သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(17)

by Hla Soewai - Jun 20 2022

ကျည်ဆံများ၊ ဒဏ္ဍာရီများကြားက မက္ကဆီကန် တော်လှန်ရေး (၄)

 

ထိုသို့သော အနေအထားတွင် ပန်ချို ဗီလာသည် မာဒီရို အပေါ် သစ္စာရှိနေဆဲ ဖြစ်သည်။ တော်လှန်ရေးအား ဆက်လက် ဆင်နွှဲမည် ဆိုသော အဖွဲ့များနှင့် မပူးပေါင်းဘဲ ဗိုလ်ချုပ်ကြီး ဗစ်တိုရီယာနို ဝဲလ်တာ ဦးဆောင်သည့် ဖက်ဒရယ် စစ်တပ်နှင့် မဟာမိတ် ပြုလာခဲ့သည်။ ၁၉၁၄ တွင် အရေးနိမ့်သွားသော အောရော့ဇ်ကို ၏ တပ်များ သည် အရေးနိမ့်သွားသဖြင့် မြောက်ဖက် နယ်ခြားကို ဖြတ်ကျော် တိမ်းရှောင်သွားခဲ့ကြသည်။ ထိုသို့ အောင်မြင် ခဲ့ရသည့် အကြောင်းရင်းများတွင် ဗီလာ၏ လူထုကို ဆွဲဆောင်နိုင်မှု နှင့် မိမိကိုယ် မိမိ အထင်တကြီး  အရဲကိုး လိုစိတ်များက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ လူထုကလည်း သူအား မက္ကဆီကန် ရော်ဘင်ဟု ဟူ၍ပင် သတ်မှတ်လာ ခဲ့ကြသည်။

 

ဗီလာသည် လူထု အပေါ် ဩဇာတက္ကိမ ရှိရုံမက ရက်စက်စွာ ပြုမူတတ်သူတဦး ဖြစ်ပြီး ဗျူဟာပိုင်းတွင်လည်း ပိုင်နိုင်ကျွမ်းကျင်သူ တဦး ဖြစ်သည်။ ထို့အတွက် အောရော့ဇ်ကို အား နှိမ်နှင်းပြီးနောက်တွင် ဗိုလ်ချုပ်ကြီး ဝဲလ်တာ သည် သူ့အား ပြိုင်ဖက်တဦး အဖြစ် ရှုမြင်လာခဲ့သည်။ နောက်ဆုံးတွင် ဗီလာ အား အမိန့်မနာခံ ဆိုသည့် လုပ်ကြံဖန်တီးထားသည့် စွဲချက်များဖြင့် ထောင်သွင်း အကျဉ်းချလိုက်သည်။ သမ္မတ မာဒီရို၏ ဝင်ရောက် ဟန့်တားခဲ့မှု ကြောင့်သာ လက်မရွံ တပ်ဖွဲ့၏ ကွပ်မျက်ခြင်းကို မခံခဲ့ရခြင်း ဖြစ်သည်။

 

၁၉၁၂ နိုဝင်ဘာလ တွင် ဗီလာသည် ထောင်ဖေါက်၍ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အမေရိကန် ပြည်ထောင် စုတွင် သွားရောက် ခိုလှုံခဲ့သည်။ ထိုအချိန်တွင် မာဒီရိုနှင့် ညီအကိုတော်သူ ဂူစတာဗို သည် ဗိုလ်ချုပ်ကြီး ဝဲလ်တာ မှ မာဒီရို အပေါ် သစ္စာရှိချင်ယောင် ဆောင်နေသော်လည်း နောက်ကွယ်တွင် ဖြုတ်ချခံခဲ့ရသည့် အာဏာရှင် ဟောင်း ၏ တူ ဖြစ်သူ နှင့် ပူးပေါင်းကာ မာဒီရိုအား ဖြုတ်ချရန် ကြံစည်နေသည်ကို သိရှိသွားခဲ့သည်။

 

