မြန်မာ အခြေအနေအပေါ် ကွက်တိ ပြောဆိုသွားသည့် ကုလ လူ့အခွင့် အရေး မဟာမင်းကြီး၏ အစီရင်ခံစာ

by Hla Soewai - Jun 17 2022

ဂျနီဗာတွင် ကျင်းပလျှက် ရှိသော ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မရှင် အကြိမ် (၅၀) မြောက် အစည်းအဝေး တွင် မြန်မာ အရေး နှင့် ပတ်သက်၍ မဟာမင်းကြီး မီချယ် ဘက်ချလက်၏ နှုတ်ဖြင့် တင်သွင်းသော အစီရင် ခံချက်မှ ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

သူမ၏ စကားလုံးများသည် စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များကို ကုလ အဆင့်မြင့် အရာရှိကြီး တဦး အဖြစ် ကမ္ဘာအလယ်တွင် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်၍ စစ်ခေါင်းဆောင်များ အဖို့ ကမ္ဘာမင်းပရိသတ် အလယ်တွင် မည်သို့မျှ မျက်နှာပြဝံ့စရာ အနေအထား မရှိတော့၊ ငါတို့ဖာသာ ငါတို့ ဘယ်သူနဲ့မှ မဆက်ဆံဘူး ဆိုလျှင် ရှိ စေတော့၊ သို့သော် ပြဿနာ ရှိလာနေသည်က ထိုသို့ ပြောဆိုလာတိုင်း ယိုသူ မရှက် မြင်သူ ရှက် ဆိုကာ နိုင်ငံ တကာ အနေဖြင့် မဖြစ်မနေ တခုခု လုပ်လာမည်ကိုသာ စိုးရိမ်ကြရတော့မည့် အရေးပင် ဖြစ်သည်။

 

ယခုပင် ခြံစည်းရိုး ခွထိုင်နေသည်ဟု ယူဆရသည့် အိန္ဒိယ ၏ လူ့အခွင့် အရေး ကောင်စီ ကိုယ်စားလှယ်က ကန့်ကွက်စကား စ၍ပြောလာပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ၏ စိုးရိမ်ကြောင့်ကြ ဖြစ်ပေါ်လာနေမှု ကို မျက်နှာလွှဲ ခဲပြစ် လုပ်၍ မရတော့သဖြင့် ယနေ့ ပြုလုပ်မည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးတွင် ဝဏ္ဏမောင်လွင်ကို ဖယ်ထုတ်လိုက်ပြီ ဖြစ်သည်၊ ဤသည်ကား အိန္ဒိယ၏ အရေးပါသော ခြေလှမ်းတရပ်ပင် ဖြစ်သည်။

 

အစီရင်ခံစာ

 

(၁)

 

ကျမ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လအတွင်း နောက်ဆုံး အကြိမ် အစီရင်ခံပြီး နောက်ပိုင်း မြန်မာပြည်ရဲ့ အခြေ အနေဟာ အလျှင်အမြန် ဆိုးရွားလာနေပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပေါ်လာတဲ့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို မြန်မာပြည်သူတွေ ဆက်လက် ခံစားနေရဆဲ ဖြစ်ပြီး ဆင်းရဲတွင်း သံသရာ မှ တဝဲတလည်လည် ဖြစ်လာနေကြရရုံမျှမက အိုးအိမ်များ စွန့်ခွာ ထွက်ပြေးရခြင်း၊ လူ့အခွင့်အရေး များ ချိုးဖောက် အလွဲသုံးစား ခံရခြင်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

 

ကျမတို့ ယနေ့ တွေ့မြင် ကြားသိနေကြရတာကတော့ မြန်မာပြည်သူတွေ အပေါ် စစ်တပ်က စနစ်တကျ နဲ့ နေရာအနှံ့အပြား မှာ လူသားများ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုတွေ ကို ကျူးလွန်နေတယ် ဆိုတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

 

၂၀၂၁ ဖေ‌ဖေါ်ဝါရီလ ကတည်းက အနည်းဆုံး လူပေါင်း ၁,၉၀၀ ခန့် သေဆုံးခဲ့ကြရပြီး ပြည်တွင်းက လူတွေ အဖို့လည်း ကြောက်မက်ဖွယ်ရာ အခြေအနေများ နဲ့ ရင်ဆိုင်နေရပါတယ်။ လူတသန်း ခန့် ပြည်တွင်းမှာပဲ စစ်‌ဘေးရှောင် နေကြရပြီး ၁၄ သန်း ခန့်ကလည်း အကူအညီများ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂ က မှတ်တမ်း ပြုနိုင်ခဲ့ပါတယ်။

 

