နိုင်ငံတော် အတိုင်ပင်ခံအား ဖမ်းဆီးမှု အပေါ် မိသားစု မှ ကုလ ရုံးတော် သို့ လျှောက်ထား

by Hla Soewai - May 26 2022

နိုင်ငံတော် အတိုင်ပင်ခံ မိသားစု မှ သူမအား ဖမ်းဆီးထားမှု အပေါ် ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂရှိ “အကြောင်းမဲ့ ဖမ်းဆီးခံရမှု စုံစမ်းရေး လုပ်ငန်း ကော်မတီ” Working Group on Arbitrary Detention (WGAD) သို့ အ‌ရေးယူ ပေးပါရန် အမှု ဖွင့်လိုက်ပြီ ဖြစ်သည်။ မိသားစုဝင်များ ကိုယ်စား လူ့အခွင့်အရေး ဆိုင်ရာ အကျိုးဆောင် ရှေ့နေများ ဖြစ်သော ဖရန်ဆွာ ဇင်မာရေး နှင့် ဂျက်စီကာ ဖိုင်နယ်လ် တို့မှ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

 

တိုင်ကြားလွှာတွင် “ဥပဒေ ဖြင့် ပြန်ပေးဆွဲထားခြင်း” ဟု သုံးနှုံးထားသည်ကို တွေ့ရသည်။

 

သူမအား ဖမ်းဆီးထားမှုသည် တရားမဝင်သည့်အပြင် ဥပ‌ဒေကြောင်းအရ မည်သို့မျှ ခိုင်လုံသည့် အခြေခံ အကြောင်းတစုံတရာ မရှိ၊ သူမ ကို စစ်ဆေးနေသည့် တရားခွင်သည်လည်း ဥပဒေ လုပ်ထုံးလုပ်နည်း လာ အခြေခံ စည်းမျဉ်းများကို ဖေါက်ဖျက်နေသည်ဟု ဖေါ်ပြထားသည်။

 

တရားရုံးတင်သည်ဟု အကြောင်းပြကာ ပြန်ပေးဆွဲထားခြင်း သက်သက်သာ ဖြစ်ပြီး တရားဥပဒေ ကို ဆန့်ကျင်ကာ မည်သူနှင့်မျှ အဆက်အသွယ် ပြုလုပ်ခွင့် မပေး၊ ထိုသို့ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခံနေရမှု ကို ရှိသမျှ အင်အား နှင့် ရုန်းကန် တွန်းလှန် နေရသည်ဟုလည်း ဆိုသည်။

 

မြန်မာ သည် ဝမ်းနည်းဖွယ်ကောင်း‌လောက်အောင် ဆုတ်ယုတ်ကျဆင်းနေသည့် အဖြစ်နှင့် ရင်ဆိုင်နေရကြောင်း၊ မြန်မာပြည်သူများကို အသံမထွက်ရဲအောင် ပါးစပ်ပိတ်ခံထားရသည့်အပြင် ၎င်းတို့၏ ဒီမိုကရေစီ မျှော်လင့်ချက် များလည်း နင်းချေဖျက်ဆီး ခံနေရသည် ဟု ပါရှိသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် “လုပ်ကြံဖန်တီးထားသော စွဲချက်အမျိုးမျိုး” ဖြင့် ရင်ဆိုင်နေရပြီးနောက် ယခုထိ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်ခံနေရသည်။ နောက်ထပ် ၁၇ မှုအား ရင်ဆိုင်ရန် ရှိနေပြီး ထောင်ဒဏ် စုစုပေါင်း နှစ် ၁၀၀ ကျော်အထိ ကျခံရဖွယ် ရှိနေကြောင်း အကျိုးဆောင် ရှေ့နေများက ပြောဆိုလာခဲ့သည်။

 

ထိုအပြင် မည်သည့်နေရာတွင် ချုပ်နှောင် ဖမ်းဆီးထားသည်ကိုလည်း မသိရ ဖြစ်နေပြီး ပြင်ပ ကမ္ဘာနှင့် ဆက်သွယ် ရသည် ဆို၍ သူမ၏ ရှေ့နေများနှင့် ခေတ္တခဏမျှ တွေ့ဆုံခွင့် ရခဲ့ခြင်းမျိုးသာ ရှိသည်ဟု ဆိုသည်။

