မင်းအောင်လှိုင်သည် ၎င်း အာဏာ သိမ်းပြီး တနှစ် အတွင်း ကုန်သွယ်ရေး ပိုငွေ ဒေါ်လာ သန်း ၁,၁၄၀ ပိုငွေ ပြခဲ့သည်ဟု ကြွေးကြော် လာသော်လည်း တိုင်းပြည်၏ ကောက်ပဲသီးနှံ သယံဇာတ များကို ရသလောက် ထုတ်ရောင်း၊ သွင်းကုန်များကို မရှိမဖြစ် လိုအပ်သည်များ မှအပ တင်းကျပ်စွာ ထိန်းချုပ်ကာ လက်ထဲရ လာသော ဒေါ်လာငွေ များကို ကျစ်ကျစ်ပါအောင် စုထားပြီး အသက်ဆက်နေရသည့် အနေအထားကိုတော့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။
၎င်းလက်ထက်တွင် လူပေါင်း ၂,၀၀၀ ခန့် အသက်သေဆုံးခဲ့ရခြင်း၊ လူပေါင်း သောင်းချီ၍ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ထားခံရခြင်း၊ ယင်းနှင့် ဆက်နွယ်၍ မှီခိုနေရသည့် မိသားစုပေါင်း များစွာ၏ ဘဝများ ပျက်စီးသွားခဲ့ရခြင်း၊ အိုးအိမ်ပေါင်း ထောင်နှင့် ချီ၍ မီးတင်ရှို့ခံရကာ လူပေါင်း သန်းချီ လု နီးပါး တောတောင်များထဲ ထွက်ပြေး တိမ်းရှောင်နေရခြင်း၊ တိုင်းပြည်၏ စီးပွားရေးအား ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့ရခြင်း အစရှိသည့် ဖြစ်ရပ်များက ၎င်း၏ မဲမသမာမှု ကြောင့် အာဏာသိမ်းရပါသည် ဆိုသော အကြောင်းပြချက် အတွက် မည်သို့မျှ လုံလောက်မှု မရှိ။ တန်ဖိုးကြီးစွာဖြင့် တတိုင်းပြည်လုံး ကုန်း၍ ရုန်း၍ ခါးစီး ခံနေကြရပြီ ဖြစ်သည်။ လူသားချင်း စာနာထောက်ထားစိတ် မဆိုသလောက် ရှိသည့် လူပင်ဖြစ်စေ နဖူးပေါ် လက်တင်၍ စဉ်းစားလျှင် အိပ်ပျော်နိုင်စရာ အကြောင်းမရှိပေ။
ထို့အတွက်လည်း ၎င်း၏ အာဏာသိမ်းမှုအား ထပ်မံ၍ အကျုံးဝင်စေရန် အကျင့်ပျက် လာဘ်စားမှုများ ကျူးလွန်နေပါသည် ဆိုကာ နောက်ထပ် အကြောင်းပြချက်များ စွဲထုတ်လာပြီး လုပ်ကြံဖန်တီးထားသော စွဲချက်များ သက်သေများ နှင့် နိုင်ငံတော် အတိုင်ပင်ခံမှသည် ပြည်နယ် တိုင်း ဝန်ကြီးချုပ်များ အဆင့်ဆင့် အထိ (ဖြိုးမင်းသိန်းမှ လွဲ၍) တယောက်မျှပင် မကျန်အောင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လာပြန်ရာ ယခုအခါ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဦးဇော်မြင့်မောင်အား အဂတိ အမှု ငါးမှုဖြင့် ထောင်ဒဏ် (၂၁) နှစ် အပြစ်ပေးလိုက်ပြန်သည်။
ဤနေရာတွင် မေးခွန်းထုတ်စရာ ဖြစ်လာသည်မှာ ယခုအခါ ဖွဲ့စည်းပုံ နှင့် အညီ အုပ်ချုပ်နေပါသည် ဆိုပါလျှက် ဦးသိန်းစိန် ဆင်းကာနီး ၂၀၁၅ တွင် ဖုတ်ပူမီးတိုက် ကိုယ်လွတ်ရုန်း ပြဋ္ဌာန်းသွားသည့် “သမ္မတဟောင်း လုံခြုံရေး ဥပဒေ” (နောက်ကြောင်းပြန် တရားစွဲဆိုခွင့် ကင်းလွတ်သည့် ဥပဒေ ) က ဘယ် ချောင်ကြို ချောင်ကြား ရောက် သွားရသနည်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် သမ္မတ ကို ဥပဒေအရ အရေးမယူ ခဲ့သည့်တိုင် အဆိုပါ ဥပဒေ နှင့် ကင်းလွတ်နေသည့် ဝန်ကြီးချုပ် တဦး တလေကိုမျှ အရေးယူခြင်း မရှိခဲ့ပေ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးစားပေး အကောင်အထည် ဖေါ်ခဲ့ သည်သာ ဖြစ်သည်။ (၂၀၀၈ ဖွဲ့စည်းပုံတွင် နာမည် အမျိုးမျိုး တပ် အုပ်ချုပ်ခဲ့ကြသည့် စစ်ခေါင်းဆောင် တဦးတလေကိုမျှ အရေး မယူ ရန်လည်း ပုဒ်မ ၄၄၅ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်)