စစ်အာဏာသိမ်းမှု ကြောင့် တိုင်းပြည်စီးပွားရေး ပြိုလဲသွားခဲ့ပြီး လူသန်းပေါင်း များစွာ အလုပ်အကိုင်များ သို့မဟုတ် ဝင်ငွေရရာ ရကြောင်းတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။ နိုင်ငံရဲ့ ငွေတန်ဖိုးလည်း ထိုးကျသွားခဲ့ပြီး မရှိမဖြစ် လိုအပ်တဲ့ စားကုန် ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။

 

စစ်တပ်က နိုင်ငံတဝှမ်း နေရာ အတော်များများမှာ အင်တာနက်ကို ဖြတ်‌တောက်ပြစ်ခဲ့တဲ့အပြင် သတင်း သမားတွေ၊ လူ့အခွင့်အရေး များ နဲ့ ပတ်သက်ပြီး သတင်းပေးပို့နေတဲ့ လူပုဂ္ဂိုလ်တွေ အပေါ် တရားစွဲဆို အပြစ်ပေးနေပြန်တဲ့ အတွက် သတင်းစီးဆင်းမှု တွေနဲ့ လူထုရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေ ပြင်းပြင်းထန်ထန် ကန့်သတ်ချုပ်ချယ် ခံနေရပါတယ်။

 

ဒီလို အခြေအနေ တွေ ရှိနေပေမယ့် ကျမတို့ အဖွဲ့အနေနဲ့ ကျူးလွန်နေတဲ့ အတိုင်းအတာ ပမာဏ ကို ဆက်လက် စောင့်ကြည့် မှတ်တမ်း တင်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။

 

(၂)

 

စစ်တပ်က အာဆီယံကို ပေးခဲ့တဲ့ ကတိကဝတ် တွေ ရှိခဲ့ပေမယ့် အသိတရား ကင်းမဲ့စွာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများက ပြင်းထန်သည်ထက် ပြင်းထန်လာနေပါတယ်။ စစ်တပ်က ပြည်သူတွေ အပေါ် မစို့တပို့ လောက် အကာအကွယ် မျိုးလောက်သာ ပေးထာပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ၊ လူသားအချင်းချင်း အပေါ် ထားရမယ့် ကျင့်ဝတ်‌တွေ ဆိုတာကို လေးစားရကောင်းမှန်း မသိပဲ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

 

မကြာမီက ကရင်၊ ကယား ပြည်နယ်တွေနဲ့ ချင်းပြည်နယ် အနောက်မြောက်ဒေသ၊ စစ်ကိုင်း နဲ့ မကွေးဒေသကြီး မှာ လုပ်လာတဲ့ စစ်ဆင်ရေးတွေကြောင့် ပြည်သူတွေ ခံစား‌နေရတဲ့ ဒုက္ခ ဆင်းရဲတွေ ဆထက် တံပိုး တိုးပွားလာ ခဲ့ရပါတယ်။

 

ဒေသခံတွေ အဖို့လည်း မကြာခဏ ဖမ်းဆီးခံခဲ့ကြရပြီး၊ အချို့ ပျောက်ကွယ်သွားခဲ့ကာ အချို့ ကို လူသား ဒိုင်း အဖြစ် အကာအကွယ် ယူခံရတဲ့ အဖြစ်အပျက် တွေလည်း ရှိနေပါတယ်၊ စစ်တပ် က ကျေးရွာ တခုလုံး မီးရှို့ ခြင်းမျိုး၊ လူနေ အဆောက်အအုံများ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ နဲ့ နိုင်ငံတကာ ဥပဒေများ အရ အထူး အကာအကွယ် ပေးထားတဲ့ အခြား အရာတွေကိုလည်း မီးတင်ရှို့‌လာကြပါတယ်။ ယမန်နှစ် အာဏာ သိမ်း ဖို့ ကြိုးစားလာကတည်းက ဒီလို အရာမျိုး ၁၁,၀၀၀ ကျော် မီးရှို့ခံခဲ့ရပြီး စပါး သီးနှံ နဲ့ အခြား အခြေခံ စားကုန်တွေ သိုလှောင်ထားတာ‌တွေပါ ဖျက်ဆီးခံခဲ့ရပါတယ်။

 

စစ်တပ်က တချိန်တည်းမှာ သူတို့ အခေါ် “ဖြတ်လေးဖြတ်” ဗျူဟာ သုံးပြီး ဒေသခံ တွေကို အပြစ်ဒဏ်ခတ်ခြင်း၊ ၎င်းတို့ အာဏာသိမ်းရန် ကြံစည်နေမှု ကို လက်ခံရန် ငြင်းဆိုနေသူများအား ဖယ်ကျဉ် ဆက်ဆံခြင်းများ ပြုလုပ် လာပါတယ်။

 

