စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (17)

by Hla Soewai - Jun 12 2022

ဒီမိုး ဒီလေ ဒီလူတွေနှင့် (၄)

 

၂၀၁၅ တွင် လန်ဒန်၌ အခြေစိုက်သည့် Global Witness အဖွဲ့ကြီးမှ “ကျောက်စိမ်း-မြန်မာ၏ ထိပ်တန်း နိုင်ငံတော် လျို့ဝှက်ချက်” အမည် ဖြင့် အစီရင်ခံစာ ထုတ်ပြန်လာရာ ကမ္ဘာတဝှမ်း၏ အာရုံစိုက်ခြင်းကို ရရှိခဲ့သည်။ Global Witness သည် ပို့ကုန် အချက်အလက်များကို လေ့လာပြီး ဈေးကွက် ပမာဏ၊ အဓိက ပါဝင် ပတ်သက်နေသူများ၊ ကျောက်စိမ်း တူးဖေါ်နေမှု များကြောင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်နေမှုများ နှင့် စပ်လျဥ်းပြီး သက်ဆိုင်သူများ နှင့် တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့သည်။

 

၂၀၁၄ တွင် မြန်မာနိုင်ငံ၏ တရားဝင် ကျောက်စိမ်း ထုတ်လုပ်မှုသည်ကပင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ အထိ ရှိနေသည်။ တကယ်တမ်းတွင် ဒေါ်လာ ၃၁ ဘီလီယံ အထိ ရှိမည်ဟု ယုံကြည်ရသော အချက်အလက်များက ရှိထားပြီး ဖြစ်သည်။ ၂၀၁၄ တွင် ပြုလုပ်သော ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း အား တရားဝင် ရောင်းချ၍ရသော တန်ဖိုးသည် တကီလိုလျှင် အမေရိကန် ဒေါ်လာ ၁၃,၀၀၀ ရှိသည်။ ထိုဈေးနှုန်း အပေါ် အခြေခံပြီး ကျောက်မျက် ကျွမ်းကျင်သူ ပညာရှင် တဦးက ဂေါ်လီလုံး တလုံးစာ အရွယ်အစားရှိ ကျောက်စိမ်း အလုံးပေါင်း ၄၃ လုံး နှင့် စီချယ်ထားသည့် အမေရိကန် ဒေါ်လာ တသန်းခန့် တန်သော လည်ဆွဲ ပုတီး တကုံးအား စာရေးသူအား ထုတ်ပြခဲ့သည်။

 

ကျောက်စိမ်း တူးဖေါ်ထုတ်လုပ်ရေးတွင် အဓိက ပါဝင်ပတ်သက်နေသူများမှာ အပစ်အခတ် ရပ်စဲရေး အစောပိုင်း ကာလများက ထုတ်လုပ်ခွင့် ရထားကြသော EAO များပင် ဖြစ်သည်။ ထို့အပြင် စစ်တပ်ပိုင် မြန်မာ စီးပွားရေး ကော်ပိုရေး ရှင်း Myanmar Economic Corporation (MEC) ၊ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် Union of Myanmar Economic Holdings Ltd (UMEHL)၊ စစ်တပ်နှင့် အဆက်အသွယ် ရှိသော စီးပွားရေး လုပ်ငန်းရှင်များ၊ ၎င်းတို့ပိုင် ကျောက်စိမ်းတွင်းများ လည်း ပတ်သက်ဆက်နွယ်နေသည်။

 

သို့သော် ကျောက်စိမ်းတွင်း များကို မည်သူက တကယ်တမ်း ပိုင်ဆိုင်သည် ဆိုသည်ကိုကား သဲသဲကွဲကွဲ မရှိလှ၊ စာရွက်စာတမ်း အထောက်အထား မရှိဘဲ နှစ်ကြာလာလျှင် လက်ပြောင်းလက်လွှဲ လုပ်သွား ကြ၍ ပိုင်ရှင် အစစ်ကို ခြေရာခံဖို့ ခက်ခဲလှပေသည်။ ကျောက်တွင်း ပိုင်ရှင်များက ကျောက်မျက်ရတနာ ပြပွဲများသို့ ရောက်လာကြသည့် အခါတွင် အရပ်ဝတ် အရပ်စား နှင့် ဖြစ်နေသော်လည်း ၎င်းတို့သည် လက်ရှိ တပ်တွင်းတွင် အမှုထမ်းနေကြသူများ၊ လက်ရှိ စစ်တပ်၏ ထိပ်ပိုင်း အပြင် တရုတ် နိုင်ငံ ဖက်ခြမ်း နှင့် အဆက်အသွယ် ကောင်းကောင်း ရှိကြသည့် စစ်ဖက်အရာရှိ အငြိမ်းစား အရာရှိကြီး များသာ ဖြစ်သည်ကို ကျောက်မျက် ကုန်သည်များက ပြောပြခဲ့ကြသည်။

 

