ချက် ချလိုက်သည်။

 

ရေဦး လူသတ်ပွဲကြီးနှင့် ပတ်သက်၍ အဓိက တာဝန် ရှိသူများသည် ရန်ကုန်တိုင်း တိုက်ကြီး နှင့် မှော်ဘီ ကြားရှိ ဖူးကြီး အခြေစိုက် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်မမှုး ဗိုလ်မှုးချုပ် ကြည်သိုက် နှင့် လက်အောက်ခံ ခမရ (၇၀၈) ဖြစ်သည်ဟု RFA က ရရှိသော သတင်းအချက်အလက်များ အပေါ် ဧရာဝတီ သတင်းဌာန မှ ဆက်လက်စုံစမ်း ဖေါ်ထုတ်နိုင်ခဲ့သည်ဟု ရေးသားထားသည်။

 

ထို့အတွက် မင်းအောင်လှိုင် သည် မြန်မာ အကျပ်အတည်းကို အကြမ်းနည်းဖြင့် နှိပ်ကွပ် ဖြေရှင်း၍ ရ နိုင်သည်ဟု လူမိုက် ဆန်ဆန် အတွေးမျိုး လောက် သာ ရှိသူ ဟု သုံးသပ်နေကြပြီ ဖြစ်၍ ကမ္ဘာပေါ်တွင် နာမည် ဆိုးဖြင့် ထင်ရှားခဲ့သည့် ဟစ်တလာ၊ ဆက်ဒမ် ဟူစိန်၊ ကဒါဖီ တို့ နှင့် တန်းတူ စာရင်းဝင်သည့် အဆင့်အထိ တဖြေးဖြေး ချင်း တက်လှမ်းလာခဲ့ပြီ ဖြစ်သည် သို့သော် ထိုသို့သော လူမိုက်မျိုးက အကြောက်လွန်ကဲ လွန်းနေ၍သာ ဂမူးရှုးထိုး ကျုးလွန် နေခြင်းမျိုး ဖြစ်သော်လည်း ၎င်း အရေးနိမ့်နေပြီဟု မြင်လာသည့် အခါမှသာ နိုင်ငံတကာမှ ကြားဝင် စေ့ဆပ်ပေးကြပါဟု တစာစာ အော်လာမည့် လူမျိုး ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး ဟု နှုတ်က မချကြွေးကြော်ကာ နောက်ဖေး တံခါးပေါက် ဖွင့်ထားသော်လည်း ထိုသို့သော လူမျိုး၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အားလည်း မည်သူမျှ အယုံအကြည် ရှိတော့မည်လည်း မဟုတ်ပေ။

 

ထိုအကြောင်းကို လူတိုင်းနီးပါး သိထားပြီး ဖြစ်ပါလျက် စားပွဲဝိုင်း အတူ ထိုင်ပြီး နိုင်ငံရေး အရ အဖြေရှာကြပါရန် ပြောဆိုနေသူများသည် မြန်မာ အရေး ကို အမှန်တကယ် ဖြေရှင်းပေးလိုစိတ် ရှိသူများ မဟုတ်ပဲ လူကြားကောင်းအောင် ‌သာ ပြောဆိုနေကြခြင်း ဖြစ်သည်။

 

ထို့အတွက် ပြည်သူများ အနေဖြင့် တော်လှန်ရေးကြီး အောင်မြင်အောင်သာ တတ်နိုင်သည့် ဖက်မှ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့သာ ရှိပေတော့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ယခုလကုန်မှ စ၍ ကိုယ်ပိုင် ဒီဂျစ်တယ် ငွေကြေး ကို စတင် မိုဘိုင်းမှ တဆင့် အသုံးပြု၍ ရပြီဟု ကြေညာထားပြီး ဖြစ်သည်။

 

Currency Digital Myanmar Kyat (DMKK) အား NUGpay app ဖြင့် ပြည်တွင်း ပြည်ပတွင် အသုံးပြု နိုင်ပြီ ဖြစ်သည်။

 

 DMKK ‌အား blockchain နည်းပညာသုံး စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး လက်ရှိ မြန်မာကျပ်ငွေဖြင့် တန်ဖိုးတူ ချိတ်ဆက်ထားပြီး NUG ၏ ဗဟိုဘဏ်မှ ကျောထောက်နောက်ခံပြု သွားမည် ဖြစ်သည်။

 

လောလောဆယ်တွင် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီယား၊ ဩစတေးသျှ၊ ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုနိုင်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့သွားဖို့ရှိနေသည်ဟု သိရသည်။

 

ဤသို့ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် တဖြေးဖြေး နှင့် နိုင်ငံတွင် ရှိသင့်သည့် အင်္ဂါရပ်များကို ရုပ်လုံး ဖေါ်လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီကတော့ ကမ္ဘာတဝှမ်း အသုံးပြုနေတဲ့ SWIFT ‌ငွေပေးချေမှု စနစ်မှ အထုတ်ခံရမယ့် အရေး ကို ကြိုတင်ရှောင်ရှားသည့် အနေဖြင့် ရုရှားသုံး Financial Messaging System ကို သုံးပြီး ဆောင်ရွက်သွားမည်ဟု ကြေညာလာသည်။ ၎င်းတို့ အနေဖြင့် ကမ္ဘာ အလယ်တွင် နောက်‌ဖေးလမ်းကြားကသာ သွားလာ လှုပ်ရှားနေရပြီ ဆိုသည်မှ ထင်ရှားသည်ထက် ထင်ရှားလာနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!