နိုင်ငံတော် အတိုင်ပင်ခံ၏ တရားရုံး မွေးနေ့ပွဲ နှင့် မြန်မာသည် အာဆီယံအား အကြီးအကျယ် ဒုက္ခပေးလာနေဟု မလေးရှား ဝန်ကြီးပြော

by Hla Soewai - Jun 21 2022

အသက် ၇၇ နှစ် ပြည့်လာနေပြီ ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံသည် သူမ၏ မွေးနေပွဲလေးအား တရားရုံးတွင် ပြုလုပ်ခွင့် ရခဲ့ပြီး ရှေ့နေများက သူမအား ဖမ်းဆီးချူပ်နှောင်ထားသည့် လျို့ဝှက်နေရာသို့ လုံခြုံရေး အစောင့်များမှ တဆင့် ကြိုတင် ပို့ပေးထားသည့် ကိတ်မုန့်ကို လှီးကာ ရှေ့နေများ၊ လုံခြုံရေး အစောင့်များ နှင့် တရားရုံး ဝန်ထမ်းများအား မျှဝေကြွေးကာ ကျင်းပခဲ့သည်ဟု ရှေ့နေများ အား ကိုးကား၍ အေပီ သတင်းဌာန က ဖေါ်ပြခဲ့သည်။

 

မြန်မာ အရေး ဖြေရှင်းရန်တွင် အဓိကနေရာမှ ရှိနေသည့် နိုင်ငံတော် အတိုင်ပင်ခံအား သူမ၏ ၇၇ နှစ်မြောက် မွေးနေ့တွင် မြန်မာပြည်သူ တရပ်လုံးကမူ မိမိတို့ နှလုံးသား တွင် တလေးတစား နေရာယူနေဆဲ ဖြစ်ကြောင်းကို ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူများက မွေးနေ့ အခမ်းအနား များ ပြုလုပ်ကာ ဆုမွန်ကောင်း တောင်းခြင်းဖြင့် ထုတ်ဖေါ် ပြသလာကြသည်၊ တောတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များကလည်း အလားတူ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

 

‌နိုင်ငံတော် အတိုင်ပင်ခံ နှင့် ‌တွေ့ဆုံခွင့်ရရေး အား ကမ္ဘောဒီယား အပါအဝင် အာဆီယံ မှအကြိမ်ကြိမ် တောင်းဆိုနေသည်ကို ကြည့်မည်ဆိုက ၎င်းတို့ လုပ်ကြံ ဖန်တီးထားသော စွဲချက်များကို အနည်းငယ်မျှပင် အယုံအကြည် မရှိ ဆိုသည်မှာ သိသာ ထင်ရှားနေပေသည်။ 

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလားခရှစ်နန် ဆိုက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကျန်းကျန်းမာမာ နှင့် လိုရာဆန္ဒပြည့်ဝစေကြောင်း တွစ်တာ မှ နေ၍ ဆုမွန်ကောင်း တောင်းခဲ့သည်။ (ပုံတွင်ရှု)၊ ဤသည်ကို ကြည့်က စင်္ကာပူ အစိုးရ အနေအထားအရ စစ်အာဏာရှင် တို့ အဖို့ သိက္ခာ ကုန်းကောက်စရာပင် မကျန်တော့။ 

 

စီးပွားရေး အကျိုးတူ နိုင်ငံများနှင့် ကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးရာ တွင် သိုးမည်း ဖြစ်နေသည့် မြန်မာ ကြောင့် ရှေ့မတိုး နိုင် ဖြစ်နေရသည်ဟု နယူးဒေလီ တွင် ရောက်ရှိနေသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်က ထုတ်ဖေါ် ညည်းတွားလာပြီ ဖြစ်သည်။

 

မြန်မာကြောင့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို အခြေခံပြီး ဆုံးဖြတ်ချက် ချကာ အကျိုးတူ နိုင်ငံများ နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိရေး ဆွေးနွေးရမည် ဆိုသော လုပ်ငန်းစဉ်ကြောင့် ရှေ့မတိုးနိုင် ဖြစ်နေရသည်ဟု ဆိုသည်။

 

