ဘူမိ မဟာဗျူဟာ
ဒီမိုးဒီလေ ဒီလူတွေနှင့်
၂၀၀၇ ဧပြီလ ထဲတွင် ရန်ကုန်ရှိ နစ်ကိုး ဟိုတယ်၌ မြောက်ကိုရီယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကင်ယွန်အီ နှင့် မြန်မာဖက်မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကျော်သူ တို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ သံတမန် ဆက်သွယ်ရေးကို အပြည့်အဝ ပြန်လည် ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ ကြသည်။
နှစ်နိုင်ငံ စလုံးသည် ကမ္ဘာ့ အသိုက်အဝန်း၏ ဝိုင်းကျဉ်ခြင်း ခံထားရ၍ ယခုလို အသစ်တဖန် ချစ်ကြည် လာခြင်းသည် နှစ်နိုင်ငံ လုံး အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာစေခဲ့သည်။ တနိုင်ငံက လက် ထဲတွင် ငွေရှိနေပြီး ဒုံးကျည်များ နှင့် ဖြစ်နိုင်လျှင် နျူကလီးယား လက်နက်များပါ အလိုရှိနေသည်။ ထိုသို့ ဒုံးကျည် နှင့် နျူလက်နက် ရှိသူကလည်း ငွေလိုနေသည်။
မြန်မာသည် တကမ္ဘာလုံးက ဝိုင်းကျဉ်ထားခြင်း ခံနေရ၍ မြောက်ကိုရီးယား၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ များနှင့်သာ အောင့်အီး ဆက်ဆံနေရသည်။
အမေရိကန်သည် ထိုသို့ နှစ်နိုင်ငံ သံတမန် ပြန်ဆက်ဆံလာသည်ကို မည်သို့မျှ မနေသော်လည်း မြန်မာ မှ မြောက်ကိုရီးယား နှင့် ကုန်သွယ်နေခြင်း၊ တရုတ်ပြည်၏ လည်စင်းခံ ဘဝ နှင့် ပူးပေါင်းနေရမှု ကိုတော့ ပြဿနာ အဖြစ် ယူဆလာခဲ့သည်။
ထိုဖြစ်စဉ်များသည် မကြာခဏ ဆိုသလို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို အားပျော့စေခဲ့ပြီး မြန်မာ အစိုးရနှင့် မြို့ပြ လူ့အဖွဲ့အစည်း စီအက်စ်အို များ လိုလားနေသော ဖွံ့ဖြိုးရေး နှင့် ရင်းနှီး မြှုပ်နှံနိုင်ရေး ကြိုးပမ်းမှုများအား ဖျက်လိုဖျက်ဆီး လုပ်သလို ဖြစ်လာနေသည်။
ထိုအပြင် ယခုကဲ့သို့ နှစ်နိုင်ငံ ပြန်ပေါင်းထုတ်သွားသည့် အရေးသည် တရုတ်၏ မြန်မာ ပြည်တွင်းတွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြေရှင်းနိုင်ရန် နီးစပ်လာနေမှုကိုလည်း ယုတ်လျော့သွားစေခဲ့သည်။
မိတ်ဆွေက ရန်သူ ဖြစ်၊ ရန်သူက မိတ်ဆွေ ဖြစ်
မြန်မာ နှင့် မြောက်ကိုရီယားတို့ ရွှေလမ်းငွေလမ်း ဖေါက်လာရခြင်း အပေါ် သံသယ ဖြစ်စရာ အကြောင်းများက ရှိနေသည်။
မြန်မာသည် ၁၉၈၃ ခုနှစ် အတွင်း ရန်ကုန်ရှိ အာဇာနည် ဗိမ္မာန် အတွင်း အလည်အပတ် ရောက်ရှိ နေ သော တောင်ကိုရီယား ကိုယ်စားလှယ် အဖွဲ့အား မြောက်ကိုရီယား အေးဂျင့် များက ဗုံးခွဲ လုပ်ကြံမှု ကြီးအား သိလျှင်သိခြင်း ချက်ခြင်းဆိုသလို သံတမန် အဆက်အသွယ် ဖြတ်တောက်ပြစ်ခဲ့သည်။ ထိုသို့သော အနေအထား မျိုးမှ အဘယ်သို့များ ယခုလို သံတမန် ပြန်လည် ဆက်သွယ်လာသည့် အဆင့်သို့ တက်လှမ်းသွား နိုင်ခဲ့သနည်း။
