အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အဆင့် တွေ့ဆုံပွဲတွင် ဝဏ္ဏမောင်လွင် ဖယ်ထုတ်ခံရဖို့ ရှိနေ

by Hla Soewai - May 31 2022

အိမ်နီးချင်း နိုင်ငံတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ အား မည်သို့မည်ပုံ ဆက်ဆံသွားရမည် ဆိုသည်နှင့် ၎င်းတို့အား အဆက်အဆံ မလုပ်ရန် နိုင်ငံတကာ၏ ဖိအားပေးမှုများ အလယ်တွင် ကြားညပ်နေသော အိန္ဒိယ အစိုးရသည် လာမည့် ဇွန်လ လယ်တွင် ပြုလုပ်ရန် ရှိနေသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး တွင် ဝဏ္ဏမောင်လွင်အား တက်ရောက်ခွင့် မပြုရန် ဆုံးဖြတ်ဖွယ် ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

အိန္ဒိယ အရာရှိများ နှင့် သံတမန် သတင်းရပ်ကွက်များ အဆိုအရ အာဆီယံ၏ လက်ရှိ ခံယူထားချက် အတိုင်း နိုင်ငံရေး နှင့် မပတ်သက်သည့် အဆင့်ရှိသူကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်တော့မည်ဟု သိရသည်။ အဆိုပါ သတင်းအား နောက်ထပ် အတည်ပြုလာသည်မှာ အိန္ဒိယ ပြည်ပရေးရာ ဌာနမှ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဌာန အတွင်းဝန် ချမ်းအေး ဆိုသူထံ ဖိတ်စာပေးပို့လိုက်ခြင်းပင် ဖြစ်သည်။

 

မြန်မာဖက်မှ မည်သို့တုန့်ပြန်လာမည်ကို အစည်းအဝေး အတွက် ပြင်ဆင်ရန် ယနေ့တွင် ခေါ်ယူရန် ရှိနေသော နယူးဒေလီရှိ အာဆီယံ သံအမတ်ကြီး များ အစည်းအဝေး တွင် သိရမည် ဖြစ်သည်။ ဝဏ္ဏမောင်လွင် အတွက်ကတော့ ရေးနေကျ စာ ကို နိုင်ငံ အမည် ပြောင်းထဲ၍ ပို့လိုက်ယုံသာ ဖြစ်၍ ထူးထူးထွေထွေ အပန်းကြီးလှမည် မထင်ပေ။ သူ၏ အလုပ်သည် လွယ်ကူလွန်းလှပေစွ။

 

အိန္ဒိယ သည် မတ်လ အတွင်း ကိုလံဘို တွင် အွန်လိုင်းမှ ကျင်းပခဲ့သော တောင်အာရှ နိုင်ငံများ အစည်းအဝေးသို့ ဝဏ္ဏမောင်လွင် ပါသည့်အတွက် အမေရိကန်မှ ကန့်ကွက်နေသည့်ကြားမှ တက်ရောက်ခဲ့၍ ဝေဖန်ခံခဲ့ရပြီး ဖြစ်သည်။

 

ထို့အတွက် ယခုအခါ အိန္ဒိယ သည် ၎င်းတို့အား ထိုသို့ ဆက်ဆံလိုက်ခြင်းဖြင့် စစ်အုပ်ချုပ်ရေး သမားများ လုံးဝ မျှော်လင့်မထားသော ပြင်းထန်သည့် ထိုးနှက်ချက်ကြီး တခု ဖြစ်သွားခဲ့ရပေပြီ။ မင်းအောင်လှိုင်သည် ၎င်း၏ တပ်များနှင့် သေနတ် တချက်ပင် မပစ်ဖေါက်ဘူးသေးသော အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်ကို အိန္ဒိယကပင် အသိအမှတ် မပြုသည့် သဘော သက်ရောက်သွားပြီ ဖြစ်သည်။

 

ထိုသို့ နိုင်ငံတကာ မှ အုတ်ရောရော ကျောက်ရောရော မဆက်ဆံဘဲ ပြတ်သားစွာ ဆက်ဆံနေခြင်းမှာ ၎င်းတို့၏ အသိစိတ်ကြောင့် ဆိုသည် အနည်းငယ်မျှသာ ပါဝင်ကောင်း ပါဝင်နိုင်မည် ဖြစ်ပြီး အဓိက မောင်းနှင်အားကြီးက အာဏာသိမ်း အကြမ်းဖက် အဖွဲ့အား အပြင်းအထန် တွန်းထိုး ဆန့်ကျင်နေသည့် ပြည်သူတို့၏ ညီညွတ်မှု အားပင် ဖြစ်သည်။

 

မိမိလည်း ၎င်းတို့ ၏ လက်ပြဲ ကြီး ဖြင့် အုပ်ချုပ်နေမှုများအား တွန်းလှန်နေသည့် ပြည်သူ ဘက်တော်သား တော်လှန်ရေး သမားများ အတွက် အားတက်ဖွယ် အာရပ်-အစ္စရေး ပထမ စစ်ပွဲကြီး အကြောင်း ရေးသား ချင်သော်လည်း ရေးစရာ ခေါင်းစဉ်များက အများအပြား ရှိထားပြီး ဖြစ်၍ လူက နောက်မှ မလိုက်နိုင် ဖြစ်နေရသည်။

 

