တိုကျို မှသည် ယင်းမာပင် ဆီသို့

by Hla Soewai - May 27 2022

တိုကျို တွင် ပြုလုပ်လျက်ရှိသော အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နှင့် ဩစတေးလျှ လေးနိုင်ငံ ပါဝင်သည့် QUAD ထိပ်သီး ဆွေးနွေးပွဲ မှ မြန်မာနိုင်ငံတွင် အလျင်အမြန် ဒီမိုကရေစီ ပြန်လည် ထားရှိပေးရန် တောင်းဆိုကြောင်း အစည်းအဝေး အပြီး ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ပါရှိသည်။

 

တိုကျို ကြေညာချက် မထွက်ပေါ်မီ နာရီပိုင်း အလိုတွင်ပင် မြန်မာ စစ်ခေါင်းဆောင်များက ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခိုင်အမာ ခြေကုပ်ယူထားသော စစ်ကိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း တဒါဇင် နီးပါးကို ဖုန်း နှင့် အင်တာနက် လိုင်း များ ဖြတ်တောက်လိုက်ပြီ ဖြစ်၍ တနိုင်ငံလုံး စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေ ရသည်။

 

အဆိုပါ မြို့နယ်များ တွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ အုပ်ချုပ်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်လည် ပတ်လျက် ရှိနေသော မြို့နယ်များလည်း ဖြစ်သည်။

 

ထိုသို့ ပြင်ပကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက်ပြစ်ခြင်းသည် ပုံမှန် အားဖြင့် ထိုးစစ်ကြီး တရပ် မဆင်နွှဲမီ ပြုလုပ်လေ့ရှိသော အကြမ်းဖက် စစ်တပ်၏ ဗျူဟာ များထဲမှ တခု ဖြစ်သည်။ အဆိုပါဒေသ အတွင်းရှိ ကျေးရွာ များကိုလည်း ရခိုင်ပြည်နယ် အတွင်း ရှိ ရိုဟင်ဂျာ ရွာများကဲ့သို့ပင် “နယ်မြေ ရှင်းလင်း စစ်ဆင်ရေး” ခေါင်းစဉ် တပ်၍ နေ့စဉ်လို မီးရှို့ ဖျက်ဆီး လျက် ရှိနေကြပြီလည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ QUAD ထိပ်သီး အစည်းအဝေးသို့ မြန်မာ ပြည်သူများ ရင်ဆိုင်နေရသော ပြဿနာများကို အလေးထား ဖြေရှင်းပေးပါရန် စာရေးသား ပေးပို့ တောင်းဆိုခဲ့သော်လည်း ထွက်ပေါ်လာသော ကြေညာချက်တွင် မူ အာဆီယံ ၏ မူငါးချက် ကို ထောက်ခံကြောင်း အစရှိသော ထုံးစံရှိသည်များထက် ပို၍ ပါရှိ မလာ ခဲ့သည်ကို တွေ့ရသည်။

 

အာဏာသိမ်း ခေါင်းဆောင်ပိုင်းကတော့ အာဆီယံ ၏ မူ ငါးချက် ကို လိုက်နာဖို့ နေနေသာသာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် တွေ့ဆုံခဲ့မှု အား “နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်‌ရေး သဘောတူညီချက်” ကို ဖေါက်ဖျက်သည် ဆိုကာ ဒေါသ တကြီးပင် တုန့်ပြန်လာခဲ့သည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။

 

ဤသည်ကပင် ၎င်းတို့ဖက်က မည်သို့မျှ လိုက်လျောမှု ရှိမည် မဟုတ်ဆိုသည်ကို အထင်အရှား ပြဆိုနေခြင်းပင် ဖြစ်သည်။

 

မလေးရှားကလည်း မည်သို့မျှ တိုးတက်မှု မရှိသော်ငြား ငြိမ်ကုပ်နေသော အာဆီယံကို အားမလို အားမရ ဖြစ် လာပြီး ဖေါက်ထွက်ကာ ပြဿနာကို ဖြေရှင်းနိုင်ရန် ကြံစည်လာခြင်း ဖြစ်ပေသည်။ အခြား အာဆီယံ နိုင်ငံ များလည်း အလားတူ NUG ကို ထောက်ခံလာရန် ရှေ့ဆောင်ဦးရွက် ပြုလိုက်ခြင်းဖြစ်သည်။

 