ထိုပုဂ္ဂိုလ်သည် တောင်ပိုင်းရှိ ပြည်နယ်တခု ဖြစ်သော အော်ဆာကာ မှ မထင်မရှား နိုင်ငံရေး သမားတဦး ဖြစ်သည့် ဖီလစ် ဒီယက်ဇ် ဆိုသူ ပင် ဖြစ်သည်။ ဂူစတာဗို မာဒီရိုသည် ချက်ချင်းပင် ဗိုလ်ချုပ်ကြီး ဝဲလ်တာအား ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ သို့သော် ဝဲလ်တာ သည် အကျဉ်းချ ခံထားရစဉ်အတွင်း သူ သည် မာဒီရို အပေါ် မည်မျှ အထိ သစ္စာရှိသူ ဖြစ်ကြောင်း ပြောဆိုနားချခဲ့သည်။ သူ၏ စကားကို ယုံကြည်ခဲ့သည့် မာဒီရိုအတွက်ကား အသက် ဆုံးရှုံးသွားခဲ့သည့်အထိ ကြီးကျယ်သော အမှားကို ကျူးလွန်လိုက်မိခြင်း ဖြစ်သည်။

 

ဝဲလ်တာ သည် ဂူစတာဗို မာဒီရိုအား သတ်ဖြတ်ခဲ့ပြီး နောက် တွင် သမ္မတ မာဒီရို နှင့် ဒုသမ္မတ ဖြစ်သူ ဟိုဆေး ပီနို ဆွာရက်ဇ် အား အကျဉ်းချ ပြစ်ခဲ့သည်။ ထိုကဲ့သို့ လုပ်ရန် နောက်ကွယ်မှ အမြဲလို တွန်းအားပေးနေသူမှာ အမေရိကန် သံအမတ်ကြီး ဟင်နရီ လိန်း ဝီလ်ဆန် ပင် ဖြစ်သည်။ အမေရိကန် အစိုးရမှ ထိုသို့ အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် အစိုးရကို အသိအမှတ် ပြုသွားမည်ဟုပင် ကတိပေးလာခဲ့သည်။ ဝဲလ်တာက လည်း မာဒီရို နှင့် ဆွာရက်ဇ် တို့ နှစ်ဦးစလုံး ရာထူးမှ နှုတ်ထွက်ပေးမည်ဆိုလျှင် သူတို့၏ အသက်အား ချမ်းသာပေးပါမည်ဟု ကတိပေးခဲ့သည်။ ထိုသို့ ကတိပေးပြီး သိပ်မကြာမီမှာပင် ဝဲလ်တာ ၏ နောက်ကွယ်မှ လှုံ့ဆော်ခဲ့မှုကြောင့် အကျဉ်းထောင် အစောင့်များက သူတို့ နှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့ကြသည်။

 

ဝဲလ်တာ၏ အစိုးရသည် အမေရိကန် အရင်းရှင်ကြီးများ နှင့် ပြည်တွင်းရှိ ကရိုနီများ၏ အားပေးထောက်ခံမှု ကို အတိုင်းထက် အလွန် ရရှိလာခဲ့သည်။ သို့သော် ဝဲလ်တာ တွင် ရန်သူများစွာ ရှိနေခဲ့ပြန်သည်။ ထိုအထဲတွင် မထင်မှတ်ဘဲ ပေါ်ပေါက်လာသော ရန်သူ အသစ်ကား မကြာသေးမီကမှ အမေရိကန် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ဝုဒ်ရိုး ဝီလ်ဆန် နှင့် သူ၏ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဝီလျံ ဂျင်းနင်း ဘရိုင်ယန် ပင် ဖြစ်သည်။

 

သမ္မတ ဝီလ်ဆန်သည် သူ၏ တောင်ဖက်ခြမ်းရှိ နိုင်ငံတွင် ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ အပေါ် သုံးသပ်ခဲ့ပြီး “မိမိအနေဖြင့် လူသတ်သမား အစိုးရမျိုးကို အသိအမှတ် ပြုမည် မဟုတ်ဟု” ထုတ်ဖေါ်ပြောဆို လာခဲ့သည်။ ထိုအချိန်တွင် မက္ကဆီကို မြောက်ပိုင်းရှိ ပြည်နယ်များ ဖြစ်သော ဆိုနိုရာ၊ ချီဟွာလာ၊ ကိုဟွီလာ ပြည်နယ်များက ဝဲလ်တာ လက်အောက်တွင် အမေရိကန် အကျိုးစီးပွားများ ပြန်လည် ခေါင်းထောင်လာမည့် အရေးကို စိုးရိမ်လာပြီး ဝဲလ်တား အား ဆန့်ကျင်လာခဲ့ကြသည်။

 

