မရေးချင်သော သတင်းတပုဒ်

by Hla Soewai - Jun 04 2022

လက်ရှိတွင် မင်းအောင်လှိုင်သည် "သေရင်မြေကြီး ရှင်လျင် ရွှေထီး" ထုံးကို နှလုံးမူကာ ၎င်းအာဏာ တည်မြဲရေး အတွက် ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်အား နောက်တကြိမ် ပြန်မလှန်ရဲအောင် ကျုပင်ခုတ် ကျုငုတ်မကျန် ရှင်းလင်းပစ်မည်ဟု အလွယ်‌တွေး ကာ ကျဆုံးလုဆဲဆဲ ခေါင်းဆောင်တဦး၏ ဂမူးရှူးထိုး ကြံစည်လာသည့် လုပ်ရပ်ဟု ဆိုရမည်သာ ဖြစ်သည်။

 

ယင်း၏ ပြယုဒ် အဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ တို့အား တရားရုံးမှ ချမှတ်ထားသော သေဒဏ်ကို စစ်ကောင်စီ က အတည်ပြုလိုက်ပြီလို့ ဇော်မင်းထွန်း က RFA ကို ပြောလိုက်သော သတင်းက အထင်အရှား ပြဆိုလိုက်ပြီ ဖြစ်သည်။

 

ထိုကဲ့သို့ ကမ္ဘာသိ ထင်ရှားကျော်ကြားသူ နှစ်ဦး အပေါ် ထိုသို့ ကျုးလွန်ရန် အထိ ကြံစည်နေခြင်းကပင် ၎င်းတို့ အရေးနိမ့်လာနေပြီကို သွယ်ဝိုက်ဝန်ခံလိုက်ခြင်း ဖြစ်ပေတော့သည်။

 

သေဒဏ်ကို ချမှတ်သူ၊ နောက်ဆုံး အတည်ပြုရသူများသည် ၎င်းတို့ လက်ချက်ဖြင့် အပြစ်မဲ့မှန်း သိသိကြီးနှင့် လူတယောက်ကို သတ်လိုက်သလို ဖြစ်သွားမည့် အရေးကို ဗုဒ္ဓဘာသာဝင်များ ပီပီ လွန်စွာတုန်လှုပ်ကြသဖြင့် ကွပ်မျက်သည် အထိ ရောက်မလာခဲ့သည်မှာ ဗိုလ်နေဝင်း လက်ထက် နိုင်ငံရေး ဖက်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ကြိုးပေးခဲ့ခြင်းက နောက်ဆုံး ဖြစ်လာခဲ့သည်။

 

ယခုအခါ စစ်ကောင်စီ သည် တိုင်းပြည်အတွက် အာဇာနည်များကို မွေးထုတ်ပေးတော့မည် ဖြစ်သည်။

 

ဦးဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့ နှစ်ဦးအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် က သေဒဏ်ချမှတ်ခဲ့ပြီး အယူခံ အဆင့်ဆင့်ကို လေးလ အတွင်း ဆုံးဖြတ် ပယ်ချ ခဲ့ပြီး အတည်ပြု လိုက်ခြင်းအား အငြိုး နှင့် သတ်ဖြတ်ခြင်းဟု မဆိုက အဘယ်သို့ ဆိုပေမည်နည်း။

 

၎င်းတို့ကဲ့သို့ လူထု ရွေးကောက်တင်မြှောက်သည့် အစိုးရမျိုး မဟုတ်ပဲ အာဏာသိမ်းသည့် အဖွဲ့က ထိုသို့ လုပ်ပိုင်ခွင့် လားလားမျှ မရှိပေ။

 

