စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (7)

by Hla Soewai - May 24 2022

မူးယစ်ဆေးဝါး၊ စစ်နှင့် ငြိမ်းချမ်းရေး ကြားက အမျိုးသား ရင်ကြားစေ့ရေး

 

၂၀၀၉ ခုနှစ် အိုဘားမား သမ္မတ ဖြစ်လာချိန်တွင်တော့ ကျမ နှင့် လုပ်ဖေါ်ကိုင်ဖက်များက သူ့အနေနှင့် အရှေ့တောင်အာရှ အတွက် ဦစားပေး လုပ်ဆောင်မည်လားဆိုသည်ကို သိချင်စိတ် ပြင်းပြနေမိသည်။

 

အုပ်ချုပ်ရေး အပြောင်းအလဲ တွင် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာတတ်ကြသည်မှာ ဓမ္မတာပင်၊ အကြီးအကဲ အသစ်များ ရောက်လာတိုင်း သူတို့၏ ဦးစားပေး အစီအစဉ်များ၊ အောက်ခြေမှ တင်ပြလာ သည်များကို ခံယူပုံ ခံယူနည်း က ကွာခြားလေ့ ရှိစမြဲလည်း ဖြစ်သည်။

 

ကျမတို့ ကဲ့သို့ သုတေသီ များ၏ တင်ပြချက်များသည် အသစ် ရောက်လာသော မူဝါဒ ရေးဆွဲသူများ၏ ဦးစားပေး စာရင်းတွင် မည်သည့်နေရာ၌ ရှိနေသည် ကို တွေးပြီး စိုးရိမ်နေမိသည်။ 

 

ကျမတို့ အသင်း၏ တင်ပြချက်များနှင့် ပတ်သက်၍ သမ္မတ အား နေ့စဉ် အစီရင်ခံစာ Presidential Daily Brief (PDB) ၊ အဆင့်မြင့် အရာရှိကြီးများထံ ပေးပို့ရသည့် နေ့စဉ် အစီရင်ခံစာ အကျဉ်းချုပ်၊ ရရှိထားသည့် ထောက်လှန်းရေး သတင်းများ၊ သမ္မတ နှင့် ကက်ဘိနက် အဖွဲ့ဝင်များ အတွက် ပြုလုပ်‌ ပေးရသော အမျိုးသား လုံခြုံရေး နှင့် စပ်လျဥ်းသည့် ဆန်းစစ်မှုများကို ကျမတို့ လုပ်ပေးနိုင် ခွင့်များ ရရှိရန် မျှော်လင့်နေခဲ့ကြသည်။

 

ကျမ တို့ သုတေသီ များအနေနှင့် PDB ကို ရေးသားနိုင်ခွင့် ရရှိမည်ဆိုလျှင် ရာထူး တိုးမြင့်ရန် မျှော်လင့်‌ ၍ ရပေသည်။ မိမိရေးသားထားသည်များကို သမ္မတ၊ ဝန်ကြီးများ နှင့် အခြား အဆင့်မြင့်အရာရှိကြီး များ ဖတ်လာကြမည် က အခွင့်အရေး တခုပင် ဖြစ်သည်။ မြန်မာ ပြဿနာသည် အုပ်ချုပ်ရေးပိုင်း၊ ပါတီကြီး နှစ်ပါတီနှင့်  လွှတ်တော် နှစ်ရပ်၏  ထူးထူးခြားခြား အဆက်မပြတ် အာရုံစိုက်‌ နေကြမှန်းသိ ထား၍လည်း မျှော်လင့်နေမိခြင်း ဖြစ်သည်။ 

 

မြန်မာအရေးသည် သမ္မတ လောင်း အတွက် အချိန်အနည်းငယ် အတွင်းမှာပင် အာရုံစိုက်လာရသည့် အဆင့်သို့ ရောက်လာခဲ့သည်။ ၂၀၀၈ နိုဝင်ဘာလ တွင် မြန်မာတရားရုံးတခုမှ နိုင်ငံရေး တက်ကြွလှုပ် ရှားသူ ၁၄ ဦး အား ထောင်ဒဏ် ၆၅ နှစ်စီ အပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၎င်းတို့အားလုံးသည် နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသူများကို အကူအညီ ပေးမှု၊ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့မှု နှင့် အခြား စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကြောင့် ပင် ဖြစ်သည်။ 

 