အမေရိကန် ဦးဆောင်သော QUAD အဖွဲ့ကြီးတွင် အကြမ်းဖက် စစ်ကောင်စီ နှင့် သံတမန်ရေးအရ နောက်ဖေး ပေါက်က ဆက်သွယ်မှ ဖြစ်မည်ဟု ယူဆနေသော ဂျပန် နှင့် အိမ်ရှေ့တံခါးမှ ဝင်ထွက်လိုသော အိန္ဒိယ တို့ ရှိနေ ပြန်၍ ဘိုင်ဒင်သည်လည်း အခက်တွေ့ နေပုံရသည်။ တရုတ်အပေါ် တန်ပြန်ရေး အစီအစဉ်များအတွက် အဆိုပါ နိုင်ငံများမှ လိုလိုလားလား ပူးပေါင်း လာကြရန် ဆွဲဆောင်ရဖို့ ရှိနေ၍ မြန်မာ အရေး နှင့် စပ်လျဥ်း၍ ၎င်းတို့အား ကန္တေကောစ လုပ်ချင်ပုံ မရှိပေ။ ထို့အတွက်လည်း ၎င်းတို့၏ ပူးတွဲ ကြေညာချက်သည် အားပျော့နေရခြင်းလည်း ဖြစ်သည်။

 

ဂျပန် ရှိ အစိုးရအား ဝေဖန်သူများက နောက်ဖေးပေါက်မှ ဆက်သွယ်၍ မည်သို့များ အကျိုးဖြစ်ထွန်းခဲ့သည်ကို ချပြရန် တောင်းဆိုလာနေကြသည်။ အိန္ဒိယသည် လည်း တရုတ်မှ မြန်မာအား ထိန်းချုပ်၍ အိန္ဒိယသမုဒ္ဒရာထဲ အထိ ရောက်လာနိုင်မည့် အရေးကို ယခုထိ သူ၏ အကြမ်းဖက် စစ်ကောင်စီ နှင့် ဆက်ဆံနေမှုများက ဟန့်တား နိုင်ခြင်း မရှိသေးဟု ဝေဖန်ခံနေရသည်။ ဩစတေးလျှ တွင် လေဘာ အစိုးရ တက်လာ၍ မြန်မာနှင့် ပတ်သက် သည့် မူဝါဒ အပေါ် ရေရေရာရာ မသိ ဖြစ်နေဆဲပင်။

 

မည်သို့ပင် ဆိုစေ QUAD ထိပ်သီး အစည်းအဝေး ကျင်းပနေဆဲမှာ အကြမ်းဖက် စစ်တပ်က စစ်ကိုင်း ဒေသ တဝိုက်အား ထိုးစစ်ဆင်ဖို့ စီစဉ်လာခြင်းကပင် ၎င်းတို့နှင့် စပ်လျှင်း၍ QUAD သည် စာလေး တကြောင်း နှစ်ကြောင်းထက် ပို၍ တုန့်ပြန်လာမည် မဟုတ်ဟု အပိုင် တွက်ဆထားပြီး ဖြစ်သည်မှာ ထင်ရှားနေသည်။

 

ဤသည်မှာ လက်ရှိ စစ်ရေးအရ တပ်သားများ အကြား စိတ်ဓါတ်များ ကျဆင်းလာနေမှု ကို မြှင့်တင် နိုင်ရန် ကမူးရှူးထိုး ကြိုးပမ်းလာရခြင်း ဖြစ်သည်။ ထိုအချက်ကို ကရင် အမျိုးသား တပ်မတော် KNLA က မေလ ၁၈ ရက်နေ့တွင် စစ်တပ်သည် လေကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်လာသည့်ကြားမှ သိမ်းယူခဲ့သော သေ့ဘောဘိုး စခန်းကို ပြန်လည် သိမ်းယူရန် ကြိုးစားနိုင်ခြင်း မရှိခဲ့သည်က ထင်ရှားနေသည်ဟု KNLA တပ်မဟာ (၆) တပ်မှူး မှ ဧရာဝတီအား ပြောပြခဲ့ကြောင်း သိရသည်။ 

 

လက်ရှိတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်‌ရေး တပ်မတော်သည် ချုံခိုတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ် ဖြတ်ခြင်း အဆင့်တွင်သာ ရှိနေသေးသည် ဟူသော ကမ္ဘာ၏ ထင်မြင်ယူဆချက်ကို ရိုက်ချိုး နိုင်ရေးအတွက် အဓိက ထိုးစစ်ကြီး တရပ်ဆင်နွှဲရန် ပြင်ဆင်နေလောက်ပြီဟု ယူဆရပေသည်။ သို့မှသာ မြန်မာ အရေးအား မဖြစ်မနေ ဖြေရှင်းမှ ရတော့မည် ဆိုသည်ကို လက်ခံလာကြမည်လည်း ဖြစ်သည်။

 

(ပုံတွင် စစ်ကောင်စီ တပ်များသည် လက်နက်ကိုင် အချင်းချင်း မတိုက်ရဲ၍ မနိုင်နိုင်ရာ မီးရှို့ခြင်း ခံခဲ့ရသည့် စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာ အား တွေ့ရစဉ် - ဓါတ်ပုံ ဧရာဝတီ)

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!