ထိုသို့ တရားမဝင် ဥပဒေ နှင့် အညီ မဟုတ်ပဲ ကွပ်မျက် ခြင်းကို ကျုးလွန်သည်များသည်လည်း တူညီသော အကျိုး ပေး မည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင်သာ စဉ်းစားတတ်မည်ဆိုလျှင် သူ၏ လုပ်ရပ်သည် လွန်စွာ အန္တရာယ်များလှပြီး ရမည့် အကျိူး နှင့် မကာမိဆိုသည်ကို အလွယ်တကူပင် သိရှိ နိုင်မည်သာ ဖြစ်သည်။ ၎င်းအားလည်း နိုင်ငံတကာ ကျင့်သုံးနေသော ဉပ‌ဒေ လုပ်ထုံးလုပ်နည်းများကို လစ်လျုရှုသည်အထိ တိုင်းပြည်ကို ဘယ်ပုံဘယ်နည်း အုပ်ချုပ်ရမှန်း မသိသူ အဖြစ် အလွယ်တကူ ကောက်ချက်ချ ခံရမည့် အရေးကို လက်ငင်းကြုံရတော့မည်သာ ဖြစ်သည်။

 

ယခု လုပ်ရပ်သည် ၎င်းတို့အား ဆန့်ကျင်တော်လှန်နေသည့် မီးပုံကြီးအား ဓါတ်ဆီလောင်းပေးလိုက်ခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ လက်ထောက် ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က မှတ်ချက်ချလိုက်သည်။

 

ထို့အပြင် ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေမှု အားလည်း ကမ္ဘာကြီးက မေ့လျော့သွားမည်ဆို၍ အလိုက်သိစွာ မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

 

အမေရိကန် တွင်လည်း သေဒဏ်ဆိုသည်က ရှိပြီးသားပင် သို့သော် သူ့သည် တကယ်ပဲ ပြစ်မှု ကျုးလွန်ခဲ့ခြင်း ရှိမရှိ၊ သူ့အား အပြစ်မရှိကြောင်း ပြဆိုနိုင်မည့် သက်သေအထောက်အထားများ ထွက်ပေါ်လာနိုင်ခြင်း ရှိမရှိအစရှိသည့် ဥပဒေ တိုက်ပွဲကြီးကို တရားခံ အကျိုးဆောင်များ နှင့် နှစ်ပေါင်းများစွာ ဆင်နွှဲပြီးမှ သေချာပြီဆိုကာ ကွပ်မျက်ခြင်း ဖြစ်သည်။

 

ဧရာဝတီက ရန်ကုန် မြိုလယ်ခေါင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်သည် ကုလ အထူးသံတမန် ရောက်လာခါနီး အချိန် နှင့် တိုက်ဆိုင်နေပြီး ယခင် CNN သတင်းထောက် ကလာရီဆာ ဝပ် ရောက်ရှိနေချိန်တွင်လည်း ဆူပူ အကြမ်းဖက်သမားများ၏ လက်ချက် ဟု ဆိုကာ စစ်တပ်ပိုင် ရှောပင်းမော နှစ်ခု တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည် နှင့် နှိုင်းယှဉ်ပြခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် နှင့် ပြည်သူ့ကာကွယ်‌ ရေး တပ်မတော် ရန်ကုန်တိုင်း စစ်ဌာချုပ် တာဝန်ရှိသူများကလည်း အဆိုပါ ဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ငြင်းဆိုသွားခဲ့သည်။

 

စစ်တပ်သည် နိုင်ငံတော် အတိုင်ပင်ခံကိုပင် အကျင့်ပျက် ခြစားသည် ဆိုကာ လီဆယ် အမှုဆင် ခဲ့ချိန်မှစ၍ ၎င်းတို့၏ စကားကို မည်သူမျှ အယုံအကြည်မရှိတော့သည့် အဖြစ် နှင့် ရင်ဆိုင်နေခဲ့ရပြီ ဖြစ်သည်။

 

တနိုင်ငံလုံး ‌သောင်ပြိုကမ်းပြို မဲပေး အနိုင်ရခဲ့သည်ကို မူလတန်းကျောင်းသား အရွယ်ပင် သိရှိနိုင်သည့် ဖြစ်ရပ်အား နိုင်ငံတော် အတိုင်ပင်ခံမှ မသမာမှု ကျူးလွန်‌ ‌သောကြောင့် ဖြစ်သည် ဆိုသော စွဲချက်ဖြင့် ရုံးတင်စစ်ဆေးသွားမည်ဟု ဆိုလာပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်အုပ်စုသည် ကုလ အထူး သံတမန်အား အာဆီယံ၏ ဖိအားကြောင့် ပြည်ဝင်ခွင့် ပြုလာရသော်လည်း NLD အပါအဝင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ပေးရေး၊ စေ့ဆပ်ညှိနှိုင်းရေး များသည် မည်သို့မျှ မဖြစ်နိုင်ဆိုသော အကြောင်းပြချက် ပေးနိုင်အောင် လမ်းခင်းနေသည့် လုပ်ရပ်များသာ ဖြစ်သည်။