ကျောက်စိမ်းသည် ကချင်ပြည်နယ်အတွင်း ပဋိပက္ခများကို တူးဆွပေးနေသည့် အရာဖြစ်သည်။ ဒေသခံ များအကြား မ‌ကျေမချမ်း နှင့် မုန်းတီးမှုများလည်း ပြင်းထန်လာခဲ့သည်။ မိမိတို့၏ မြေမှ တွင်းထွက် သယံဇာတများ ကို လက်ကုန်နှိုက်နေကြသော ကုမ္ပဏီများသည် အကျိုးအမြတ်မှန်သမျှ ကို ၎င်းတို့ ဘဏ်ငွေစာရင်းများထဲသာ ရောက်ကုန်ကြပြီး လူထု အတွက် အကျိုးရှိရာ ရှိကြောင်း တခုတလေမျှပင် လုပ်ပေးဖေါ် မရသည်ကို သိမြင်လာကြသည်။ “ကိုယ်ခြံထဲ ပေါက်တဲ့ အပင်က အသီးကို ကိုယ် စားခွင့် မရသလိုမျိုးဘဲ” ဟု ပြောလာကြသည်။ 

 

ထို့အပြင် ကျောက်တွင်းများ တွင် လုပ်ကိုင်နေကြသော လူများသည် အန္တရာယ်များလှသည့် လုပ်ငန်း ခွင်တွင် သက်စွန့်ဆံဖျား လုပ်ကိုင်ကြရပြန်သည်။ မြေပြိုမှုများကြောင့် ရာနှင့်ချီသော အလုပ်သမားများ ၏ အသက်များ နှစ်စဉ် ဆုံးရှုံးခဲ့ကြရသည်။ သို့သော် ကျောက်စိမ်းသည် EAO များ၊ စစ်တပ်နှင့် ဆက် နွယ်နေသော ကုမ္ပဏီများ အတွက် အဓိက ဝင်ငွေရရာ ကြောင်း ဖြစ်နေသည်။ ထို့ကြောင့်လည်း နှစ်ဦး နှစ်ဖက် အဖို့ မဟာဗျူဟာ ကျရာ နေရာများကို ထိန်းချုပ်နိုင်ရေး နှင့် နေရာချဲ့ထွင်နိုင်ရေး တို့အတွက် တိုက်ပွဲ များ ဖြစ်လာခဲ့ရသည်။

 

တရုတ်ပြည်မှ ကျောက်စိမ်း ဝယ်လိုအားမှာ လျော့ကျသွားခြင်း မရှိသဖြင့် လက်ရှိ ပဋိပက္ခများသည် ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်ဖို့ အလားအလာ မရှိပေ။ အမေရိကန်တွင် ကျောက်စိမ်းဈေးကွက် ဟူ၍ မရှိပြန်သဖြင့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုများသည် အရာထင်ခြင်း မရှိခဲ့ပေ။

 

တရုတ် ကုမ္ပဏီများ နှင့် တိုင်းရင်းသား အုပ်စုများ အကြား သတ္တုတူးဖေါ်သော ကုန်သွယ်ရေး တခု တည်းသာ အလုပ်ဖြစ်နေခြင်းမျိုး မဟုတ်ဘဲ ရှမ်းပြည် နယ်ခြား မြို့ ဖြစ်သော မိုင်းလားသည် မူးယစ် ဆေးဝါး ကူးသန်း ရောင်းဝယ်မှုတွင် ထင်ရှားလာသည်။ အဆိုပါ ဒေသတွင် စတုရန်း ကီလိုမီတာ ၂၂၀ ကျယ်ဝန်းသော ယောင်ဘင်း အထူးစီးပွားရေး ဇုံ လည်း ရှိနေသည်။ ထိုအပြင် ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး အစရှိသည့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် အထူး အုပ်ချုပ်ခွင့်ရ ဒေသလည်း ဖြစ်သည်။ ယောင်ဘင်း ဒေသတွင် ဒီဂျစ်တယ် ငွေကြေး cryptocurrency နှင့် e-citizenship စနစ် ကို နိုင်ငံတကာ အတွက် ဖွင့်ပေးထားသည်။

 

မိုင်းလား ဒေသအား အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်တော် National Democratic Alliance Army (NDAA) မှ Lin Mingxian က ထိန်းချုပ်ထားသည်။ ခမ်းနား ထယ်ဝါလှသည့် ဟိုတယ်များ၊ ကာဆီနို ကစားဝိုင်းများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ နိုက်ကလပ်များ၊ ကျားလက်သဲ၊ သင်းခွေချပ် အကြေးခွံများ၊ ဆင်သားရေ၊ မျောက် အရှင်များ၊ အခြား ရှားပါး သတ္တဝါမျိုးစုံ ရနိုင်သည့် ဈေးများလည်း ဖွင့်လှစ်ထားသည်။ ဆိုင်းပုဒ်များကို တရုတ်ဘာသာဖြင့် ရေးသားထားပြီး တရုတ် ငွေကြေး နှင့် မိုဘိုင်း ဖုန်း များ အသုံးပြုကြသည်။ အချိန် ကိုလည်း ဘီဂျင်း စံတော်ချိန် နှင့် ကိုက်ညှိ ထားသည်ကို တွေ့ရသည်။