ထိုကဲ့သို့ တခါမှ မကြားဖူးသည် နှစ်ရှည်ထောင်ဒဏ်များ အပြစ်ပေးလာသည့်အပြင် ၎င်းတို့ အားလုံး အား ဝေးလံခေါင်သီလှသည့် ဒေသများရှိ အကျဉ်းထောင် များသို့ ခွဲ၍ ပို့ခဲ့ကြသည်။ တနေရာတည်း တွင် ထားပါက အချင်းချင်း ဆက်သွယ်ပြီး တခုခု ကြံစည်လာမည်ကို စိုးရိမ်၍ ဖြစ်သည်။ ထိုကဲ့သို့ တယောက် တနေရာဆီ ခွဲထားမှသာ အချင်းချင်း အဆက်အသွယ် ပြတ်နေပြီး လွတ်လာသည့် အခါ တွင်လည်း ဒီမိုကရေစီ အရေး အတွက် ပူးပေါင်းကြံစည် နိုင်ကြတော့မည် မဟုတ်ဟု ယူဆလာခဲ့၍ ဖြစ်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် နောက်တက်လာမည့် အစိုးရ အတွက် အလားအလာ ကောင်းများ ထွက်ပေါ် လာနိုင်စရာ မရှိတော့ပေ။ 

 

မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ကြီး နှင့် အမေရိကန် မှ ဘဏ္ဍာရေး အရ ကျားကန်ပေးသလို ဖြစ် လာခဲ့ရခြင်း

******************

 

နိုင်ငံရေး အကျဉ်းသားများ ပြဿနာသည် မြန်မာပြည်နှင့် ပတ်သက်လျှင် အမေရိကန် ဖက်မှလုပ် ရမည့် စာရင်းတွင် ကာလကြာမြင့်စွာကပင် ထိပ်ဆုံး မှ ပါဝင်နေခဲ့သည်။ နိုင်ငံ အစွန်အဖျားရှိ တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများသည် ပြောစရာ ဆိုစရာ၊ ဥပဒေ ပြဋ္ဌာန်းစရာ၊ အုပ်ချုပ်ရေးပိုင်းမှ အရေးယူ ဆောင်ရွက်စရာများ ဖြစ်လာ ခဲ့ရသည်။ ထိုသို့ ချိုးဖောက်နေမှုများသည် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်နှင့် ၎င်းတို့ အား ဆန့်ကျင်နေသည် အုပ်စုများ၊ ဝါဒသဘောတရားရေးအရ တိုက်ခိုက်နေသည့် တပ်များ နှင့် တိုင်းရင်း သား လက်နက်ကိုင်များ အကြား ဖြစ်ပွားလာနေသည့် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေသည့် ပြည်တွင်းစစ်ပွဲ ကြီးမှ ထွက်ပေါ်လာရခြင်း ပင် ဖြစ်သည်။

 

ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ လက်နက်မဲ့ တိုင်းရင်းသား လူနည်းစုများနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အပေါ်  ငြိမ်းချမ်းရေး ရရှိဖို့ ဆိုသည်က မြန်မာအဖို့ အလှည့် အပြောင်းကြီး ဖြစ်လာနိုင်သည့် ရေရှည် ခံမည့် ဖြေရှင်းချက် ထွက်ပေါ်လာရေး အတွက် အဓိက စိမ်ခေါ်မှုကြီး ဖြစ်လာနေသည်။

 

၂၀၀၉ ခုနှစ်တွင် နိုင်ငံ အရှေ့မြောက် ဒေသ ရှမ်းပြည်နယ်အတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။ စစ်အစိုးရသည် ၁၉၈၀ နှင့် ၉၀ ကျော် နှစ်များ အတွင်း စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့အား လက်နက်များ ချပြီး စစ်တပ်နှင့် ပူးပေါင်းကာ နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့များ အဖြစ် အသွင်ပြောင်းရန် တွန်းတွန်း တိုက်တိုက် လုပ်လာခဲ့ကြသည်။ အပြန်အလှန် အနေဖြင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းမည့် စီးပွား ရေး လုပ်ပိုင်ခွင့်များ ပေးမည်ဟူ၍ အပေးအယူ လုပ်လာသည်။ အကယ်၍ ထိုသို့ မလုပ်လျှင် ဤသည် ကိုအကြောင်းပြကာ အပစ်အခတ် ရပ်စဲရေးသည် ပျက်ပြယ်သွား တော့မည် ဖြစ်ပြီး စစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံကြရတော့မည် ဖြစ်သည်။

 