မြောက်ကိုရီယား၏ လက်ချက်ဖြင့် တောင်ကိုရီယား ဝန်ကြီးများ အပါအဝင် လူပေါင်း ၂၁ ဦး သေ ဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိ သွားခဲ့ရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တောင်ကိုရီယား သမ္မတ ချန်ဒူးဝှမ်အား လုပ်ကြံသတ်ဖြတ်ရန် ဖြစ်သည်။ သို့သော် ချန်ဒူးဝှမ် သည် ယာဉ်ကြောပိတ်မိနေ၍ အသက်ဘေးမှ လွတ်ကင်းသွားခဲ့သည်။ ချန်ဒူးဝှမ်သည် မြန်မာနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် နေဝင်းထံ အလည်အပတ် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။
မြောက်ကိုရီယားမှ အဆိုပါ တိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုခဲ့ပြီး လက်တဖက် ပြတ်ကာ မသေဘဲ အဖမ်းခံခဲ့ရသည့် အေးဂျင့် ဖြစ်သူ ကင်မင်ချူးကိုလည်း ၎င်းတို့ နှင့် မပတ်သက်ဟု ပြောလာခဲ့သည်။ ကင်မင်ချူးသည် အသက်ရှင်လျှက် အဖမ်းခံရမည့် အရေးကို ရှောင်ရှားနိုင်ရန် လက်ပစ်ဗုံး ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ရာမှ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီယား၏ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှသည့် လုပ်ရပ်ကြောင့် တကမ္ဘာလုံး တုန်လှုပ်သွား ခဲ့ရပြီး ခေါင်းဆောင်အသီးသီးက ဝမ်းနည်းကြောင်း သဝဏ်လွှာများကို တောင်ကိုရီယား အစိုးရထံ ပေးပို့ခဲ့ကြသည်။
၂၀၀၇ ခုနှစ် နစ်ကိုး ဟိုတယ် အခမ်းအနားကတော့ ထိုထက်ပို၍ ယုတ်မာသော ဆက်ဆံရေးမျိုး ပေါ်ပေါက်လာမည့် မီးစ တစ အဖြစ် စိုးရိမ်ပူပန်စ ပြုလာခဲ့ကြသည်။ ထိုသို့ စိုးရိမ်စရာ ရှိလာအောင် လည်း ရှေ့တွင် စံနမူနာများ ရှိထားခဲ့သည်။ မြောက်ကိုရီယားသည် နျူကလီးယား ထိပ်ဖူး တွင် ထည့်သွင်း နိုင်သော ပလူတိုနီယံ ထုတ်လုပ်နိုင်သည့် စက်ရုံတရုံ ဖြစ်မြောက်အောင် ဆီးရီးယားအား အကူအညီ ပေးထားခဲ့ပြီး ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ထိုသို့ အယ် ကီဘာ ဒေသတွင် လျှို့ဝှက် တည်ဆောက်နေသော စက်ရုံအား အစ္စရေး တို့သည် ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ အစ္စရေး တို့က ၎င်းတို့၏ လုပ်ရပ်အပေါ် နှစ်ပေါင်း အတန် ကြာ ငြင်းဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ပြီး မြောက်ကိုရီယား တို့ ပါဝင်ပတ်သက် နေသည့် စာရွက်စာတမ်း အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။