 

၂၀၁၉ ဇန်နဝါရီ လထဲတွင် စင်္ကာပူရှိ Channel News Asia မှ တရုတ်၏ နည်းပညာ ကုမ္ပဏီ တခု ဖြစ်သော Shanghai Shell-pay Internet Technology (SSIT) မှ ယောင်ဘင်းတွင် ဘလောချိန်း အထူး စီးပွားရေး ဇုံ တည်ဆောက်သွားမည်ဟု ကြေညာထားကြောင်း သတင်းရေးသား ဖေါ်ပြ လာသည်။ ထိုသို့ လုပ်ပိုင်ခွင့်အား “ငြိမ်းချမ်းစွာ လွတ်မြောက်လာသော ပြည်နယ် ၇ ပြည်နယ် မဟာမိတ် အဖွဲ့” မှ ၂၀၁၈ ဧပြီလ တွင် လုပ်ပိုင်ခွင့် ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့၏ သတင်း ထုတ်ပြန်ချက်ထဲတွင် မိမိတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ စစ်ရှောင် ဒုက္ခသည်များ နှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး မိမိတို့ အဖွဲ့ဝင် ပြည်သူများ၏ လွတ်လပ်ရေး နှင့် ကြွယ်ဝချမ်းသာရေး အား ရှေးရှု၍ ကိုယ် ပိုင် ပြဋ္ဌာန်းပိုင်ခွင့်နှင့် အုပ်ချုပ်ခွင့် တာဝန်များကို ရယူပြီး ယောင်ဘင်း အထူး စီးပွားရေး ဇုံ ဒေသ အုပ်ချုပ်ရေး အဖွဲ့ အဖြစ် တာဝန်ယူသွားမည်ဟု ပါရှိလာခဲ့သည်။

 

အဆိုပါ အဖွဲ့၏ အမည်ကို ယခင်က မည်သူမျှ ကြားဖူးခဲ့ကြခြင်း မရှိပေ။ စင်္ကာပူသတင်းသည် ဖေ့စ်ဘုတ် တွင် တမဟုတ်ချင်း ပျံ့နှံ့သွားပြီး မြန်မာ အစိုးရ အဖို့ ပူစပ်ပူလောင် ဖြစ်သွားခဲ့ရသည်။ မြန်မာသည် ဒီဂျစ်တယ် နည်းဖြင့် ချဲ့ထွင်လာမည့် အရေးကို လိုလားခြင်း မရှိပေ။ SSIT ၏ စီအီးအိုမှ မြန်မာ အစိုးရအား အသိပေးခဲ့ခြင်း မရှိသည်ကို ဝန်ခံခဲ့သော်လည်း ထိုကိစ္စအတွက် စိုးရိမ်ပူပန်ပုံ မရပေ။

 

ရှမ်းပြည်နယ် စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွန့်လွင် မှ “မိမိတို့ အနေဖြင့် ထိုကဲ့သို့ သော ပရိုဂျက်ကို ကြိုတင် သိရှိထားခြင်း မရှိကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရ အနေဖြင့် ထိုသို့သော သဘော တူညီချက်မျိုး မည်သူနှင့်မျှ ပြုလုပ်ခဲ့ခြင်း မရှိ” ဟု ဧရာဝတီ သတင်းဌာန ကို ထုတ်ဖေါ် ပြောဆိုလာ ခဲ့သည်။ 

 

၂၀၁၉ ဖေဖေါ်ဝါရီလ တွင် မြန်မာ အစိုးရမှ မိုင်းလား အာဏာပိုင်များထံ ဆက်သွယ်လာခဲ့သော်လည်း ၎င်းတို့ ဘာမှ မသိပါဟု သာ တုန့်ပြန်ခဲ့ကြသည်။ “အစိုးရ မှ ဘာတွေ လာပြောနေသည်ကို နားမလည် ကြောင်း၊ ယခုလို ပရိုဂျက် ကြီးကြီးမားမား လုပ်ဖို့ ဆိုသည်က မဖြစ်နိုင်ကြောင်း” ဧရာဝတီ သတင်းဌာန ကို ပြောခဲ့ကြသည်။ မြန်မာအစိုးရ က တဖန် ရန်ကုန်ရှိ တရုတ်သံရုံးအား မေးမြန်း စုံစမ်းလာခဲ့ပြီး တရုတ်တို့ဖက်မှလည်း သိပုံမရဘဲ စုံစမ်းစစ်ဆေးပေးပါမည်ဟု အကြောင်းပြန်ခဲ့ကြသည်။