ထင်ရှားစွာ ထွက်ပေါ်လာသူက မာဒီရိုမှ ကိုဟွီလာ ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခဲ့သော ဗီနုစတီယာနို ကာရင်ဇာ ဆိုသည့် မြေပိုင်ရှင် သူဌေးကြီးပင် ဖြစ်သည်။ မာဒီရို လုပ်ကြံ ခံခဲ့ရပြီး ရက်သတ္တပေါင်း များစွာ အကြာတွင် ကာရင်ဇာ သည် ဝဲလ်တာ၏ အာဏာသိမ်းမှုအား ရှုတ်ချခဲ့၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ ဖွဲ့စည်းထားသော အစိုးရမျိုး ပြန်လည်ထားရှိရန် တောင်းဆိုထားသည့် နိုင်ငံရေး ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

 

ပန်ချို ဗီလာသည်လည်း မာဒီရို လုပ်ကြံခံရပြီး နောက်တွင် မက္ကဆီကို သို့ ပြန်လည် ရောက်ရှိလာပြီး ကာရင်ဇာ နှင့် ၎င်း၏ ဗိုလ်ချုပ်ကြီး ဖြစ်သူ အယ်ဗာရို အောဘရေးဂွန် တို့နှင့် ပူးပေါင်းလာခဲ့သည်။ မြောက်ပိုင်းရှိ ပြည်နယ် အုပ်ချုပ်ရေးမှူး များ နှင့် တောင်ပိုင်းတွင် လှုပ်ရှားနေသော အီမီလီယာနို ဇပါတာ တို့လည်း ပါဝင်လာခဲ့သည်။

 

ဤသို့ဖြင့် ဝဲလ်တာ အား ဆန့်ကျင်သည့် ညွှန်ပေါင်း အဖွဲ့သည် သိသိသာသာ အင်အား ကောင်းလာခဲ့ပြီ ဖြစ် သည်။ သို့သော် ၎င်းတို့ အားလုံးသည် ဝဲလ်တာ အား ဖြုတ်ချရန် အတွက်သာ စည်းလုံးနေကြခြင်း ဖြစ်သည်။ ဥပမာ ဆိုရလျှင် ကာရင်ဇာသည် မာဒီရို၏ တိုတောင်းသော သက်တမ်း အတွင်း ပေါ်ပေါက်လာခဲ့သည့် ဖွဲ့စည်းပုံ နှင့် အညီ အစိုးရ မျိုး ထူထောင်နိုင်ရေးကိုသာ စိတ်ဝင်စားသူ ဖြစ်သည်။ ဗီလာသည် မိမိဒေသ အတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး မျိုး ရရှိရန်သာ အာရုံထားသူ ဖြစ်ပြီး ဇပါတာ သည် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ကို အကောင်အထည် ဖေါ်ရန်သာ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်သည်။

 

ထိုသို့ ရည်ရွယ်ချက် ကိုယ်စီ နှင့် ပူးပေါင်းလာသော မဟာမိတ် အဖွဲ့သည် ၁၉၁၃ တနှစ်လုံး နှင့် ၁၉၁၄ လ အနည်းငယ်အထိသာ တည်တံ့ခဲ့သည်။ မက္ကဆီကိုသည် ယခုအခါ ထောင်သောင်းချီသော ပြည်သူများ ပါဝင် ဆင်နွှဲလာသည့် ပြည်တွင်းစစ် မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီ ဖြစ်သည်။

 

အလုပ်သမားများ၊ လယ်သမားများ က မိမိတို့ကိုယ် မိမိ ဇပါတာများ၊ ဗီလာများ ဟု ကြွေးကြော်ကာ မက္ကဆီကန် ကရိုနီများ နှင့် နိုင်ငံခြား ကုမ္ပဏီကြီးများ ပိုင်ဆိုင်သမျှကို သိမ်းပိုက်ခဲ့ကြသည်။ နယ်ခြား တလျှောက်တွင် ဗီလာ တပ်များ၏ တိုက်စစ်ဆင်လာမှုများ လွန်စွာ ထိရောက်မှု ရှိလာ၍ ဝဲလ်တာ အစိုးရ သည် ၎င်းတို့ လက်အောက်ခံ တပ်များကို ရွှေ့ပြောင်း၍ နှိမ်နှင်းလာခဲ့ရသည်။ ထို့အတွက် ကျန်ဒေသများရှိ ဝဲလ်တာ အား တိုက်ခိုက်နေသော အင်အားစုများ အားကောင်းလာပြီး အောင်မြင်မှုများ ရလာခဲ့သည်။ မက္ကဆီကို မြို့တော်အား တောင်ပိုင်း နှင့် မြောက်ပိုင်းမှ နှစ်ဖက်ညှပ်၍ တိုက်ကာ ချဥ်းကပ်လာကြသည်။