ကျမ အဖို့ အတော်ကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ရတဲ့ သတင်းကတော့ စစ်တပ်က ကျေးရွာ အချို့မှာ ဒေသ ပြည်သူ့စစ်ဆိုပြီး ရွာလုံးကျွတ် နီးပါး ဖွဲ့စည်းပေးလာတာမျိုး နဲ့ ရဲ တပ်ဖွဲ့ ကို စစ်ပုံစံ သွင်းလာတာမျိုး တွေ ဖြစ်ပါတယ်၊မီးသတ်အဖွဲ့ဝင် တွေ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်‌တွေနဲ့ အခြား လူမှုရေး အထောက်အကူပြု အဖွဲ့ဝင် တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အဖြစ် အသုံးချဖို့ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ကျမတို့ အဖွဲ့ရုံးက လက်ခံ ရရှိခဲ့ပါတယ်။

 

ယခုလို ဖိနှိပ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာတောင် မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ် ခွန်အားကို ကျမ လေးစားနေမိပါတယ်။ မြန်မာပြည်သူတွေက စစ်တပ်ရဲ့ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှု တွေကု ဆက်ပြီး တွန်းထိုး ရုန်းကန် ဆန့်ကျင်နေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်း နေ့စဉ်လို ကန့်ကွက်ဆန္ဒ ပြမှု တွေ၊ စစ်တပ်က ဦးစီးနေတဲ့ အစိုးရ ယန္တရား တွေ၊ ဝန်ဆောင်မှု တွေကို အခု ရက်ပေါင်း ၅၀၀ တိုင်လာသည်အထိ ဆက်ပြီး သပိတ်မှောက်ဖို့ ကြိုးပမ်းနေကြဆဲပါ။

 

ဒီလို ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြတဲ့ လူတွေ အဖို့လည်း လက်လွတ်စပယ် ဖမ်းဆီး အကျဉ်းချ ခံရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီ လက စပြီး နိုင်ငံရေး သမားတွေ၊ မီဒီယာ အဖွဲ့ဝင်တွေ၊ ရှေ့နေတွေ၊ မြို့ပြ လူ့အဖွဲ့ အစည်း တွေ ရဲ့ ခေါင်းဆောင်တွေ၊ အခြား အဖွဲ့အစည်း အဝင် စုစုပေါင်း ၁၃,၅၀၀ ဖမ်းဆီးခံနေရပါတယ်။ သူတို့အားလုံးက စစ်တပ်ရဲ့ အာဏာသိမ်းတယ် ဆိုတဲ့ လုပ်ရပ်တွေ အပေါ် ဆန့်ကျင် ကန့်ကွက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် လူ ၁,၉၀၀ ကျော်ကိုလည်း ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ပါတယ်။

 

မကြာမီက စစ်တပ် ပြောရေးဆိုခွင့် ရှိသူ ဆိုတဲ့ ပုဂ္ဂိုလ်က ထင်ရှားတဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ နှစ်ဦး အပါအဝင် လူ လေးဦး အပေါ် ချမှတ်ထားတဲ့ ့သေဒဏ်ကို အကောင်အထည် ဖေါ်မယ်လို့ ပြောလာပါတယ်၊ ကျမအ‌နေနတဲ့ စစ်အာဏာပိုင်‌တွေကို ဒီနေရာကနေ အ‌ဆောတလျှင် တောင်းဆိုလိုတာကတော့ ယခုလို နောက်ပြန် ဆွဲ သွားစေမည့် လုပ်ရပ်ဟာ လူတဦးရဲ့ အသက်ရှင် ရပ်တည်ခွင့်ကို ချိုးဖောက်ရုံသာမက နိုင်ငံရေးအရ ပြန်လည် ရင်ကြား‌စေ့ရေး ကိုပါ နှောင့်‌ နှေး‌အောင် လုပ်သလို ဖြစ်စေနိုင်တာမို့ ဆင်ခြင်ကြဖို့ ဖြစ်ပါတယ်။

 

(၃)

 

ယခု မြန်မာ ပြည်သူတွေရဲ့ ဘဝ နဲ့ အနာဂတ် ဟာ မရေမရာ မသေချာ တဲ့ အနေအထား မျိုး ကြုံနေရပါပြီ။ စစ်တပ်ရဲ့ စဉ်းစား ဆင်ခြင်မဲ့စွာ ရမ်းကားနေတဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှု တွေဟာ ထိရောက်မှု မရှိသေးတာကို စိတ်ပျက်ဖွယ် တွေ့မြင်နေရပါတယ်။ အာဆီယံ ရဲ့ ၂၀၂၁ ဧပြီလထဲက ချမှတ်ထားတဲ့ အချက် ငါးချက် မှာလည်း ယခုထိ မဆိုသလောက် ရလဒ်မျိုး သာ ထွက်ပေါ်ခဲ့တာမို့ အာဆီယံ အဖွဲ့ ဝင် နိုင်ငံများ အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် ပတ်သက် ဆက်နွယ်နေတဲ့ အဖွဲ့ အစည်း အားလုံးကို ဆက်သွယ် ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!