ဂျိုး ဘိုင်ဒင် ၏ အာရှ ခရီးစဉ်

by Hla Soewai - May 24 2022

တရုတ်သမ္မတ ရှီကျင့်ပင်သည် ၂၀၂၀ ဇန်နဝါရီ လ အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ပြီးနောက် ယခု အချိန်အထိ ပြည်ပ ခရီးစဉ် တခါဖူးမျှ ထွက်ခဲ့ဖူးခြင်း မရှိသော်လည်း အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် သည်ကတော့ မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီယား သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂၂ ရက်နေ့ တွင် ဂျပန် တွင် ကျင်းပမည့် Quad ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။

 

Quad သည် တရုတ် ၏ ဩဇာလွှမ်းမိုးမှု ကို စိုးရွံလာနေသည့် ဩစတေးလျ၊ ဂျပန်၊ အိန္ဒိယ တို့နှင့် ပူးတွဲပြီး အမေရိကန် မှ ဦးဆောင် ဖွဲ့စည်းလာသည့် အဖွဲ့ ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်အစိတ် အတွင်းကပင် တရုတ်၏ ရန်ကို ကာကွယ်ရန် ဆိုကာ အမေရိကန် သမ္မတ အဆက်ဆက် က အစီအစဉ်များ ရေးဆွဲလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ချောင်ထိုးခဲ့ကြသည်က များပေသည်။ ဂျော့ဘွတ်ရှ်သည် တရုတ်အား "အမေရိကန်ကို "မဟာဗျူဟာ ပိုင်းတွင် ယှဉ်ပြိုင်လာခြင်း" ဟု ခေါင်းစဉ် တပ်လာခဲ့သော်လည်း အီရတ် ကျုးကျော်ခဲ့မှုကြောင့် တရုတ်ဖက် မလှည့်နိုင် ဖြစ်သွားခဲ့ရသည်၊ အိုဘားမားသည် "အာရှ အား အချက်အခြာ" ပြုမည် ဟု စကားစ လာသော်လည်း အာဖဂန်နစ္စတန် နှင့် အရှေ့အလယ်ပိုင်း ကိစ္စများတွင် ပေးထားသော ကတိတည်အောင် ကြိုးစားရင်း လုံးခြာလိုက်နေသဖြင့် တရုတ် ကိစ္စ အာရုံ မစိုက်နိုင် ဖြစ်သွားရပြန်သည်။

 

ဒေါ်နယ်ထရန့် လက်ထက်တွင်တော့ ပို၍ ထိတ်တိုက် တွေ့မည့် လမ်းကြောင်းကို ရွေးချယ်လာရင်းက အမေရိကန် ၏ အစဉ်အလာ မဟာမိတ်များကိုပင် တိုင်ပင်ခြင်း မရှိ လုပ်လာ၍ သူ့အပေါ် အမျက်သိုလာကြသည်။ တရုတ် ဩဇာ လွှမ်းမိုးမှုကို ထိန်းချုပ် ပေး နိုင်မည့် အကောင်းဆုံးဟု ပြော၍ ရသည့် ကုန်သွယ်ရေး သဘောတူညီချက်မှ အမေရိကန်သည် နှုတ်ထွက်သွားခဲ့ပြန်သည်။

 

ထိုကဲ့သို့ သမိုင်းနောက်ခံ များ ရှိထား၍ ဂျိုးဘိုင်ဒင် သည် အာရှ အတွက် လုပ်စရာ ရှိသည်များ ပြင်ဆင်လာရတော့သည်။ သမ္မတ အဖြစ် ပထမဆုံး အကြိမ် လာရောက့်သည့် သူ၏ ခရီးစဉ် အတွင်း ဒေသတွင်းရှိ အကျိုးတူ နိုင်ငံများနှင့် မဟာမိတ်များအား ယူကရိန်း စစ်ပွဲကြောင့် ၎င်းတို့ ဒေသအပေါ် တရုတ်ရန်မှ လစ်လျုရှု့မထားပါဟု ‌ဖြောင်းဖျ နှစ်သိမ့်ရဖို့ ရှိလာနေသည်။ယင်းနှင့် အတူ မသဲမကွဲ ဖြစ်နေသေးသည့် ကုန်သွယ်ရေး ကို ကျားကန်ပေးထားမည့် အင်ဒို-ပစိဖိတ် စီးပွားရေး အောက်ခံ ဘောင် Indo-Pacific Economic Framework (IPEF) ကို ချပြရဖို့ ရှိနေသည်။

 

ယခင် သမ္မတ အဆက်ဆက် က အပြောများနှင့် ပြီးသွားသည်က များနေ၍ သမ္မတ ဘိုင်ဒင် အဖို့ သူသည် အပြောနှင့် အလုပ် ညီမည့်လူ ဖြစ်ကြောင်းလက်ခံ ယုံကြည်လာအောင် အတော်ကြိုးစားရဖို့ ရှိနေသည်။

 