ယခုလည်း တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို ဖျက်လိုဖျက်ဆီး လုပ်ရန် အကြံ နှင့် ထွက်ပေါ်လာသော တက္ကသိုလ် ဝင်တန်း အောင်စာရင်းမှာ လူကြား မကောင်းအောင် ဂုဏ်ထူးများ တသီကြီး နှင့် ဖြစ်နေသည်။ မေးခွန်းတိုင်းကို ဖြေဆိုသူများ ဂုဏ်ထူးထွက်၊ တပုဒ်နှစ်ပုဒ် ဖြေသူတိုင်း ရိုးရိုးအောင်သော မူ နှင့် ဖြစ်နေပြီလော။
ဤသည်ကလည်း ပညာတတ် လူတန်းစား ဟူ၍ ပေါ်ထွက် မလာအောင် စနစ်တကျ လမ်းခင်း ပေးလိုက်ခြင်း ဖြစ်သည်။ ဗိုလ်နေဝင်း ခေတ်ကလည်း ထိုသို့ ပင် ပညာတတ်များကို အညွန့်ချိုးသည့် အနေဖြင့် စာပေးစာယူ သင်ကြားကာ ဘွဲ့ရအောင် ဖန်တီးလာခဲ့သည်။ သူလည်း ဘွဲ့ရ ငါလည်း ဘွဲ့ရ ဖြစ်လာပြီး ယခင်က တက္ကသိုလ်က ဘွဲ့ရလျှင် ဂုဏ်ယူ ဝင့်ကြွားစရာ၊ အားလုံးက အားကျရသည့် အနေအထား ပျောက်ကွယ်သွားပြီး မြန်မာ တက္ကသိုလ် ပညာရေး စနစ်သည် ရေစုံမျောသွားခဲ့ရပေတော့သည်။ ထိုသို့ စက်နှင့် ရိုက်ထုတ်သည့် အလား ထွက်ပေါ်လာသော တက္ကသိုလ် ဘွဲ့ရဆိုသူများမှာလည်း ဆိုက္ကားနင်းစားရသည့် ဘဝသို့ ရောက်ကုန်ကြသည်။ ၎င်းတို့ ဒေါ်စိန်အေး ကျောင်းထွက်များကိုသာ အခြောက်တိုက် ဘဝင်မြင့်သည့် superiority complex ရောဂါ ရအောင် မြေတောင်မြှောက်ပေးခဲ့ပြီး ငါတို့သည်သာ တိုင်းပြည်ကို အုပ်ချုပ်နိုင်သူများ အထင်ရောက်အောင် တခါတည်း အပြီးအပိုင် ခေါင်းထဲ ရိုက်သွင်းကာ အဆိပ်ပင်များ ရေလောင်းခဲ့ကြသည်။
စစ်ကျွန် လက်အောက်တွင် မျောက်တကောင် လက်ထဲ ထည့်ပေးလိုက်သော အုန်းသီး ပညာရေးမျိုး ဖြင့် မိမိတို့ ဘဝ အညွန့်ချိုး ခံရတော့မည်ကို သိမြင်နေကြပြီ ဖြစ်သော လူငယ်များက ရသည့်နည်းဖြင့် အပြင်းအထန် တွန်းလှန် လာနေကြပေသည်။
ထိုမျှမက မြန်မာ တိုင်းရင်းသား တရပ်လုံး၏ ရင်ထဲ ဝယ် ထိုစနစ်ဆိုးကြီးကို အပြီးအပိုင် တော်လှန်မှ ဖြစ်မည် ဆိုသော အသိတရားများ ကိန်းအောင်းလာအောင် ပြုစုပျိုးထောင်ပေးလိုက်ပြီလည်း ဖြစ်သည်။
ထိုသို့သော အပေါစား ပညာရေးမျိုး ကိုသာ ဆက်လက်သင်ကြားရတော့မည့် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် အောင်မြင်၍ ပျော်ရွှင်နေကြချိန်၌ ယမန်နေ့က မြန်မာနောင်း၏ သတင်းအရ ရန်ကုန်ရှိ ဒဂုန် နှင့် တောင်ဒဂုံ မြို့နယ် များ တွင် ဗုံးဖေါက်ခွဲရန် ကြိုးစားစဉ် မတော်တဆ ပေါက်ကွဲ၍ သေဆုံးသွားရသည့် လူငယ်လေး နှစ်ဦး အကြောင်းကိုလည်း စိတ်မကောင်းဖွယ် ကြားသိရပြန်သည်။
