နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန် ရောက်ပြီ

by Hla Soewai - May 13 2022

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် နှင့် အာဆီယံ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်သို့ ဆိုက် ရောက်လာပြီ ဖြစ်ကြောင်း ကမ္ဘာ သတင်းများက ဖေါ်ပြလာခဲ့သည်။

 

သို့သော် ဝါရှင်တန်တွင် ကျင်းပရန် ရှိနေသော ဂျိုး ဘိုင်ဒင်မှ ကမကထ ပြု ပြုလုပ်သည့် အာဆီယံ နှင့် ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ရန် ရှိမရှိကိုမူ အတည်မပြုနိုင်သေးဟု သိရသည်။

 

ဒေါ်ဇင်မာ‌အောင်သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမင်း နှင့် သီးခြားတွေ့ဆုံရန် ရှိနေသည်။

 

ဒေါ်ဇင်မာအောင်သည် ဝါရှင်တန် နှင့် စိမ်းသူတော့ မဟုတ်ပေ၊ ၂၀၁၂ ခုနှစ်တွင် အမေရိကန် အစိုးရမှ ချီးမြှင့်သော အမျိုးသမီး သတ္တိရှင် ဆုကို သွားရောက်လက်ခံရယူခဲ့ရာတွင် သမ္မတ ကတော် မီချယ် အိုဘာမား၊ ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဟီလာရီ ကလင်တန်တို့က သူမအား နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြသည်။

 

အမေရိကန် အစိုးရသည် စစ်အာဏာသိမ်း အဖွဲ့မှ အာဆီယံ၏ မူ ငါးချက်ကို အကောင်အထည် ဖေါ်ရန် ခေါင်း မာစွာ ငြင်းဆန်နေသည့် အပြင် ပြည်တွင်းတွင် ပြည်သူများအား ဆက်လက်၍ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်နေ မှုများ ကျူးလွန်နေသည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် လူသိရှင်ကြား စတင် ဆက်ဆံလာပြီကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ဝါရှင်တန်တွင် ရောက်ရှိနေသော မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ သည်လည်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရအား ကူညီနိုင်သည် များကို သွယ်ဝိုက်၍ သော်၎င်း၊ အလွတ်သဘောအရ၎င်း၊ ကူညီပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် ဒေါ်ဇင်မာအောင် တင်ပြသည်များ အပေါ် နားထောင်ပြီး မည်သို့မည်ပုံ ဆက်လက် လှုပ်ရှားသွားရမည်ကို မြန်မာ ပြည်သူများအား မက်ဆေ့ချ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

အာဆီယံ အထူး သံတမန် အဖြစ် ဆောင်ရွက်နေသူ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရပ်ဆော့ဟွန်းကလည်း အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် လိုအပ်သည် ဆိုသည်ကို ကြိုဆိုကြောင်း၊ အာဆီယံ ဝန်ကြီးများ၏ ပဏာမ အလွတ်သဘော ဆွေးနွေးမှုတွင် မိမိအား ပြောကြားခဲ့ကြောင်း၊ မလေးရှားဝန် ကြီးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။ အခြား ဝန်ကြီးနှစ်ဦးကလည်း အလားတူ ပြောဆိုခဲ့သည် ဟု ဆိုသည်။

 