ဆယ်နိုင်ငံစလုံး သဘောတူညီမှ ဖြစ်မည်ဆို၍ အခက်‌ တွေ့နေရပြီ ဖြစ်သည်။ ဆိုင်ဖူဒင်ကတော့ ကိုးနိုင်ငံ သဘောတူညီချက် ပေါ် အခြေခံပြီးသာ ဆွေးနွေးသွားသင့်သည်ဟု အဆိုပြုလာသည်။

 

တကယ်တမ်းတွင် အာဏာသိမ်း အဖွဲ့သည် ထိုကိစ္စများကို ခေါင်းထဲ ထည့်ထားနိုင်ခြင်း မရှိသေးပေ၊ တိုင်းပြည်ကို ထိန်းချုပ်နိုင်ရေး သာ အသည်းအသန် လုံးပမ်းနေရ၍လည်း ဖြစ်သည်၊ သို့သော် ဆင်ဖြူတော်ကို မှီပြီး ကြံစုတ်ခွင့် တော့ လိုချင်ပေလိမ့်မည်။

 

မြန်မာက သဘောမတူညီ၍ ကျန် ကိုးနိုင်ငံစလုံး သဘောတူညီချက် လက်မှတ် ထိုး၍မရ ဆိုက မည်သို့မျှ တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟု ဆိုင်ဖူဒင်က ဆိုသည်။ စစ်တပ်သည် အာဆီယံကို အကာအကွယ် ယူနေသော်လည်း ၎င်းတို့ လုပ်ရပ်ကြောင့် အဖွဲ့ဝင် နိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်လာနေရပြီ ဖြစ်သည်။

 

အိန္ဒိယ တွင် ကျင်းပခဲ့သည့် အိန္ဒိယ-အာဆီယံ အထူး အစည်းအဝေးသို့ ဝဏ္ဏမောင်လွင် တက်ရောက်ခွင့် မရခဲ့သဖြင့် မည်သူ့ကိုမျှ‌ စေလွှတ်ခြင်း မရှိပေ။

 

ဘရူးနိုင်း၊ ကမ္ဘောဒီယား၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီရှား နှင့် ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ အရေး အား အဓိကထား၍ အလွတ်သဘော ဆွေးနွေးခဲ့ကြသည်၊ ထို‌ ဆွေး‌နွေးပွဲများတွင် ထင်သာ မြင်သာသော တိုးတက်မှု တစုံတရာ မရှိဟု အားလုံးက တသဘောတည်း ရှိခဲ့ကြသည်ဟု ဆိုသည်။

 

ထိုအစည်းအဝေးတွင် စစ်အာဏာသိမ်း အဖွဲ့၏ ကာကွယ်ရေး ဝန်ကြီး ဆိုသူသည် ဇွန်လ ၂၂ တွင် ပြုလုပ်မည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာအား ကိုယ်စားပြု တက်ရောက်ခွင့် မပြုသင့်ဟုလည်း ဥက္ကဌ ဖြစ်သူအား အသိပေး စကား ပါးခဲ့သည်ဟု သိရသည်။ 

 

အလားတူ ဒေသတွင်း နှင့် နိုင်ငံတကာရှိ မြိုပြ အဖွဲ့အစည်းပေါင်း ၆၇၇ ဖွဲ့မှ ဖိတ်ကြားခြင်း မပြုရန် ကန့်ကွက်စာများ ပေးပို့ခဲ့ကြသည်၊ သို့သော် ကမ္ဘောဒီယား မှ ပယ်ချခဲ့သည်ဟု သိရသည်။ မလေးရှားမှ လွဲ၍ ကျန် ရှစ်နိုင်ငံ၏ သဘောတူညီချက်ကို ရထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

 

ကုန်သွယ်ရေး သဘောတူညီချက်များတွင် မြန်မာ အနေဖြင့် အကျိုးခံစားခွင့်များ ရရှိသွားမည့် အရေးကို အာဆီယံ ၏ ကုန်သွယ်ရေး ပါတနာ များ ဖြစ်သည့် အမေရိကန်၊ အီးယူ တို့က စိုးရိမ်မကင်း ဖြစ်နေကြသည်။

 

မြန်မာသို့ ယခု လကုန်ပိုင်းတွင် သွားရောက်ဖို့ ရှိနေသည့် အာဆီယံ အထူး သံတမန် ဖြစ်သူ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးအားလည်း ပါဝင် ပတ်သက်နေသူ အားလုံးနှင့် ‌တွေ့ဆုံရန် အကြံပေးခဲ့သည်ဟု မလေးရှား ဝန်ကြီးက ဆိုသည်။