အပစ်အခတ်ရပ်စဲရေး တွင် ပါဝင်လာသော တိုင်းရင်းသား လက်နက်ကိုင်များက နိုင်ငံရေး ဆွေးနွေး ပွဲများ အရင်ပြုလုပ်ပြီးမှသာ လက်နက် ဖျက်သိမ်းရန် ဆွေးနွေးမည်။ ထိုကိစ္စကို ပြောင်းပြန် လုပ်၍ မရဟု တုံ့ပြန်လာခဲ့ကြသည်။

 

မြန်မာသည် လွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက ပြည်တွင်းစစ် နွံအိုင်ကြီး ၏ တစတစ ဝါးမြိုခြင်းကို ခံလာနေရသည်။ အစိုးရ ဆန့်ကျင်ရေး အဖွဲ့များ၊ ကျောင်းသား လှုပ်ရှားမှုများ၊ ဝါဒရေးရာ တိုက်ပွဲများ နှင့် တိုင်းရင်းသား လူမျိုးစု အခြေပြု လက်နက်ကိုင် အဖွဲ့များ နှင့် သံသရာ လည်နေခဲ့သည်။ အင်္ဂလိပ် အက္ခရာ မျိုးစုံ နှင့် အတိုကောက် အမည်သညာ ပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျိုးစုံ နှင့် ပဋိပက္ခ ဖြစ်လာသည့် စစ်တလင်း အဖြစ် ပြောင်းလဲလာခဲ့သည်။

 

ယခု စာအုပ်တွင် ထိုသို့ ဖြစ်လာသည့် သမိုင်းကြောင်းကို အကျဉ်းချုံး၍သာ ဖေါ်ပြသွားမည် ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် Martin Smith ရေးသည့် Burma: Insurgency and Politics of Ethnic Conflict, James C.Scott’s The Art of Not Being Governed: An Anarchist History of Upland Southeast Asia, Bertil Litner’s Burma in Revolt: Opium and Insurgency စာအုပ်များအပြင် Edith Marante, Christina Fink, Andrew Seth, David Mathieson, Mary Callahan, Ashley South တို့၏ စာတမ်းများ၊ ၁၉ ရာစုနှစ် အောက်မေ့ဖွယ်ရာ များ အဖြစ် Ann Judson နှင့် George Scott (ဦးရွှေရိုး) တို့၏ စာအုပ်များပါ ဆက်လက် လေ့လာ ဖတ်ရှု နိုင်ပါသည်။

 

မြန်မာသည် တရားဝင်အားဖြင့် အငြင်းပွားဖွယ်ရာလည်း ဖြစ်နေသည့် လူမျိုးစုပေါင်း ၁၃၉ စု ရှိနေ ကြောင်း ၁၉၈၂ နိုင်ငံသား ဖြစ်မှု ဆိုင်ရာ ဥပဒေတွင် ဖေါ်ပြလာခဲ့သည်။ ထိုအထဲတွင် အကြီးမားဆုံး လူမျိုးစုများ အဖြစ် ဗမာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင် နှင့် ချင်း တို့ ပါဝင်ကြသည်။ မြန်မာသည် ထိုသို့ လူမျိုးစုများ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေသဖြင့် ဘာသာစကား နှင့် ယဉ်ကျေးမှုများသည် ချာချာ လည်မတတ် ရှုပ်ထွေးနေရသည်။

 

၁၉ ရာစု နှစ်ကတည်းက စစ်ပွဲကြီး သုံးပွဲ ဆင်နွဲကာ ကိုလိုနီ အဖြစ် အုပ်ချုပ်ခဲ့ကြသည့် ဗြိတိသျှ လူဦး ရေ စစ်တမ်းကောက်သူများ၊ အုပ်ချုပ်ရေး သမား များ အဖို့ စိတ်ရှုပ်ထွေး စရာများ ဖြစ်လာရသည်။ ထို့သို့ ကွဲပြားမှုများကို နားလည်ရန်၊ ထည့်သွင်းဖေါ်ပြနိုင်ရန် လုံလောက်အောင် ကြိုးပမ်းအားထုတ်ခဲ့မှု မရှိခဲ့ခြင်းကြောင့်လည်း အိန္ဒိယ ရှိ ဗြိတိသျှ အင်ပိုင်ယာ ၏ စာရွက်စာတမ်းများ တွင် စိတ်ပျက်လက်မှိုင် ချသည့် အရေးအသားများ အထင်းသား မြင်တွေ့လာရသည်။ ထိုအကြောင်းကို ရူယတ် ကစ်ပလင်က ၁၈၈၆ တွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် သူ၏ ကဗျာများတွင် “A Nightmare of Names” (အမည်များကပေးသော အိမ်မက်ဆိုး) တွင် ဖေါ်ပြလာရသည့် အထိ ဖြစ်သည်။