 

သူမ၏ ဘဝ တွင် ၁၅ နှစ်ကြာအောင် လွတ်လပ်ခွင့်များ ပိတ်ပင်ခံခဲ့ရသော အသက် ၇၇ နှစ် ရှိ အမျိုးသမီးကြီး အတွက် ယခုလို ဖမ်းဆီးချုပ်နှောင်ခံရမှုသည် ရှေ့လျောက် မည်သို့ ဖြစ်လာနိုင်သည်ကို တွေးမိကြပါရဲ့လား ဟု ရှေ့နေများက မေးခွန်းထုတ်လိုက်ပြန်သည်။ အဆိုပါ ဦးတိုက်လျှောက်ထားမှုအား AFP သတင်းကို ကိုးကားပြီး စင်္ကာပူရှိ Channel News Asia မှ ဖေါ်ပြလာခဲ့သည်။

 

နိုင်ငံတော် အတိုင်ပင်ခံအား ထိုသို့ ဖမ်းဆီး ချုပ်နှောင်ကာ အမှုဆင် စွပ်စွဲထားမှုသည် အကယ်၍များ စစ်ခေါင်းဆောင်များ တွင် ဂုဏ်သိက္ခာ အနည်းငယ်မျှ ရှိပါပေသည်ဟု ထင်မြင် နေသူများ ကိုပင် မည်မျှထိ မှားယွင်းနေသည်ကို ပြဆိုနေသော လုပ်ရပ်လည်း ဖြစ်နေသဖြင့် ၎င်းတို့ အဖို့ လူတော မတိုးရဲအောင် အရှုံးကြီး ရှုံးနေရသည့် အဖြစ်ကို ရောက်နေရသည်။

 

တရားရုံး သို့ မျက်လုံးကို အဝတ်နှင့် ပိတ်ကာ ခေါ်ဆောင်လာသည် လုပ်ရပ်အား “ဥပဒေ နှင့် ပြန်ပေးဆွဲခြင်” ဟု မခေါ်ဆိုက မည်သို့များ ခေါ်ဆိုရပေမည်နည်း။

 

နောက်ထပ် ရရှိသော သတင်းအရ ထိုသို့ မတရားမှု များစွာ ကျူးလွန်နေသော အကြမ်းဖက် အဖွဲ့အား ပေးရန်ရှိသော ငွေများကို ဆိုင်းငံ့ထားရန် ချေဗရွန် ရေနံကုမ္ပဏီ ကြီး ၏ အစုရှင်များက ယနေ့တွင် မဲခွဲ ဆုံးဖြတ်ရန် ရှိနေသည်။

 

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ် ဆိုသူ အယောက် ငါးဆယ် ၏ ဦးခေါင်းများ ပေါင်းစုထားလျှင်ပင် သူမ၏ ဉာဏ်ရည် အား မည်သို့မျှ မှီနိုင်စရာ မရှိသော၊ ထိုကဲ့သို့သော လူများက ဒေါ်အောင်ဆန်းစုကြည်အား နှစ် ၁၀၀ အကျဉ်းချသည် ဆိုစေဦး မည်သို့မျှ နိုင်ငံတကာတွင် မျက်နှာပြဝံ့စရာ မရှိ ဖြစ်နေရသည်။ ထိုဒဏ်ကို စစ်အာဏာရှင် အဆက်ဆက် ကျိန်စာ တိုက်ခံထားရသလို အလူးအလဲ ခံစားနေခဲ့ကြရသည်။

 

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရမှု အပေါ် ဦးတိုက်လျှောက်ထားသော “အကြောင်းမဲ့ ဖမ်းဆီးခံရမှု ကုလ စုံစမ်းရေး လုပ်ငန်း ကော်မတီ” သည် နိုင်ငံများက လက်ခံထားသော တရားဥပဒေ ဆိုင်ရာ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ၊ ကမ္ဘာလူ့အခွင့်အရေး ကြေညာချက် တွင် ပါရှိသည့် နိုင်ငံတကာ စံနှုန်းများနှင့် မညီဘဲ အကြောင်းမဲ့ ဖမ်းဆီးပြီး လွတ်လပ်ခွင့်များ ဆုံးရှုံးနေမှုများကို စုံစမ်းစစ်ဆေးရန် အခွင့် အာဏာ အပ်နှင်းခံ ထားရသော အဖွဲ့ဖြစ်သည်။