 

၎င်းတို့အားလည်း တိုင်းပြည် တိုးတက် စည်ပင်ရာ စည်ပင်ကြောင်း ဘာတခုမျှ လုပ်မပြနိုင်သော်လည်း နိုင်ငံကို နှစ်ပေါင်း ၇၀ ကြာ အားမနာတမ်း လူပြောင်း အုပ်ချုပ်နေကြသူများပြီး မိမိတို့အား တောက်လျှောက် ဒုက္ခပေးလာနေသူများဟု ဆိုကာ ငြူစူ လာနေကြမည်မှာ ကြိမ်းသေလှပေသည်။

 

ယခုအခါ လာမည့် ရွေးကောက်ပွဲကို ၎င်းတို့ အနိုင်ရရေး ပို၍ စိတ်ချ သေချာစေရန်ပင် ပီအာ စနစ်ဖြင့် ပြုလုပ်သွားရန် ဆုံးဖြတ်ပြီး ဖြစ်၍ အာဏာရရန် သေချာသလောက် ဖြစ်နေသည့် USDP အတွင်း တွင်လည်း ဥက္ကဌ နေရာ အတွက် အာဏာလုပွဲများ ပြင်းထန်လာနေသည်။ သို့သော် ယခု အချိန်အထိ နေပြည်တော်ရှိ ပါတီဌာနချုပ် အပြင်သို့ပင် ရဲရဲတင်းတင်း မထွက်ရဲသူများက မည်သို့ မည်ပုံ မဲဆွယ်ကြမည်ကိုကား စဉ်းစားထားကြပုံ မပေါ်ပေ၊ လာမည့် ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့လျင်ပင် ၎င်းတို့ အဖို့ကား ထိုင်ရာမထ အနိုင်ရဖို့က သတ်မှတ်ခံထားရပြီး ဖြစ်၍ လိုမည် မထင်ပေ။

 

လက်ရှိအနေအထား တွင် စစ်တပ်ကို ထားခဲ့ပြီး မင်းအောင်လှိုင် အဖို့ သူမျှော်မှန်းထားသလို သမ္မတ ရာထူးကို ရယူရဲခြင်း ရှိမရှိ ဆိုသည်က တပ်အပ်မတ်ချ မပြောနိုင်တော့။

 

ဒီမိုး ဒီလေ ဒီလူ တွေ၊ ဒီအကျင့်မျိုး တွေ နှင့် တိုင်းပြည်သည် အရှေ့တောင် အာရှတွင် အာဖရိက နိုင်ငံ အဆင့်အတန်းမျိုး နှင့် ရပ်တည်သွားရတော့မည် ဖြစ်ပြီး မကြာမီ လာအို နိုင်ငံတွင် တရားမဝင် လာရောက် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများအား ဖမ်းဆီးရမိဟု သတင်းများ ထွက်ပေါ်လာပေတော့မည်။

 

မည်သို့ပင် ဆိုစေ တော်လှန်ရေးကြီးအား ပြည်တွင်း ပြည်ပ ဖိအားများ ဖြင့် အရှိန် မြှင့်တင်နိုင်မှသာ မြန်မာပြည်အား ကယ်တင်နိုင်ပေတော့မည်။

 

စစ်အာဏာပိုင်များ အတွက် အိမ်မက်ဆိုးကြီးလို အမြဲတစေ ချောက်လှန့်နေသည့် ရိုဟင်ဂျာ များကလည်း ကောက်ဘဇားတွင် ထောင် သောင်းချီကာ စုဝေးလာကြပြီး မြန်မာပြည်သို့ ပြန်ပို့ပေးရန် ကမ္ဘာဒုက္ခသည်များ အကြိုနေ့တွင် ကုလ အား တောင်းဆိုလာကြပြန်သည်။

 

မကြာမီက လူပေါင်း ၂၆ ဦး အား သတ်ဖြတ်ခဲ့သည့် သက်သေ အထောက်အထားများကိုလည်း ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ အဖွဲ့ဝင် နိုင်ငံများထံ ဖြန့်ဝေပြီးလောက်ပြီဟု ယူဆရပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!