လူမိုက်တို့ သွားရာလမ်း ကို ဦးတည်၊ ရှိုလက်က “လူရမ်းကား တသိုက်” ဟု ခေါ်ဝေါ်လိုက်ပြီ.... နိုလင်း ဟေဇာ၏ ကုလ အစီရင်ခံချက်

by Hla Soewai - Jun 15 2022

မင်းအောင်လှိုင်သည် အာဆီယံ ဥက္ကဌ ဟွန်ဆန် မှ ကိုဖြိုးဇေယျာသော် နှင့် ကို ဂျင်မီ တို့၏ သေဒဏ်ကို ပယ်ဖျက်ပေးရန် အလေးအနက် ပန်ကြားမှုကို ပယ်ချလိုက်ခြင်းဖြင့် လာလတ္တံ့သော ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးလိုက်ပြီ ဖြစ်သည်။

 

ဝဏ္ဏမောင်လွင်၏ နိုင်ငံခြားရေး ဌာနမှ မည်သည့်အတွက်ကြောင့် ယခုလို လုပ်ဆောင်ရသည်ကို ရှင်းလင်း ထားသော စာရှည်ကြီး တစောင်ကို ပြန်လည် ပေးပို့လိုက်ခြင်းဖြင့် ပယ်ချလိုက်ခြင်း ဖြစ်သည်။

 

အကြမ်းဖက် စစ်ကောင်စီသည် တဖြေးဖြေး နှင့် ၎င်းတို့၏ လက်တဆုပ်စာ သာ ရှိသော နိုင်ငံများ၏ ထောက်ခံမှု ကို တဖြေးဖြေး နည်းသည်ထက် နည်းအောင် ဘယ်သူမပြု မိမိမှု ကြံဆောင်လိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် အမေရိကန် နိုင်ငံခြားရေး ဌာန အကြံပေး ဒဲရက် ရှိုလက်မှ မြန်မာစစ်တပ်သည် စစ်တပ်တတပ်တွင် ရှိသင့်သည့် ကျင့်ထုံးများ နှင့် အညီ လုပ်ဆောင်သူများ မဟုတ်ဘဲ “လူရမ်းကား တသိုက်” အဆင့်သာ ရှိတော့သည်ဟု ဧရာဝတီ အား ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်ထဲရေး နှင့် လူဝင်မှု ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ခြောက်လ အတွင်း အာဏာသိမ်း အဖွဲ့သည် စစ်ရာဇဝတ်မှု စုစုပေါင်း ၂,၈၀၀ နီးပါး ကျူးလွန်ခဲ့သည်ဟု အချက်အလက် နှင့် တကွ ထုတ်ပြန်လာသော်လည်း ယခုကဲ့သို့ ဥပဒေ သေဒဏ်စီရင်ခဲ့မှု တချက်တည်း နှင့်ပင် အငြင်းပွားစရာ မလိုသော ရာဇဝတ်မှု မြောက်သွားခဲ့လေသည်။

 

ဆက်ဒမ် ဟူစိန်ကိုပင် သူ၏ နှစ် သုံးဆယ်ကျော် အုပ်ချုပ်ခဲ့သည့် သက်တမ်း အတွင်း ကျူးလွန်ခဲ့သော ပြစ်မှုပေါင်းများစွာ အနက် တမှုကိုသာ စွဲချက်တင် စီရင်ခဲ့သည့် အစဉ်အလာများလည်း ရှိနေပြီ ဖြစ်သည်။

 

အရပ်သားများကို တရားဥပဒေ ပြင်ပမှ သတ်ဖြတ်ခြင်း၊ ထင်ရာမြင်ရာ ဖမ်းဆီးနေခြင်း၊ နိုင်ငံအလယ်ပိုင်းတွင် ကျေးရွာများကို မီးတင်ရှို့နေခြင်း အစရှိသည်တို့သည် စစ်တပ်တတပ် အနေဖြင့် လုပ်သင့်သည့် ပုံစံမျိုး မဟုတ် ကြောင်း ထောက်ပြသွားသည်။

 