လက်ရှိတွင် ၎င်းတို့ ရေပိုင်နက်ထဲသို့ တရုတ်တို့ဖက်မှ မကြာခဏ ကျုးကျော်ဝင်ရောက်လာခဲ့ခြင်းများ ကြောင့် ဂျပန်၏ လုံခြုံရေးသည် ထိခိုက်လာနေရပြီ ဖြစ်သည်။ ဂျပန်သည် နဂိုကတည်းကပင် တရုတ်အား ၎င်းတို့အပေါ် အမြဲလို ခြိမ်းချောက်နေသော အန္တရာယ် ကြီးအဖြစ် သတ်မှတ်ထားခဲ့ပြီးလည်း ဖြစ်သည်။

 

အရှေ့တောင်အာရှရှိ နိုင်ငံ အတော်များများသည်လည်း တရုတ်မှ တောင်တရုတ်ပင်လယ် အတွင်း ရေကြောင်းပိုင်နက်များ သတ်မှတ်လာမည့် အရေးကို အမြဲလို သောကပွားလျက် ရှိနေကြပြန်သည်။

 

အိန္ဒိယကလည်း သွေးထွက်သံယို ဖြစ်သည်အထိ ပေါ်ပေါက်လာခဲ့သော နယ်ခြားတိုက်ပွဲများကြောင့် မြောက်ဖက်ရှိ နိုင်ငံကြီးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်လာနေသည်။

 

ယူကရိန်း စစ်ပွဲကြောင့် တိုင်ဝမ်ကလည်း မိမိတို့ ကျွန်းအား တရုတ်တို့ အလားတူ ပုံတူကူးချ တိုက်

ခိုက်ကျုးကျော်လာမည်လောဟု တွေးတော ပူပန်နေပြန်သည်။

 

တောင်ကိုရီယား နှင့် ဂျပန်တို့သည် ဒေါ်နယ် ထရန့် လက်ထက်က ၎င်းတို့ အပေါ် ဆက်ဆံခဲ့ပုံကို ကြည့်ပြီး အမေရိကန်၏ နျူကလီယား ထီးရိပ်အောက်တွင် အမြဲလို ခိုလှုံနေဖို့ ဆိုသည်က မဖြစ်နိုင်တော့ဟု တွက်ဆလာကြသည်။ မြောက်ကိုရီယားကို ကြည့်ပြန်လည်း အမေရိကား အထိ ရောက်နိုင်သည့် ထိပ်ဖူးတပ် ဒုံးကျည်များ ထုတ်လုပ်လာနေပြီ ဖြစ်၍ ဒီအတိုင်း ဆက်နေ၍ မဖြစ်တော့ဟူသော အယူအဆများ ခိုင်မာသည်ထက် ခိုင်မာလာနေပြီ ဖြစ်သည်။။

 

ဂျိုး ဘိုင်ဒင် သမ္မတ ဖြစ်လာချိန်မှစ၍ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ အကြိမ်အရည် အတွက် တိုး၍ ပြုလုပ်လာခဲ့ခြင်းနှင့် ဗြိတိန်နှင့် တွဲပြီး ဩစတေးလျ အတွက် နျူကလီယား ရေငုပ်သင်္ဘော တည်ဆောက် ပေးရန် သုံးနိုင်ငံ မှ AUKUS ဆိုသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုကလည်း စိတ်အား တက်ကြွစရာ ဖြစ်လာစေခဲ့သည်။

 

သို့သော် အဆိုပါ ဒေသ၏ ကာကွယ်ရေး အတွက် မည်မျှထိ ထဲထဲဝင်ဝင် ကာကွယ် ပေးသွားမည် ဆိုသည်က ပို၍ ရှင်းလင်းစွာ ပြောဖို့ လိုနေဆဲပင် ဖြစ်သည်။ ထို့ပြင် စီးပွားရေး ဖက်တွင်လည်း အာရှ နိုင်ငံများအား မည်သို့ မည်ပုံ အကူအညီ ပေးသွားမည်ကို ချပြဖို့ လိုနေပြန်သည်။ အဘယ်ကြောင့်ဆိုသော ဒေသတွင်းရှိ အမေရိကန် မဟာမိတ်များသည် တရုတ် နှင့် အဓိက ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်နေသောကြောင့်ပင်။ ဥပမာ အားဖြင့် တောင်ကိုရီယားသည် ဂျပန်၊ အမေရိကန် တို့နှင့် ကုန်သွယ်မှု ပမာဏ နှင့် တန်းတူ တရုတ်နှင့်လည်း ရှိနေပေသည်။

 

ထိုသို့ တရုတ်နှင့် ကုန်သွယ်ရာမှ ကြီးမားစွာ အကျိုး ဖြစ်ထွန်း နိုင်မှန်း သိနေသဖြင့် ယခုလ ပြုလုပ်ခဲ့သည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် ဂျိုး ဘိုင်ဒင် မှ ဒေါ်လာ သန်း ၁၅၀ ရင်းနီးမြုပ်နှံသွားမည်ဟု ကမ်းလှမ်းလာခဲ့မှုကို အေးတိအေးစက် ဖြစ်နေကြခြင်းလည်း ဖြစ်သည်။

 