ဖနွမ်းပင်တွင် ကျင်းပခဲ့သော မြန်မာအား လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးရန် လုပ်ငန်း ဆွေးနွေးပွဲသို့ မင်းအောင်လှိုင် မှ စေလွှတ်ခဲ့သူ ကိုကိုလှိုင်သည် အကူအညီများ အပေါ် အခွန်ကောက်ခံရန် နှင့် ကုလ အတွင်းရေးမှူးချုပ်၏ အထူး သံတမန် နိုလင်း ဟေဇာကို အစည်းအဝေး သို့ တက်ရောက်ခွင့် မပြုခဲ့ သည်များကြောင့် စစ်အာဏာသိမ်း အဖွဲ့အပေါ် ဆန့်ကျင်မှုများက အာဆီယံ နိုင်ငံများ အတွင်း ခိုင်မာလာခဲ့ ရခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် ၏ ခါးပိုက်ဆောင် တပ်များက ဖားအံ မှ ဘီးလင်းသို့ စစ်ကြောင်း ထိုးလာရာတွင် ပြည်သူများကို ဖမ်းဆီးပြီး လူသား ဒိုင်းများအဖြစ် အသုံးပြုလာနေသည်ဟု ကရင် အမျိုးသား အစည်းအရုံး၏ ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် ပျူစောထီး၊ သွေးသောက် အစရှိသည့် Death Squad များ ဖွဲ့စည်း ပြီး အချင်းချင်း သတ် ဖြတ် ခိုင်းနေမှုသည် ၎င်းအား ထောက်ခံနေသူများ စိတ်ဓါတ်တက်ကြွစရာ ဖြစ်ကောင်း ဖြစ်လာနိုင်သော်လည်း နိုင်ငံတကာ တွင် မူ လူတောတိုး၍ မရအောင် တန်ဖိုးကြီးကြီး ပေးဆပ်နေရလေသည်။

 

ဤသို့ဖြင့် စစ်ခေါင်းဆောင်များသည် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို လစ်လျူရှုကာ ပြည်တွင်း တွင် အကြမ်းဖက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေရပြီ ဖြစ်သည်။

 

အာဆီယံသည် ထိုသို့သော အလွန်အကျွံ လုပ်ရပ်များ ကျူးလွန်လာနေသော အာဏာသိမ်း အဖွဲ့ နှင့်သာ မျက်စိ မှိတ် ဆက်ဆံနေမည်ဆိုလျှင် ၎င်းတို့ အဖွဲ့ကြီး သည် နိုင်ငံတကာ ကျင့်ဝတ်များကို လေးစားရကောင်းမှန်း မသိ၊ လစ်လျူရှု နေသည်ဟု စွပ်စွဲခံရနိုင်ပြီး ယုံကြည်မှု ကင်းမဲ့ လာကြမည် ဖြစ်သည်ကို သိရှိနေကြသည်။

 

နိုင်ငံတကာ ရှိ မီဒီယာများက လည်း ဂျိုးဘိုင်ဒင် အစည်းအဝေး မတိုင်မီ အာဆီယံ ၏ စိတ်ကူးယဉ် ဘုံရပ်တည် ချက် ဆိုသည်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သည့် ဆောင်းပါးများ ရေးသားလာနေသည်ကို တွေ့လာရသည်။

 

လူ့အခွင့်အရေး အဖွဲ့ကြီးများကလည်း စစ်အာဏာသိမ်း အဖွဲ့အပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရန် ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး ပြုလုပ်ပေးရန် နှင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံ သွားရန် တောင်းဆိုသည့် ကြေညာချက်များ ထုတ်ပြန်လာခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ၏ ဝါရှင်တန် ခရီးစဉ်သည် စစ်အာဏာသိမ်း အဖွဲ့အား လားလားမျှ အလျော့မပေးဘဲ နည်းလမ်းမျိုးစုံဖြင့် ကျားကုတ်ကျားခဲ ခုခံနေသော မြန်မာပြည်သူများ အတွက် အောင်ပွဲကြီးပင် ဖြစ်ပေတော့သည်။ 

 

ယခုလို အချိန်မျိုးတွင် နိုင်ငံတကာ စင်မြင့်တွင် ကြီးမားသော ခြေလှမ်းကြီး လှမ်းလာနိုင်ခဲ့ပြီ ဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ အား ပြည်တွင်းရှိ အဖွဲ့အစည်းများက အခိုင်အမာ ထောက်ခံကြောင်း ထုတ်ဖေါ်ပြသရန် လည်း အပူတပြင်း လိုအပ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!