ထို့အတွက် မိမိတို့ အနေဖြင့် မြန်မာ တို့၏ ခုခံ တွန်းလှန်နေမှုကို လုပ်နိုင်သမျှ လုပ်ပေးပြီး ထောက်ခံသွားဖို့ တာဝန် ကျရောက်လာပြီ ဖြစ်သည်ဟုလည်း ဆိုသည်။

 

မြန်မာ အရေးတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် စင်္ကာပူ၊ မလေးရှား၊အင်ဒိုနီရှား တို့ နှင့် ပူးတွဲ လုပ် ဆောင်သွားမည် ဖြစ်သည့်အပြင် ဗြိတိန်၊ သြစတေးလျှ၊ အီးယူ၊ ဂျပန်၊ ကိုရီယား အစရှိသည့် နိုင်ငံများ နှင့်ပါ တက်တက်ကြွကြွ ပြောဆို ဆွေးနွေးပြီး နိုင်ငံတွင်းရှိ ပြည်သူများကို ကူညီရန် ဆက်လက် လုပ်ဆောင်နေ သည်ဟုလည်း ပြောသွားခဲ့သည်။

 

တရုတ်သည် မြန်မာ နှင့် ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိနေသော်လည်း မကြာသေးမီ အချိန်များက ငြိမ်သက် နေ၍ ယခု မိမိတို့ လုပ်ဆောင်နေသည်များသည် တရုတ် နှင့် မပတ်သက်ကြောင်းလည်း ရှင်းလင်းသွားခဲ့သည်။

 

မိမိတို့ မှ မြန်မာ စစ်‌ခေါင်းဆောင်များကို ပြောလိုသည်မှာ တိုက်ခိုက်နေမှုများ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် သာ ဖြစ်ကြောင်းလည်း အသိပေးသွားခဲ့သည်။

 

တနင်္လာနေ့တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်း ဟေဇာ မှ အထွေထွေ ညီ လာခံသို့ မြန်မာ အရေး နှင့် ပတ်သက်၍ သူမ၏ အစီရင်ခံစာ ကို တင်သွင်းရာတွင် နိုင်ငံတွင်းရှိ လူဦးရေ၏ လေးပုံတပုံ ဖြစ်သော ၁၄.၄ သန်း ရှိ ပြည်သူများသည် အရေးပေါ် အကူအညီများ အမြန် လိုအပ်နေသည်ဟု တင်ပြသွားခဲ့သည်။

 

“လက်ရှိ အကျပ်အတည်းကြောင့် နိုင်ငံတွင်းရှိ ယန္တယား များ ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ ဘဏ်လုပ်ငန်း များ၊ စားဝတ်နေမှု ဖူလုံရေး နှင့် အလုပ်အကိုင် အစရှိသည့် လူမှု စီးပွား အခြေခံ အဆောက်အအုံအားလုံး ပြိုလဲသွားပြီး ရာဇဝတ်မှုများ နှင့် တရားမဝင် လုပ်ငန်းများ တိုးပွားများပြားလာနေသည်” ဟု တင်ပြသွားခဲ့သည်။

 

“ပြီးခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများအတွင်း အကျိုး ဖြစ်ထွန်းလာခဲ့သည့် မျိုးဆက်များ သည် ယခုအခါ စိတ်ပျက်လက်ပျက် ဖြစ်လာကြပြီး ဆင်းရဲကျပ်တည်းမှုများ နှင့် ရင်ဆိုင်လာနေရ၍ ၎င်းတို့ အတွက် အခြားရွေးစရာ လမ်း မရှိတော့ဘဲ လက်နက်ကိုင် တိုက်ခိုက်သည့် နည်းလမ်းအား အသုံးပြုလာခဲ့ကြ ရသည်ကို စိတ်မကောင်းစရာ တွေ့မြင်နေရသည်” ဟု လည်း ဆိုသည်။

 