အမေရိကန်တို့ ချပြလာသည့် IPEF သည် ကုန်သွယ်ရေး သဘောတူညီချက် မျိုး မဟုတ်ပဲ ကုန်သွယ်ရာတွင် တူညီသည့် စံနှုန်းများ သတ်မှတ်ပြီး supply chain ခေါ်သည့် ကုန်ချော ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများနှင့် အစိတ်အပိုင်းများ စီးဆင်းမှု အဆက်မပြတ်ရေးကို အာမခံမည့် လုပ်ငန်းစဉ်များ ပင် ဖြစ်သည်၊ ဤနည်းဖြင့် အာရှ နိုင်ငံများ နှင့် တရုတ် တို့ ကုန်သွယ်နေသည့် ဈေးကွက်ကို တဖြေးဖြေး နှင့် ထိုးဖေါက်နိုင်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

 

တောင်ကိုရီယားတွင် ဘိုင်ဒင်သည် ဆမ်ဆောင်းပိုင် ဆီမီးကွန်ဒပ်တာ စက်ရုံကို သွားရောက်ကြည့်ရှုခဲ့ပြီး

Supply chain ကို မည်သို့မည်ပုံ လုပ်ဆောင်သွားမည်ကို အားရပါးရ ပြောသွားခဲ့သည်။ သို့သော် IPEF တွင် အမေရိကန် ဈေးကွက်ကို ယခုထက် ပို၍ တိုးချဲ့ ဖွင့်ပေးမည် ဆိုသည့် အချက် မပါရှိ၍ ဝေဖန် ခံနေရပြီ ဖြစ်သည်။

 

အာရှ နိုင်ငံများ အနေဖြင့် တရုတ်၏ လက်တုန့်ပြန်မှု မခံရပဲ IPEF တွင် ပါဝင်နိုင်မည် ဆိုသည်ကို သဘောပေါက်လာအောင် ပြောရန် လိုအပ်‌နေသည်။ တောင်ကိုရီယားမှ IPEF တွင် ပါဝင်ရန် စကားစလာချိန်တွင် တရုတ်မှ ချက်ခြင်းလို စီးပွားရေး အရ လက်တွဲ ဖြုတ်ရမည်ဟု သတိပေးလာခဲ့သည်။

 

ဒေသတွင်း နိုင်ငံရေး အနေအထားသည်လည်း ဘိုင်ဒင်၏ မစ်ရှင်ကို ပို၍ ခက်ခဲလာစေခဲ့သည်။ တရုတ်အား တန်ပြန် ထိန်းညှိထားနိုင်ရန် အိန္ဒိယသည် မရှိမဖြစ် လိုအပ်နေသည်။ သို့သော် အိန္ဒိယသည် ယခုတိုင် ယူကရိန်းအား ကျုးကျော်ခဲ့မှု အပေါ် ရုရှားအား ရှုတ်ချရန် ပျက်ကွက်နေဆဲပင် ဖြစ်သည်။ ဤသည်ကလည်း အိန္ဒိယ စစ်တပ်သည် ရုရှားလက်နက်များ အပေါ် အဓိက မှီခိုနေရသောကြောင့်ပင် ဖြစ်သည်။

 

အမေရိကန်၏ မဟာမိတ်ဟောင်းကြီး ဖြစ်ခဲ့သည့် 

ဖီလစ်ပိုင်သည်လည်း တရုတ်နှင့် လွန်စွာ နီးစပ်သည့် ဆက်ဆံရေးရှိသူ တဦးအား သမ္မတ အဖြစ် လောလောလပ်လပ် ရွေးချယ်တင်မြှောက်ထားကာစ ဖြစ်သည်။

 

တောင်ကိုရီယား နှင့် ဂျပန် တို့သည်လည်း ဂျပန်မှ ကိုလိုနီ အဖြစ် သိမ်းပိုက်ထားခဲ့စဉ် အတွင်း ရက်စက်စွာ ပြုကျင့်ခဲ့မှုများ အပေါ် မည်သို့မည်ပုံ ပြေရာပြေကြောင်း ပြုလုပ်ပေးရမည် အပေါ် အငြင်းပွားလျက် ရှိနေဆဲပင် ဖြစ်သည်။

 

အမေရိကန်၏ ပြည်တွင်း နိုင်ငံရေးကလည်း မဟာမိတ်တို့ အတွက် ရင်မအေးစရာ ဖြစ်လာနေသည်။ ၂၀၂၄ တွင် ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်ရောက်လာမည့် အရေးကြောင့် အာရှ နိုင်ငံများ အမေရိကန် အပေါ် မယုံရဲ ယုံရဲ ဖြစ်လာနေသည်။ ထို့အတွက် အာရှ နိုင်ငံများအားလုံးက တရုတ်အား တန်ပြန်နိုင်‌ရေး သည် အရေးပါသည် ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သော်လည်း အမေရိကန် အနေဖြင့် ထို လမ်းကြောင်းမှ သွေဖည် မသွားရေး ကိုသာ လိုလားနေကြသည်။

 

(Joe Biden has big plans for his first presidential trip to Asia from May 20th 2022 The Economist)