 

အကြမ်းဖက် စစ်အုပ်စုသည် လက်တွေ့ဖြစ်ရပ်များနှင့် ကင်းကွာပြီး အကြောင်းမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေသော ခေါင်းဆောင်ဆိုသူ၏ ချောက်ထဲ ဆွဲ ခေါ်ရာ နောက်သို့ မျက်စိမှိတ် လိုက်ပါ နေရသည့် အဖြစ် ရောက်နေရှာပြီ ဖြစ်သည်။

 

ပြည်သူများကတော့ ၎င်းတို့ လုပ်ကြံ ဖန်တီးနေသည်များကို ကောင်းစွာ သိရှိထားကြသည်နှင့် အမျှ အာရုံ မပြောင်းပဲ နွေဉီးတော်လှန်ရေး ရံပုံငွေ အတွက် ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး သရုပ်ဆောင် ဒေါင်း နှင့် ပိုင်ဖြိုးသူ တို့ ပါဝင် သရုပ်ဆောင်ထားသည့် "နိုင်ငံပျောက်သူ" ရုပ်ရှင် ဇာတ်လမ်းတိုအား အလုအယက် အားပေး ကြည့်ရှုနေကြပြီ ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတိုအား ပဒေသာပင် ယူကျု ချန်နယ်တွင် စတင်ပြသပြီး ၁၂ နာရီ အတွင်းမှာပင် ကြည့်ရှုသူ တသန်းကျော်နှင့် စံချိန်တင်သွားခဲ့ပြီ ဖြစ်သည်။ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းတွင် နှစ်သန်း နီးပါး အထိ ရှိလာပြီ ဖြစ်သည်ဟု မဇ္ဇျိမ သတင်းတွင် ဖေါ်ပြထားခဲ့သည်။

 

https://www.youtube.com/c/PaDayTharPin

 

ယခုအခါ စာဖတ်နေသူကြီး အပြင် ပန်းချီဆွဲနေသူကြီး တဦးလည်း ပေါ်ပေါက်လာပြီ ဖြစ်သည်၊ ထိုသူက တော့ ယခင် သမ္မ‌တဟောင်းး သိန်းစိန် ပင် ဖြစ်သည်၊ တနိုင်ငံလုံး ဒုက္ခ ပင်လယ်ဝေနေချိန်တွင် ထို အဖြစ်ကို လစ်လျုရှုနေသူများဟု ‌ဧရာဝတီက ရေးသားလာသည်။ သိန်းစိန်၏ လက်ထောက် အဖြစ် အမှုထမ်းခဲ့သူ အောင်ပိုင်မင်းအား အိမ်သို့ ဖိတ်ပြီး သူ ရေးဆွဲခဲ့သည့် ပန်းချီကားများ ထုတ်ပြသည့် ပုံများက အောင်ပိုင်မင်း၏ ဖေ့စ်ဘုတ်မှ တဆင့် ထွက်ပေါ်လာခဲ့သည်။

 

ထပ်၍ ရှင်းအောင် ပြောရမည်ဆိုလျှင် ယခုလို ဦးဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့ နှစ်ဦးအား ကြိုးပေး သတ်ဖြတ်ရန်ထိ မိုက်မဲစွာ ကြံစည်လာခြင်းကပင် ၎င်းတို့ အခြေမနေ မကောင်းတော့၊ တခုခု ထပ်လုပ်ပြီး ကြောက်အောင်‌ ခြောက်မှ ဖြစ်မည်ဟု ယူဆလာကြခြင်းပင် ဖြစ်သည် ကို သိရှိထားဖို့ လိုပေသည်။

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချအောင်ရမည်!!!