အမေရိကန် သဘောထား

by Hla Soewai - Jun 10 2022

အာဏာသိမ်း အဖွဲ့၏ အုပ်ချုပ်ရေးအား လက်ခံ နေခြင်းသည် လူသားတို့ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံ လူ့ကျင်ဝတ်တရား နှင့် ယဉ်ကျေးမှု စံနှုန်းများ ကို ငြင်းပယ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

 

ထို့အတွက် မြန်မာ ပြဿနာသည် အမေရိကန် အစိုးရ အတွက် အသားထဲ စူးဝင်နေသော ဆူးတချောင်း ဖြစ်လာ နေသည်ကို ဒီမိုကရေစီ အရေး ရှေ့တန်းမှ တိုက်ပွဲဝင်နေသူ နှစ်ဦးအား သေဒဏ် စီရင်မည်ဟု ကြိမ်းဝါးလာမှုက သက်သေခံနေပြီ ဖြစ်သည်။ ၎င်းတို့ နိုင်ငံတကာ အလယ်တွင် ပို၍ အထီးကျန် ဆန်လာမှု များမှ အပေးအယူ လုပ်ပြီး ဖေါက်ထွက်နိုင်ရန် ကြံစည်နေပုံလည်း ရသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထူး အကြံပေး ဒဲရက် ရှိုလက်သည် သူ၏ စင်္ကာပူ ခရီးစဉ် အဆုံး မသတ်မီ စထရိတ်တိုင်းမ် သတင်းစာ နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် မြန်မာပြည်နှင့် ပတ်သက်၍ အမေရိကန် သဘောထားကို ယခုလို ရှင်းပြသွားခဲ့သည်။

 

မိမိတို့ အနေဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းနိုင်ရန်မှာ စစ်အုပ်ချုပ်ရေး သမားများ နှင့်သာ ဆက်သွယ် ဆောင် ရွက်၍ ပြီးပြတ်နိုင်မည် မဟုတ်သဖြင့် အမျိုးသား ညီညွတ်‌ရေး အစိုးရနှင့် ထိတွေ့ ဆက်ဆံသွားဖို့ လိုသည်ဟု အာဆီယံ ကို တိုက်တွန်းသွားခဲ့သည်။

 

မစ္စတာ ရှိုလက်သည် NUG အား Shadow government ဟု သုံးနှုန်းသွားခဲ့သည်။ ထိုအဓိပ္ပါယ် ကား NUG သည် အစိုးရ အဖွဲ့ တခု အဖြစ် အုပ်ချုပ်သွားရန် အဆင်သင့် စောင့်ဆိုင်းနေသည့် အစိုးရမျိုး ဟု ဆိုလိုပေသည်။ ဥပမာ အင်္ဂလန်တွင် အတိုက်အခံ ပါတီကြီး အဖြစ် ရပ်တည်နေသော နိုင်ငံရေး ပါတီတခုသည် ထိုသို့သော အစိုးရမျိုး အား ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ဝန်ကြီးဌာနများကို တာဝန် ယူရမည့် လူများ အဆင်သင့် ခန့်ထားပြီး ဖြစ်သည်။ ၎င်းတို့ ရွေးကောက်ပွဲ အနိုင်ရ၍ ဖြစ်စေ၊ လက်ရှိ အစိုးရ အကြောင်း အမျိုးမျိုး ကြောင့် ပြုတ်ကျသွားသည် ဖြစ်စေ အခက်အခဲ မရှိ ချက်ချင်း လက်ငင်း တာဝန်ယူနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကလည်း မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကကြီးမှ အ အထိ သိရန် လေ့လာပြင်ဆင်ထားကြပြီးလည်း ဖြစ်သည်။

 

ရှိုလက်က ဆက်လက်ပြောကြားရာတွင် စစ်တပ်သည် ၎င်းတို့အား အတိုက်အခံ လုပ်နေသော ပြည်တွင်းရှိ ဒီမိုကရေစီ အင်အားစုများ နှင့် ဆက်သွယ်လာမည့်အရေးကို ကန့်သတ်တားမြစ်နေ၍ အခုလို တိုက်တွန်းနေ ရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ အာဆီယံ ၏ NUG နှင့် ဆက်သွယ်မှုသည် ပြဿနာ ဖြေရှင်းရေးတွင် လွန်စွာ မှ အရေးပါနေသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် လ အတွင်း အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွင်း အမေရိကန် အထက်တန်း အရာရှိ ကြီးများနှင့် NUG ကိုယ်စားလှယ်များ တွေ့ဆုံခဲ့အပြီး ယခုလို တိုက်တွန်းမှု ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

