စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (19)

by Hla Soewai - Jun 14 2022

ဒီမိုး ဒီလေ ဒီလူတွေနှင့် (၆)

 

BRI တွင် ပါရှိသည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး China-Myanmar Economic Corridor (CMEC) သည် လူသိရှင်ကြား ချပြ စည်းရုံးက လက်မှတ်ထိုးလာနိုင်သည့် ဒါဇင်ပေါင်းများစွာသော နားလည်မှု စာချွန်လွှာများ ကြောင့် ရုပ်လုံးကြွလာခဲ့သည်။ သို့သော်လည်း အဆိုပါ နားလည်မှု စာချွန်လွှာများတွင် ကုန်သွယ် ရေး နှင့် ရင်းနှီးမြှုပ်နှံမှု များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် ရည်မှန်းချက် ကြီးမားစွာ ထားရှိလာသည့် အခြေခံ အဆောက်အအုံများ နှင့် ပတ်သက်၍ ရေရေရာရာ ပါရှိခဲ့ခြင်း မရှိပေ။

 

CMEC သည် တရုတ်ဖက်ခြမ်းရှိ ဒေသများအတွက် ထားရှိသော ရည်မှန်းချက်များ နှင့်ပတ်သက်၍ များစွာ အကျိုးရှိလာမည့် ကြီးမား ကျယ်ပြန့်သော စီမံကိန်းများ ဖြစ်သော်လည်း မြန်မာ အတွက်မူ မစို့မပို့ လောက်သာ အကျိုး ဖြစ်ထွန်း လာဖွယ် ရှိနေသည်။ CMEC သည် အင်္ဂလိပ် အက္ခရာ Y စာလုံးကို ဇောက်ထိုး ပြုလုပ်ထား သည်နှင့် အလားသဏ္ဌာန် တူညီနေသည်။ တရုတ်ပြည် ယူနန်ပြည်နယ် အနောက်ဖက်ခြမ်း မှ စတင်လာပြီး မန္တလေး ထိ ဆင်းလာကာ ထိုမှ တဆင့် အရှေ့တောင်ဖက် ရှိ ရန်ကုန်၊ အနောက်တောင်ဖက်ရှိ ရခိုင် ပြည်နယ်သို့ ခွဲဖြာ ထွက်လာမည် ဖြစ်သည်။

 

ယူနန်ပြည်နယ်မှ မန္တလေး ရှိ မြန်နှုန်းမြင့် မီးရထားလမ်း၊ ထိုမှတဆင့် ရန်ကုန် အနောက်ဖက်ခြမ်း ရှိ “ရန်ကုန် မြို့သစ်” ထိ ဆက်သွယ် ဖောက်လုပ်မည် ဖြစ်သည်။ ရှမ်းပြည်နယ်တွင် မူဆယ် မြို့ နှင့် တရုတ်တောင်ပိုင်း ရွှေလီ အကြား နယ်ခြားဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုံ တည်ဆောက်ရေး နှင့် ဘင်္ဂလား ပင်လယ်အော် အဝရှိ ကျောက်ဖြူ ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည်။

 

အမေရိကန် သည် တရုတ် တို့ ၏ ခြေလှမ်းများကို စိတ်မသက်မသာ နှင့် စောင့်ကြည်နေခဲ့သည်။ အဆိုပါ စီမံကိန်းများကို ခုတုံးလုပ်၍ ခေါင်းပုံဖြတ် အမြတ်ထုတ်လာမည့် အရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးလာမည့် အရေး၊ ထိုကဲ့သို့သော စီမံကိန်းများ နှင့် အမြဲလို တွဲ၍ကပ်ပါလာသည့် အလုပ်သမား ပြဿနာများ ရှိလာနိုင်သည်ကို သိမြင်နေသောကြောင့်လည်း ဖြစ်သည်။

 