 

အဆိုပါ လုပ်ငန်း ကော်မတီအား ကုလ လူ့အခွင့်အရေး ကောင်စီမှ ၂၀၁၉ စက်တင်ဘာလ တွင် ဆုံးဖြတ်ချက် အမှတ် ၄၂/၂၂ ဖြင့် သုံးနှစ်သက်တမ်း တိုးမြှင့်ပေးထားခဲ့ပြီး အခင်းဖြစ်ပွားရာ နိုင်ငံသို့ သွားရောက်ကာ စုံစမ်း စစ်ဆေးပိုင်ခွင့်လည်း ရှိနေသည်။ သက်ဆိုင်ရာ အစိုးရ ကိုလည်း သံတမန်ရေး လမ်းကြောင်း မှတဆင့် လက်ခံရရှိထားသော တိုင်ကြားစာကို ပေးပို့ပြီး ရက်ပေါင်း ၆၀ အတွင်း တုန့်ပြန် ဖြေရှင်းရန် ရှိနေသည်။

 

ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံအား စစ်အာဏာသိမ်း အဖွဲ့က ထပ်မံ စွဲဆိုထားသည့် အမှု လေးမှုသည် လုံလောက်သော သက်သေအထောက်အထားများ ရှိသည်ဆိုကာ အထူး တရားရုံးတော် ဆိုသည်မှ မကြာသေးမီတွင် လက်ခံ စစ်ဆေးသွားမည် ဖြစ်ပြီး ရုံးချိန်းကို မေလ ၃၁ ရက်နေ့တွင် သတ်မှတ်ထားသည်။

 

၎င်းတို့ ပြောသော လုံလောက်သည့် သက်သေ အထောက်အထား ဆိုသည်မှာ မည်သူမဆို ဒေါ်အောင်ဆန်းစု ကြည်အား လာဘ် ပေးခဲ့ရပါသည် ဟု ပြောဆိုလာမှုများကိုသာ ဆိုလိုနေသည်။

 

မင်းအောင်လှိုင်သည် တတိုင်းပြည်လုံး အား ၎င်း၏ ကြေးစား တပ်များ အားကိုးဖြင့် ဆက်၍ မီးလောင် တိုက်သွင်းနေသော်လည်း တဖက်က ငြိမ်းချမ်းရေး စကား ကို အရူးချီးပန်း ဟစ်ကြွေးနေသည့် မီးစတဖက် ရေမှုတ်တဖက် ကိုင်ဆောင်ထားသူ ဖြစ်နေသည်။

 

ထိုသို့ ပြောဆိုနေသူ ၏ စကား ကို နိုင်ငံတကာ မှ အယုံအကြည် တစက်မျှ မရှိကြသော်လည်း “ငြိမ်းချမ်းစွာ ဖြေရှင်းရေး” မူကို လက်ကိုင်ပြုကာ ခေါင်းရှောင်နေကြဆဲပင် ဖြစ်သည်။

 

ကုလ သမဂ္ဂ ဆိုသည်ကလည်း နိုင်ငံကြီး ငါးနိုင်ငံ ၏ ချုပ်ကိုင်ထားမှုကြောင့် အစွယ်မရှိသော ကျားကြီး ပမာ မည်သူကမျှ လည်း လေးလေးစားစား မရှိကြတော့။ မိမိတို့ ပြောလိုသည်များကို ပြောနိုင်ခွင့်၊ ချေပနိုင်ခွင့် ရမည့် စင်မြင်ကြီးအဖြစ်သာ သဘောထား နေကြသည်။

 

ပြည်သူများက ဝမရှိပဲ ဝိလုပ်ချင်သူများ၊ ဒုတိယတန်းစား ဗျူရိုကရက်များ၏ လက်အောက်တွင် နစ်သည်ထက် နစ်မွန်းလာနေပြီ ဖြစ်၍ မိမိတို့ တော်လှန်ရေးကြီးကို အမြန်ဆုံး အောင်ပွဲခံနိုင်ရန် တယောက်တလက် ဖြင့် ကြိုးစား ရုန်းကန်ကြရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!