ကန် ကာကွယ်ရေး ဝန်ကြီး ခရီးစဉ် နှင့် ကုလ မှ အသံများ

by Hla Soewai - Jun 16 2022

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်သည် သုံးရက်ကြာ ခရီးစဉ် အဖြစ် ဘန်ကောက်သို့ ရောက် ရှိလာပြီး ထိုင်းကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သူ ဝန်ကြီးချုပ် ပရာရွတ် နှင့် စစ်ရေး လုံခြုံရေး တို့တွင် ပူး‌ပေါင်း ဆောင်ရွက်ရန် အပြင် မြန်မာ အရေး များကို အဓိက ထား ဆွေးနွေးသွားသည်ဟု သိရသည်။

 

စင်္ကာပူ ရှန်ဂရီလား ဒိုင်ယာလော့ တွင် ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိ အမျိုးသမီး ပွန်ပီမိုမှ မြန်မာ စစ်ခေါင်းဆောင်များကို ပြစ်ပယ်မထားဘဲ ဝိုင်း၍ ဆက်ဆံပေးကြပါရန်၊ ပြစ်ပယ်ထားမည် ဆိုက ရလဒ် ကောင်းများ ထွက်လာမည်မဟုတ်ဟု အမေရိကန် မှ အရာရှိကြီးဖြစ်သူ ဒဲရက် ရှိုလက် ရှေ့မှာပင် ကျောရိုးမဲ့စွာ ပြောဆိုသွားခဲ့သည်။

 

စစ်ကောင်စီသည် ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ တကမ္ဘာလုံး ၏ တောင်းဆိုနေမှုများ ကို တစက်က‌လေးမျှပင် အလျော့မ‌ပေးသည့်အပြင် ဒီမိုကရေစီ အရေးအား ထိပ်တန်းမှ တိုက်ပွဲဝင်‌နေသူ နှစ်ဦးကိုပင် ကြိုးပေး ကွပ်မျက် ရန် စီစဉ်နေပြီ ဖြစ်သည်။ ထိုအချက်ကို မသိကျိုးကျင်ပြုကာ စစ်ကောင်စီ နှင့် ဆက်ဆံကြရန် အရှက်မဲ့စွာ ပြောဆိုသွားရဲသည်ကို ထောက်၍ အမေရိကန် တို့အနေနှင့် ထိုင်းကို စည်းရုံး၍ မရသေးသည်မှာ ထင်ရှား နေသည်။

 

ထိုင်း သည် သမိုင်း အဆက်ဆက် ရန်ညှိုးများ ကြောင့် မြန်မာပြည်အား ဒုက္ခတွင်းထဲ နစ်သည်ထက် နစ်နေရန် အတွက် ထိုသို့ ဖြစ်အောင် ပံ့ပိုး နေသည့် မြန်မာ စစ်တပ်ကို အမြဲလို ထောက်ခံနေ စမြဲ ဖြစ်သည်။

 

လက်ရှိ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ၏ ခရီးစဉ် အတွင်း ထိုင်းစစ်တပ် ခေတ်မီ ရေးအတွက် လိုအပ်သည့် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ပေးသွားရန် နှင့် ၂၀၂၃ တွင် ထိုင်း-အမေရိကန် “မြွေဟောက်” စစ်‌ရေး လေ့ကျင့်မှုများ ပြန်လည် စတင်ရန် ဆွေးနွေးလာ၍ ထိုင်းရှိ နိုင်ငံရေး သမား အချို့ မှာ ထိတ်လန့် လာနေကြ သည်ဟု လည်း သိရသည်။

 

အမေရိကန်သည် ထိုင်း နှင့် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် ချုပ်ဆိုထားခဲ့သည့် နိုင်ငံဖြစ်၍လည်း တရုတ်နှင့် စစ်ဖြစ်လာပါက ထိုင်း အား ဆွဲသွင်းခံရမည် ကို တွက်ဆလာကြ၍လည်း ဖြစ်သည်။ အ‌မေရိကန် သည် ဒေသတွင်းတွင် ထိုင်း အပြင် တောင်ကိုရီယား၊ ဂျပန်၊ ဖီလစ်ပိုင်၊ ဩစတေးလျှ တို့နှင့်လည်း အလားတူ စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။