ထိုသို့ စိုးရိမ်ပူပန် နေရခြင်းမှာလည်း လတ်တလော သီရိလင်္ကာရှိ ဟမ်ဘမ်တိုဘာ ဆိပ်ကမ်း စီမံကိန်း နှင့် ပတ်သက်၍ ဖြစ်ပျက်သွားခဲ့သည်များ ကို နမူနာ အဖြစ် တွေ့မြင်ခဲ့ရသောကြောင့်ပင်။ ဟမ်ဘမ်တိုဘာ ဆိပ်ကမ်း စီမံကိန်း သည် ကနဦး တွင် နှစ်နိုင်ငံ သဘောတူညီချက် ပုံစံနှင့် စတင်လာခဲ့သော်လည်း နောက်ပိုင်း တွင် တရုတ်တို့က BRI ထဲသို့ ထည့်သွင်းလာခဲ့သည်။ 

 

ထိုပရိုဂျက်သည်ကပင် တရုတ်တို့၏ အ‌ခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ကို ခုတုံးလုပ်ကာ ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်သည့် သဘောသဘာဝ ကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် မီးမောင်း ထိုးပြလိုက်သည့် ရုပ်ပုံကားချပ် ကြီးသဖွယ် ထွက်ပေါ်လာခဲ့သည်။

 

၂၀၀၂ ခုနှစ်တွင် သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပတ်ဆာသည် နိုင်ငံတောင်ပိုင်း တွင် ဆိပ်ကမ်း တခု တည်ဆောက်ရန် တရုတ်တို့ထံမှ ငွေကြေး နှင့် အကူအညီများ ပေးရန် တောင်းဆိုခဲ့သည်။ စီမံကိန်းအား ကနဦး လေ့လာချက်များအရ စီးပွားဖြစ်ထွန်းလာနိုင်ဖွယ် မရှိသည်ကို သိထားပြီး ဖြစ်၍ ထိုစီမံကိန်း နှင့် ပတ်သက်၍ မည်သူကမျှ ငွေထုတ် မချေးခဲ့ကြပေ။ ရာဂျာပတ်ဆာသည် တရုတ်အစိုးရပိုင် ကုမ္ပဏီ ကြီး များထဲတွင် တခု အပါအဝင် ဖြစ်သော China Harbor Engineering Company နှင့် “ညှိနှိုင်း” နိုင်ခဲ့သည်။ ထိုကုမ္ပဏီသည် ရာဂျာပတ်ဆာ လိုနေသော ငွေများကို ဝမ်းပမ်းတသာ ထုတ်ချေးပေးလာခဲ့သည်။ သို့သော်လည်း နှောင်ကြိုး များက တပါတည်း တွယ်ကပ်ပါလာခဲ့သည်။

 

ရာဂျာပတ်ဆာသည် ဆိပ်ကမ်း ဖွင့်လှစ်နိုင်မည့် အချိန်ကို သတ်မှတ်ထားသည်ထက် ဆယ်နှစ်ခန့် စောပြီးအောင် ကြိုးစားခဲ့သည်။ ဤသည်ကလည်း သူ၏ ၆၅ နှစ်မြောက် မွေးနေ့ ဖြစ်လာမည့် ၂၀၁၀ တွင် ဖွင့်နိုင်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ချေးငှားရသော ငွေများထဲမှ သူ၏ ရွေးကောက်ပွဲ ရံပုံငွေများထဲကို ရောက်ရှိသွား ပြန်သည်။ ဤသို့ဖြင့် အကြွေးများမှာ တဖြေးဖြေး မြင့်တက်လာခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်း များ အလျှင်မီ မပြီးစီးနိုင်ဘဲ နောက်ကျ လာသည်။ ၂၀၁၂ တွင် ဟမ်ဘမ်တိုဘာ ဆိပ်ကမ်းတွင် သင်္ဘော ၃၄ စင်းသာ ဆိုက်ကပ်ဖို့ နေရာရှိသေးသည်။ ကိုလံဘို ဆိပ်ကမ်း တွင် သင်္ဘော အစင်း‌ပေါင်း ၃,၆၆၇ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်စွမ်း ရှိနေသည်။