အမေရိကန်သည် NUG ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ရှစ်လ၊ ကိုးလ အတွင်း အွန်လိုင်းမှ တဆင့် ပုံမှန် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ပြီးလည်း ဖြစ်သည်ဟု ဆိုသည်။ ထိုဆွေးနွေးပွဲများ အတွင်း အမေရိကန်မှ NUG စွမ်းဆောင်ရည် မြှင့်တင်ပေးရေး၊ ပို၍ ထိထိရောက်ရောက် ဖွဲ့စည်း ဆောင်ရွက်နိုင်‌ရေး နှင့် မြန်မာ ပြည်သူများ အကျိုး သယ်ပိုး နိုင်ရေး တို့ အတွက် ကူညီပေးနိုင်ခဲ့သည်ဟု ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖေါ်ပြောဆို သွားခဲ့ ပြန်သည်။

 

ယခု ခရီးစဉ်အတွင်း မြန်မာ၏ နိုင်ငံရေး အရ ရှေ့ဆက်သွားရမည့် လမ်းကြောင်း အတွက် ဆက်လက် ဆွေးနွေး သွားမည်ဟု ဆိုသည်။ ယခုအချိန်သည် မြန်မာအား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည် ရောက်ရှိရေးသည် လွန်စွာ မှ ခက်ခဲနေသည့် အတွက် မြန်မာ၏ ငြိမ်းချမ်းသာယာမည့် ဒီမိုကရေစီ အနာဂတ် ဖြစ်ပေါ်လာပါက အကျိုး ဖြစ်ထွန်းနိုင်မည့် နိုင်ငံများ၊ အာဆီယံ အဖွဲ့ နှင့် အထူးတလည် အလေးထား ထိတွေ့ ဆက်ဆံနေခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။

 

မစ္စတာ ရှိုလက်သည် အိုဘာမား သမ္မတ သက်တမ်း အတွင်း ၂၀၁၂ မှ ၂၀၁၅ အထိ နိုင်ငံတကာ လုံခြုံမှု ရေးရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းရွက်ခဲ့သူ တဦးလည်း ဖြစ်သဖြင့် သူ၏ အမြင်များကို ဝါရှင်တန်ရှိ အာဏာရ အသိုက်အဝန်း မှ တလေးတစား နားထောင်ခဲ့ကြစမြဲ ဖြစ်သည်။

 

ယခုအချိန်အထိ ရှိုလက်၏ တောင်းဆိုမှုကို အာဆီယံ မှ မည်သို့ တုန့်ပြန်လာမည်ကို သဲသဲကွဲကွဲ မသိရ‌သေးဟု ရှိုလက်၏ အပြောကို ဖေါ်ပြထားသည့် ဧရာဝတီ က မှတ်ချက် ချထားသည်။

 

သို့သော် စစ်ခေါင်းဆောင်များသည် ယခင်က ကဲ့သို့ ကြောင် နှင့် ကြွက် ပြေးတမ်းလိုက်တမ်း ကစားသလို အမေရိကန်နှင့် ဆက်ဆံသွား၍ မဖြစ်တော့ ဆိုသည်ကို ရှင်းလင်းစွာ သဘောပေါက်သင့်ပြီ ဖြစ်သည်။

 

ယခုအခါ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နှင့် လာအို နိုင်ငံများတွင် တနိုင်ငံလုံး မီးထိန်ထိန် လင်းနေပြီ ဖြစ်သည်။ မြန်မာ အဖို့ မှာ ၎င်းတို့ တက်လာပြီးကတည်းက ပြည်သူအများ အဆင်ပြေစွာ လုပ်ကိုင် စားသောက်နိုင်မည့် အခွင့် အရေး များကိုပင် ၎င်းတို့ အာဏာတည်မြဲရေး အတွက် တခုပြီး တခု ဖျက်ဆီးနေပြီ ဖြစ်သည်။ 

 

အကယ်၍ များ ၎င်းတို့ လက်ထက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကထက် လူထု အတွက် အကျိုး ရှိရာ ရှိကြောင်း၊ လူထု ဆန္ဒနှင့် ကိုက်ညီသည့် တခုတလေများ ဖန်တီးပေးခဲ့သည်များ ရှိပါရဲ့လား ဆိုသည်ကို အထူး သိချင်နေမိသည်။ တခါတရံ ကျွန်တော် အနေဖြင့် မသိတာများ ရှိသွား၍ အထက်တွင် ဝေဖန်သလိုမျိုး ပြောဆို မိလျှင် တောင်းပန်ရတော့မည်သာ ဖြစ်သည်။

 

PDF များ ရှိနေ၍ ဆိုသည့် ဆင်ခြေမျိုးတော့ မပေးသင့်၊ PDF ဆိုသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်၍ ဂျာအေး သူ့အမေရိုက် မုန့်လုံးစက္ကူကပ် သလို ဖြစ်နေပေမည်။ သို့ဆိုလျှင် ကုလသမဂ္ဂ အစောင့်အရှောက်ခံပြီး ရာထူးမှ ဆင်းပေးသင့် ပေသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

Image Credit – PEN America.org