၁၉၄၈ တွင် ဖြစ်ပွားခဲ့သော အစ္စရေး တို့ အခေါ် လွတ်လပ်ရေး စစ်ပွဲကြီးသည် ၁၉၄၇ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကုလ အထွေထွေ ညီလာခံကြီးမှ ဂျော်ဒန်မြစ် အနောက်ဖက်ခြမ်းရှိ ပါလက်စတိုင်း နယ်မြေများကို ဖဲ့ထုတ်၍ အစ္စရေး နိုင်ငံငယ် လေး အဖြစ် ပိုင်းခြား ထူထောင်ပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာမှ စတင်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်ကို အဖွဲ့ဝင် ၅၇ နိုင်ငံ အနက် ၃၃ နိုင်ငံ ထောက်ခံ၊ ၁၃ ကန့်ကွက်၊ ၁၀ ကြားနေ၊ တစ်နိုင်ငံ ပျက်ကွက် နှင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 

ဆုံးဖြတ်ချက်အား လုံးဝမကျေနပ်သော အာရပ် ခုနှစ်နိုင်ငံရှိ စစ်တပ်ကြီးက ဗြိတိသျှ တပ်များသည် ပါလက် စတိုင်း ဒေသမှ နောက်ဆုံးထား ဆုတ်ခွာပြီး အစ္စရေးတို့ လွတ်လပ်ရေး ကြေညာရန် ရှိနေသော ၁၉၄၈ မေလ ၁၄ ရက်နေ့တွင် အစ္စရေး အား ဝင်ရောက် တိုက်ခိုက်လာကြသည်။

 

အစ္စရေးတွင် ထိုအချိန်ကား စစ်တပ်ဟူ၍ မည်မည်ရရ လက်ညှိုးထိုးပြစရာ မရှိ၊ ဟာနာဂါး ဆိုသော ဒေသ ကာကွယ်ရေး ပြည့်သူစစ်အဖွဲ့မျိုးသာ ရှိသည်။ လက်နက် အင်အားလည်း မည်မည်ရရ မရှိ။ ဦးဆောင် သူများကလည်း ထိုသို့သော တိုက်ပွဲမျိုးတွင် ခုခံတွန်းလှန်ရန် အတွေ့အကြုံမရှိသည့်အပေါ် ဂျူး တို့ကိုလည်း အာရပ်တပ်များက ဟိုတစ်စ ဒီတစ်စ ဝိုင်း၍ တိုက်ခိုက်လာခဲ့သည်။

 

ဤသည်ကို အစ္စရေး တို့ ၉ လ ကြာ ရွပ်ရွပ် ချွံချွံ ခုခံတွန်းလှန် နိုင်ခဲ့ပြီး နောက်ဆုံး ဖါလူဂျာ နယ်မြေတွင် အီဂျစ် တပ်မကြီး အား ဝိုင်းပိတ်ထားနိုင်ခဲ့မှု ဖြင့် အနိုင်ရရှိသွားခဲ့သည်။ ၁၉၄၉ ဖေဖေါ်ဝါရီ ၂၄ တွင် စစ် ပြေငြိမ်းရေး သ‌ဘောတူညီချက်ကို အီဂျစ်တို့ လက်မှတ်ရေးထိုး ပေးခဲ့သဖြင့် ပိတ်မိနေသော အီဂျစ်တပ်များအား အစ္စရေးတို့က ဂုဏ်သိက္ခာ ရှိရှိ စစ်အခမ်းအနားနှင့် ဆုတ်ခွါခွင့် ပေးခဲ့သဖြင့် ပထမ အာရပ်-အစ္စရေး စစ်ပွဲကြီး အဆုံးသတ်သွားခဲ့ရသည်။

 

အစ္စရေး တို့သည် ထိုစစ်ပွဲကြီးအတွင်း ညအချိန်ကိုသာ ရွေး၍ တိုက်ခိုက်ခဲ့ပြီး လျှင်မြန်မှု၊ ကွန်မန်ဒို စတိုင် စစ်ဆင်ရေးများ နှင့် ရန်သူအား ပန်း၍ ပိုင်မှ တိုက်ခိုက်သည့် နည်းဗျုဟာများကို တစိုက်မတ်မတ် ကျင့်သုံးခဲ့ကြသည်ဟု ဆိုသည်။ ခေါင်းဆောင်ပိုင်းကလည်း အတွေ့အကြုံမရှိခဲ့သော်လည်း လျပ်တပျက် ပြောင်းလဲလာသော အနေအထားကို စစ်မြေပြင် တွင် မိမိတို့ အသာရအောင် ကောင်းစွာ ပြောင်းလဲပစ်နိုင်ခဲ့ကြသည်။

 

ထိုသို့သော အာရပ် စစ်တပ်ကြီး ခုနှစ်တပ်ကို စွန့်လွှတ် စွန့်စား အနစ်နာခံလိုစိတ်၊ နိုင်ငံအဖြစ် ထူထောင်နိုင်ခွင့် ရရှိ‌ရေး ဆိုသည့် စိတ်ဖြင့် အစ္စရေးတို့ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်ကို စံနမူနာ ထား အတုယူသွားမည် ဆိုလျှင် မိမိတို့ တော်လှန်ရေးသည် မည်သို့မျှ မအောင်မြင် နိုင်စရာ မရှိပေ။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!