 

သီရိလင်္ကာသည် ချေးထားသော ငွေများကို ပြန်မဆပ်နိုင်တော့ သဖြင့် တရုတ်သည် ဆိပ်ကမ်းကို သိမ်းယူ လိုက်ပြီး အနီးပတ်ဝန်းကျင်ရှိ မြေဧက ၁၅,၀၀၀ ကိုလည်း ၉၉ နှစ် အငှားစာချုပ်ဖြင့် လက်ဝါးကြီး အုပ် လိုက်သည်။

 

၂၀၁၇ တွင် ယခင် ဝန်ကြီးချုပ်ဟောင်း ရာနီ ဝစ်ကရီမီဆင်ဟီ သည် စာချုပ်ပါ စည်းကမ်းချက်အချို့ကို ပြင်ဆင် နိုင်ခဲ့သည်။ တရုတ်တို့ထံမှ ဆိပ်ကမ်းကို China Merchants Port Holdings Company နှင့် ဖက်စပ် ပုံစံမျိုး ၉၉ နှစ်ကြာ အငှားစာချုပ် အဖြစ် ပြောင်းယူနိုင်ခဲ့ပြီး အပြန်အလှန် အားဖြင့် ငှားရမ်းခ ဒေါ်လာ ၁.၁ ဘီလီယံ ရရှိမည် ဖြစ်သည်။

 

ထိုသို့ ဖြစ်ပျက်လာသည်များကို သိမြင်လာ၍ မြန်မာတို့ ဗျာ များလာခဲ့ကြသည်။ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ဆိပ်ကမ်းသည်လည်း ဟမ်ဘမ်တိုဘာ ဆိပ်ကမ်းကဲ့သို့ ကံကြမ္မာမျိုး ကြုံလာရနိုင်သည်။ NLD အစိုးရသည် မူလ သဘောတူညီချက်ပါ စည်းမျဉ်းများကို ပြန်လည် ညှိနှိုင်း နိုင်ရန် အမေရိကန် ထံမှ နည်းပညာ အကူအညီများ တောင်းခံလာသည်။ ဤသို့ဖြင့် ဆိပ်ကမ်း ဆောက်လုပ်ရေး အတွက် မူလ တန်ဘိုး အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံ မှ ဒေါ်လာ ၁.၃ ဘီလီယံ အထိ ရောက်အောင် လျော့ချ ပြစ်နိုင်ခဲ့သည်။ ဆိပ်ကမ်း ဆယ်ခု စာ နေရာမှ နှစ်ခုစာ သာ ဆောက်လုပ်တော့မည် ဖြစ်သည်။ ပြန်၍ညှိနှိုင်းလာ၍‌ လော၊ အမေရိကန်တို့ ပါဝင် ပတ်သက် လာခဲ့၍‌လော မသိ၊ တရုတ်တို့က ထိုကိစ္စအပေါ် အစာ မကြေခဲ့ပေ။

 

ထရန့် သမ္မတ သက်တမ်း အတွင်း ကုန်သွယ်ရေး နှင့် ပတ်သက်၍ အမေရိကန် နှင့် တရုတ် အကြား တင်းမာ မှုများ မြင့်တက်လာနေချိန် ဖြစ်၍လည်း မြန်မာ ပြဿနာသည် ၂၀၂၀ နှစ်ကုန်ပိုင်း လောက်တွင် သတင်းစာ မျက်နှာ များ ပေါ် ၌ အယူအဆ ရေးရာ တိုက်ပွဲများ ဖြစ်လာခဲ့သည်။

 