ထိုလူငယ် များထဲမှ တဦးသည် ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းတွင် ဖေါက်ခွဲရန် ကြိုးစားစဉ် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ ဗိုလ်ရာညွန့်သည် ဗြိတိသျှ တို့အား ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ရင်း သေဒဏ် ပေးခံခဲ့ရသော်လည်း ဆရာတော် သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကြောင့် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးသမားများက သေဒဏ်မှ တသက်တကျွန်းသို့ လျော့ပေါ့ပေးခြင်း ခံခဲ့ရသူ လည်း ဖြစ်သည်။
အဆိုပါ အဖြစ်ကို ရည်ညွှန်း၍ ယခုအခါ ဆရာတော်ကြီးများသည် အဘယ်ကြောင့် ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့ အား စစ်ကောင်စီ မှ သတ်ဖြတ်ရန် ကြံစည်လာမှု ကို တလုံးတပါဒမျှ မရည်ညွှန်းဘဲ ရေငုံ နှုတ်ပိတ် နေကြရသနည်းဟု ဧရာဝတီက မေးခွန်းထုတ်လာခဲ့သည်။ ဦးစောကို ကြိုးပေး စဉ်ကပင် ဝိုင်းဝန်း၍ အသက်ကို အလှူခံခဲ့ကြသည့် အစဉ်အလာများလည်း ရှိခဲ့ပြီး ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ အချို့ နာမည်ကြီး ဆရာတော် ကြီးတပါးဆိုလျှင် လူပေါင်းများစွာ သတ်ဖြတ် ခံနေရသည့် အချိန်တွင်ပင် မင်းအောင်လှိုင်ကို ဘုန်းကံရှင် မင်းတပါး အဖြစ် ခိုင်းနှိုင်း ပြောဆိုသုံးနှုန်းလာခဲ့သည်။
ယခုလို မတရားသဖြင့် စီရင်ချက် ချပြီး လုပ်ကြံ သတ်ဖြတ်ခံရမည့် အရေးကို အာဏာရှင်များ နှင့် နီးနီးကပ်ကပ် ဆက်ဆံခွင့် ရနေသော ဆရာတော် ကြီးများ ပြောဆိုနားချသင့်လှပေသည်ဟု လည်း ရေးသားထားသည်။
အချို့ကလည်း တိုင်းသူပြည်သားများ ခံစားနေရသော ဆင်းရဲဒုက္ခများကို ငဲ့ညှာရကောင်းမှန်း မသိ၊ အန္တရာယ် ကင်း ပရိတ်တရားတော်များပင် ရွတ်ဖတ်သရဇ္စျယ် ပေးရကောင်းမှန်း မသိ မေ့လျော့နေကာ မင်းအောင်လှိုင် မိသားစု၊ အာဏာရှင် လက်ဟောင်း မိသားစုများ ကပ်လှူသော ဆွမ်းကွမ်း ဝတ္တုများကို လက်ခံရင်း အလုပ် များနေကြသည်ဟု ပြတ်သားစွာ ထောက်ပြလာခဲ့သည်။
ထိုအဖြစ်ကို ဗုဒ္ဓဘာသာဝင် အများစုက မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်နေကြသည်။ မင်းအောင်လှိုင်ကို ဘဝရှင် မင်းတရားကြီး အဖြစ်ထားကာ ၎င်းကို ဆန့်ကျင် နေသူများအား နယ်စွန်နယ်ဖျား တွင် သူပုန်ထနေကြ သူများဟု သတ်မှတ်နေကြ၍သာ ဖြစ်ပေမည်။ တခုတော့ ရှိပေသည်။ ဆရာတော်ကြီးများက အနှီ ပုဂ္ဂိုလ် များသည် ၎င်းတို့၏ များပြားလှသော အကုသိုလ်များကို ဘုရားတည် ကျောင်းဆောက်နိုင်က ဖြေဖျောက်၍ ရသည် ဆိုသော အသိဉာဏ် သာ ရှိသည့် အရိုင်းအစိုင်း သတ္တဝါများ ဖြစ်သည်ဟု မှတ်ယူထားကြ၍များလော။
ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!