 

ကုလ ရှိ ဗီယက်နမ် ကိုယ်စားလှယ်မှ မြန်မာ အကျပ်အတည်း အား သက်ဆိုင်သူများ အားလုံး၏ အခိုင်အမာ ကတိကဝတ် ပြုမှုများ နှင့် ပြီးပြည့်စုံပြီး ရေရှည် တည်တံ့မည့် ဖြေရှင်းချက်မျိုး ထွက်ပေါ်လာရေးကို ထောက်ခံ သွားမည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

လက်ရှိတွင် မြန်မာ ပြည်သူများ၏ လုံခြုံမှု ရှိရေး နှင့် ဘေးအန္တရာယ် ကင်းရေး တို့ အတွက်သာ ဦးစားပေး စဉ်းစား လုပ်ဆောင်သွားကြပါရန် ကုလ ဆိုင်ရာ ဗီယက်နမ် သံအဖွဲ့၏ ဒုတိယ အကြီးအကဲ လီသီ မင်း သိုအာ မှ ပြောဆိုသွားကြောင်း ဗီယက်နမ် အစိုးရ သတင်းဌာန က ထုတ်ပြန်လာခဲ့သည်။

 

အမေရိကန် ၏ ကုလ လက်ထောက် ကိုယ်စားလှယ် နစ် ဟေးလ် မှလည်း ယခုအခါ အာဏာသိမ်းခဲ့သည်မှာ ၁၇ လ ထဲ ရောက်လာနေပြီ ဖြစ်ကြောင်း၊ မြန်မာပြည်သူတို့ ကံဆိုမိုးမှောင် ကျဖို့ အကြောင်းဖန်လာသည်က အာဏာ သိမ်း ခေါင်းဆောင်များသည် ယခင် ဘာသာရေး အရ ၎င်း၊ လူမျိုး‌ရေး အရ ၎င်း၊ တိုင်းရင်းသား လူနည်းစုများ ကို နှိပ်စက် သတ်ဖြတ်ခဲ့ကြသူများ ဖြစ်နေကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များ အတွက် နိုင်ငံခြားရေး ဝန်ကြီး ဘလင် ကင် မှ ဂျီနိုဆိုက် မြောက်သည်ဟု သတ်မှတ်ခဲ့ပြီး ဖြစ်‌ကြောင်း၊ အမေရိကန် အနေဖြင့် မြန်မာပြည်တွင် အကြမ်း ဖက်မှုများ ရပ်တန့်ရန်၊ ထိခိုက်‌သေဆုံးခဲ့ရသူများ အတွက် တရားမျှတ မှု နှင့် တာဝန်ခံမှု ရှိအောင် ကြိုးပမ်းသွား မည် ဖြစ်‌ကြောင်း၊ နိုင်ငံတွင်းရှိ ဒုက္ခရောက်နေသူများအား ကူညီထောက်ပံ့‌ပေးနိုင်ရန် လမ်းကြောင်း ပေါင်းစုံ သုံး၍ ကြိုးပမ်းပေးသွားမည် ဖြစ်ကြောင်း အစရှိသဖြင် အကျယ်တဝင့် ပြောဆိုသွားခဲ့သည်။

 

မြန်မာအတွက် ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး က စစ်တပ်သည် ကလေးသူငယ်ပေါင်း မြောက် မြားစွာကို သတ်ဖြတ်ခဲ့သည်ဟူသော သူ၏ အစီရင်ခံစာကို အချက်အလက်များနှင့် တကွ ထုတ်ပြန်လာသည်။ အဆိုပါ အချက်အလက်များကို ကုလ ‌‌အေဂျင်စီ အသီးသီး၊ လူ့အခွင့် အရေး အဖွဲ့များ၊ ပြည်တွင်းရှိ မြို့ပြ အဖွဲ့ အစည်း များမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အချက်အလက်များအရ ကလေးသူငယ် ၃၈၂ ဦးသည် လေ ကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ နှင့် ပစ်ခတ်ခံရခြင်း များ အပါအဝင် စစ်ကောင်စီ တပ်များ၏ လက်ချက်ဖြင့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ၁၄၂ ဦးသည် ဖမ်းဆီးနှိပ်စက်ခံခဲ့ကြရသည် ဟု ပါရှိခဲ့သည်။