ရန်ကုန်ရှိ အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဂျော့ချ် ဆစ်ဘလီ သည် တရုတ်မှ အကြွေး ထောင်ချောက် ဆင်၍ မြန်မာ၏ အချုပ်အခြာ အာဏာကို ချည့်နဲ့အောင် လုပ်လာသည်ဟု ထုတ်ဖေါ်ပြောဆိုလာသည်။ ရန်ကုန်ရှိ တရုတ်စီးပွားရေး လုပ်ငန်း အများစုသည် စည်းကမ်းတကျ မရှိ၊ အကျင့်ပျက် ခြစားမှုများ၊ သဘာဝ ပတ်ဝန်း ကျင်ကို ထိခိုက်နေသည့်အပြင် အနီး ပတ်ဝန်းကျင်ရှိ လူထု အားလည်း စီးပွားရေး အရ အကျိုးဖြစ်ထွန်း စေခြင်း မရှိကြောင်း ထောက်ပြခဲ့သည်။

 

တရုတ်သည် ဆီဘလီ၏ အရေးအသား ကို ပြန်လည် တုန့်ပြန် ချေပလာခဲ့သည်။ ဆစ်ဘလီ ၏ ဆောင်းပါးသည် “ဖြစ်ကတတ်ဆန်း” နှင့် “ကျိုးကြောင်း မဆီလျှော်သော သုံးသပ်မှု” ဟု ဆောင်းပါးရှင်မှ ရေးလာပြီး မြန်မာ နှင့် တရုတ်သည် အိမ်နီးချင်းများ ဖြစ်သည်သာမက သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက် ကူညီ ထောက်ပံ့မှုများ ရှိနေခဲ့သည်ဟု ဆိုသည်။ မိမိတို့ဆက်ဆံ‌ရေး သည် အချိန်ကာလ ကြာလာသည်နှင့် မှတ်ကျောက်တင်ခံနိုင်ခဲ့ပြီး အမေရိကန်တို့မှ ပေါ်ပင်လိုက်ပြီး ပြောဆိုနေမှုများသည် ရေဒါ မျက်နှာပြင် ပေါ်က အစက်ကလေး တစက် သာ ဖြစ်ကြောင်း၊ ထို့အတွက် တရုတ်-မြန်မာ ဆက်ဆံရေးကို အချို့သော အမေရိကန်တို့မှ ကဲ့ရဲ့ အပြစ်ဆိုရန် ကြိုးပမ်းမှုများသည် အောင်မြင်ဖို့ မရှိဘဲ သစ်ပင်ကြီး တပင်ကို ကိုင် လှုပ်နေသကဲ့သို့သာ ရှိလိမ့်မည်ဟု ရေးသား လာခဲ့သည်။

 

အမေရိကန်၏ မြန်မာ ပေါ်လစီ တွင် တရုတ်အား အထူးတလည် ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိပေ။ ထရန့်အစိုး ရသည် တရုတ်ကိုသာ အဓိက အာရုံထားခဲ့သည်။ အ‌မေရိကန်၏ မြန်မာ အပေါ် ထားရှိသော မူဝါဒသည် အဓိက အားဖြင့် မြန်မာ၏ ပြည်တွင်းရေး နှင့် သက်ဆိုင်နေသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးများ အတွက်သာ ဖြစ်ပြီး ပြင်ပ မှ ဝင်ပြီး ဩဇာ လွှမ်းမိုးလာမည်ကို အာရုံစိုက်ခဲ့ခြင်း မျိုး မရှိပေ။

 

မြန်မာ နှင့် ပြန်၍ ဆက်သွယ်လာခြင်းသည် တရုတ် ကြောင့် အဓိက ဖြစ်မည် ဆိုလျှင် ကာလကြာမြင့်စွာ ကတည်းကပင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖယ်ရှားပြစ်ပြီး တရုတ်၊ ရုရှား နှင့် မြောက်ကိုရီယား တို့ ထံမှ လက်နက်များ ဝယ်ယူနေခြင်း နှင့် အတူ ဩဇာလွှမ်းမိုးလာမည့် အရေးကို တန်ပြန် နိုင်ရန် စစ်တပ်ချင်း ဆက်ဆံရေးကို ပို၍ တက်တက်ကြွကြွ လုပ်လာမည်သာ ဖြစ်သည်ဟု ယုံကြည်မိသည်။