လက်နက်ကိုင် ပဋိပက္ခများသည် ယခုအခါ ဖြစ်ရိုး ဖြစ်စဉ်သဖွယ် ဖြစ်လာနေပြီး၊ ပါဝင် ပတ်သက်နေသူများ အကြား မယုံကြည်မှုများ နက်ရှိုင်းလာနေကာ တယောက်က အသာရလျှင် တယောက်က အရှုံး ဖြစ်နေသည့် Zero-sum အနေအထား သို့ ရောက်လာနေကြောင်း၊ အကြမ်းဖက်မှုများ အရှိန်လျော့ကျသွားရေး သို့တည်း မဟုတ် ဆွေးနွေးညှိနှိုင်းရန် ဆွေးနွေးကြပါ ဟု ကြားမှ ပြောမည့် လူများ အတွက် နေရာ တနေရာမျှပင် မကျန်တော့ဟု ပွင့်လင်းစွာ ပြောဆိုသွားခဲ့သည်။

 

နိုလင်းဟေဇာသည် ကမ္ဘာ့အလယ်တွင် မြန်မာ အရေး ကို မည်သူမျှ လစ်လျူရှုနေ၍ မရတော့အောင် အပိုအလို မရှိ တိကျစွာ ‌တင်ပြသွားခဲ့ပြီ ဖြစ်သည်။

 

ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ခဲ့သော ဗြိတိသျှ သံအမတ်ကြီး ဘာဘရာ ဝုဝပ်ဒ်မှလည်း လက်ရှိ အကျပ်အတည်း ကြောင့် တနိုင်ငံလုံး ဒုက္ခ မရောက်သူဟူ၍ မရှိတော့ကြောင်း၊ အာဆီယံ ၏ အချက် ငါးချက် ကိုလည်း ပြောင်ပြောင်တင်းတင်ပင် လစ်လျူရှုနေခဲ့ရုံမက ယခုလည်း ဒီမိုကရေစီ အရေး တက်ကြွစွာ လှုပ်ရှား ခဲ့သူများ အား ကြိုးပေး စီရင်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး၊ ဝန်ကြီးချုပ် ဟွန်ဆန်၏ ရှင်းလင်းပြတ်သားစွာ သတိ ပေးချက်ကိုလည်း မှတ်တမ်းတင်ကြောင်း၊ အကြမ်းဖက်နေမှုများ ရပ်တန့်ပြီး လူသားချင်းစာနာသည့် အကူ အညီများ ပေးနိုင်ရန် တားဆီးနေမှုများ ဖယ်ရှားပေးရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အားလုံး ပါဝင် နိုင်မည့် ရေရှည်တည်တံ့သည့် ဖြေရှင်းချက်မျိုး ရရှိရေး ဆောင်ရွက်ရန် ပြောဆိုသွားခဲ့သည်။

 

နိုလင်း ဟေဇာ၏ မြန်မာ တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားနေသည့် အကြောင်းများကို အချက် အလက် နှင့် တကွ တင်ပြသွားမှု နှင့် ရှိုလက်၏ “လူရမ်းကား တသိုက်” ဟု စစ်ခေါင်းဆောင်များအား ခိုင်းနှိုင်း တင်ပြသွားမှု များအရ မင်းအောင်လှိုင် ပြောသမျှကို ဘာမှ လုပ်၍ မရမှန်း သိသိကြီးနှင့် တိုက်ပုံအင်္ကျီ ကြီး တကားကား၊ ပုဝါကြီးများ ခြုံ၍ စာအုပ်များ ဖွင့်ကာ လိုက်လံရေးမှတ်နေသည့် ကိုယ်ကျိုးကြည့် အရပ်သား ဗြူရိုကရက်များ အဖို့ မိမိတို့ လုပ်ရပ်များမှာ ရှက်ဖွယ်လိလိ ဖြစ်လာနေပြီ ဆိုသည်ကို အချိန်မီ ပြန်လည် သုံးသပ်ကြဖို့ လိုသည်။

 

အနည်းဆုံး ပြည်သူ့တော်လှန်‌ရေး ကို အတွင်းမှ ကူညီပေးခြင်းဖြင့်သာ မိမိတို့ ကိုယ်ကျင့်တရားကို အချိန်မီ အဖတ်ဆယ်နိုင်ကြတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!