မြန်မာတို့ကလည်း ဆီးရီးယား တို့ကဲ့သို့ စက်ရုံမျိုး ပိုင်ဆိုင်ချင်လာပြီး ၂၀၁၄ တွင် ပြီးဆုံးနိုင်ရန် ပင် မျှော်လင့်လာနေပြီဟု မြန်မာစစ်ဖက်မှ ခိုလှုံလာသူများက Sydney Morning Herald သတင်းစာကို ပြောပြခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာ အဝေးရောက်တို့၏ မီဒီယာ များက ၂၀၀၈ ခုနှစ် အတွင်း နဝတ အဖွဲ့ဝင် ရွှေမန်း သည် ၂၀၀၈ နိုဝင်ဘာလ အတွင်း မြောက်ကိုရီယားသို့ ရောက်ရှိလာခဲ့ပြီး စစ်ဖက် ကုန်သွယ်ရေး နှင့် နည်းပညာပိုင်း အကူအညီများ ရရှိရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ်ရေး ထိုးခဲ့ သည် ဆိုသော ပေါက်ကြားလာသည့် သတင်းဓါတ်ပုံများကို ဖေါ်ပြလာခဲ့သည်။
ထိုအချိန်အထိ ၎င်းတို့နှစ်နိုင်ငံသည် သံတမန် ဆက်ဆံရေး တိုးချဲ့ခဲ့မှုထက် မပိုကြောင်း ငြင်းဆန်လျှက် ရှိနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ထွက်ပေါ်လာသော ဓါတ်ပုံများက ၎င်းတို့ ငြင်းဆိုနေသမျှ သဲထဲ ရေသွန် ဖြစ်သွားခဲ့ရတော့သည်။ ထို့ပြင် မြန်မာ စစ်တပ်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်များကို ဖေါက်ဖျက်နေသည်မှာလည်း ဘူး ပေါ်သလို ပေါ်သွားခဲ့ပြန်သည်။
ထွက်ပေါ်လာသော ဓါတ်ပုံများ နှင့် ကောလာဟလများ အပြင် မြောက်ကိုရီးယား သင်္ဘောများ မြန်မာ နိုင်ငံသို့ မကြာခဏ ဆိုသလို ခုတ်မောင်းသွားလာနေကြောင်း တွေ့လာခဲ့ရသည်။ ထိုသင်္ဘောများသည် တိုးရစ်များ တင်ဆောင်လာသော အပျော်စီး သင်္ဘောများတော့မဟုတ်၊ ကုန်တင်ကုန်ချ လုပ်ရန် ရောက်လာကြခြင်း ဖြစ်သည်။
၂၀၀၆ နိုဝင်ဘာလ တွင် တန်ချိန် ၂,၉၀၀ ရှိ မြောက်ကိုရီယား သင်္ဘော MV Bong Hoafan သည် မုန်တိုင်း ဒဏ်မှ အကာအကွယ် ရရန် မြန်မာ ဆိပ်ကမ်းတွင် ဆိုက်ကပ် ရပ်နားခွင့် တောင်းခဲ့သည်။ ၂၀၀၉ မေလတွင် MV Susan သည် ခွင့်ပြုချက် မရဘဲ ကပ္ပလီ ကျွန်းစု တွင် ကျောက်ချလာ၍ အိန္ဒိယ ကမ်းခြေစောင့် သင်္ဘောများက နောက်မှ နာရီပေါင်းများစွာ ထပ်ချပ်မကွာ လိုက်ပြီးနောက်မှ ဖမ်းမိ၍ ထိန်းသိမ်းခဲ့ရသည်။
ထိုသင်္ဘောသည် မြန်မာသို့ ဦးတည်သွားနေခြင်း ဟုတ်မဟုတ် အိန္ဒိယ အရာရှိများက စုံစမ်းခဲ့ကြသည်။ ၂၀၀၉ ဇွန်လ အမေရိကန် ရေတပ်သည် မြန်မာ သို့ ဦးတည်သွားနေသော Kang Nam အမည်ရှိ မြောက်ကိုရီယား သင်္ဘောကို ခြေရာခံမိသွားသဖြင့် မြောက်ကိုရီယား သင်္ဘောသည် လာရာလမ်းသို့ ပြန်လှည့်သွားခဲ့သည်။
၂၀၁၁ ဇွန်လထဲတွင် ဘလစ်ဇီး နိုင်ငံ မှတ်ပုံတင် MV Light သည် မြန်မာဆိပ်ကမ်း များ ရှိရာသို့ ဦးတည် ခုတ်မောင်းလာနေသည်။