 

နိုင်ငံတကာ အနေဖြင့် မြန်မာ အကျပ်အတည်းကို ယူကရိန်း ကဲ့သို့ပင် အရေးတကြီး ထားကာ တုံ့ပြန်ရတော့ မည် ဖြစ်ကြောင်းလည်း အစီရင်ခံစာ၏ အဆုံးသတ်တွင် တောင်းဆိုထားပြန်သည်။

 

မြန်မာ အရေးသည် ပြည်တွင်းရေး ဟု တွင်တွင် ပြောကာ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေသည့် စစ်အာဏာသိမ်း အဖွဲ့အား ကမ္ဘာစင်မြင့်တွင် ဆက်လက် ထောက်ခံမှု ပေးသွားနိုင်ရန်မှာ တရုတ် နှင့် ရုရှား တို့ အတွက် တဖြေးဖြေး ဘောင်ကျဉ်းလာနေသည်။

 

လက်ရှိ အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုနှင့် ထိပ်တိုက် ရင်ဆိုင်နေရချိန်တွင် ရုရှား နှင့် တရုတ် တို့ အဖို့ မိမိတို့ ဖက်မှ ထောက်ခံမည့် နိုင်ငံများ များသည်ထက် များ အောင် စည်းရုံးနေရသည့် အချိန်တွင် ကိုယ်ကျင့် သိက္ခာ ပျက်ယွင်းနေသော မြန်မာ စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ် ကို မျက်စိမှိတ် ထောက်ခံနေ၍ မဖြစ်တော့ သည်ကို သိလာကြပြီ ဖြစ်သည်။

 

ထို့အတွက်လည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ ရှန်ဂရီလား တွင် မြန်မာ စစ်ခေါင်းဆောင်များ နားထောင် အောင် လုပ်နိုင်မည့် နိုင်ငံကြီး နှစ်နိုင်ငံကို ပြောရတော့မည်ဟု ဆိုလာခြင်းပင် ဖြစ်သည်။

 

တရုတ် နှင့် ရုရှားသည် မရသည့် အဆုံး မြောက်ကိုရီယားအား ကုလ လုံခြုံရေး ကောင်စီမှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ရန် ဆုံးဖြတ်ချက်ကိုပင် သ‌ဘောတူ လိုက်လျောခဲ့ရပြီး ဖြစ်သည် မဟုတ်ပါလော။

 

လက်ရှိတွင် နိုင်ငံများက စစ်ကောင်စီ နှင့် သံတမန် ဆက်သွယ်မှု အဆင့်နိမ့် လျော့ချလာသည်ကို လက်တုန့်ပြန် သည့် အနေဖြင့် သံအမတ်ကြီးများအား နေပြည်‌တော်သို့ ပြန်ခေါ်ကာ အငယ်တန်း အရာရှိများကို သံရုံး ယာယီ တာဝန်ခံ အဖြစ် စေလွှတ်နေသဖြင့် အဆိုပါ အနောက်နိုင်ငံကြီးများရှိ မြန်မာ သံအမတ်ကြီးများ မျက်ခုံး လှုပ် လာနေပြီ ဖြစ်သည်။

 

ယနေ့ပင် သမ္မတကြီး ဒူးဝါး လရှီးလား မှ ၂၀၂၃ တွင် မင်းအောင်လှိုင် လုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ရန်သူ စစ်ကောင်စီ ကို အပြီးတိုင် ချေမှုန်း နိုင်ရန် ဝန်ကြီးဌာန အားလုံး ပြင်ဆင်ထားကြဖို့ လမ်းညွှန်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!