လှုပ်လေ မြုပ်လေ

by Hla Soewai - May 12 2022

မင်းအောင်လှိုင်သည် သူ့ကိုယ်သူ လက်ညှိုးညွှန်လျှင် လျှပ်စစ်ရထား ပင် ဖြစ်လာနိုင်အောင် စွမ်းဆောင်နိုင် သည်ဟု အထင်ရောက်နေသဖြင့် သူကိုယ်တိုင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပေးပါမည်ဟု ဖိတ်ခေါ် လာခြင်းကို အဘယ်မည်သော EAO များက လက်လွှတ်ဆုံးရှုံး ခံဝံ့ကြပေမည်နည်း ဟူသော အတွေးဖြင့် ငြိမ်းချမ်းရေး အတွက် ဖိတ်ကြားလာခဲ့သည်။

 

သူပြောသလို စာရင်းပေးသွင်းရမည့် မေလ ၉ ရက်နေ့သာ ရောက်လာသော်လည်း သူပိုင် တပ်များကို အဓိက ထား တိုက်ခိုက်နေသော အဖွဲ့များက တက်ရောက်ဖို့ ဝေးစွ၊ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည် ဟု ပင် ပမာမခန့် လှောင်ပြောင်လာခဲ့သည်။

 

သူ နှင့် တွေ့ရန် ရောက်လာမည့်သူများမှာ အစကတည်းက မိမိတို့ ထိန်းချုပ်နယ်မြေ များလောက်တွင်သာ စစ်ရေးပြ အခမ်းအနားမျိုး ပြုလုပ်နိုင်လျှင် အဆင်ပြေပြီဟု ရောင့်ရဲတင်းတိမ်နေကြသူများ ဖြစ်သည်ကို တွေ့ရသည်။ ထိုသို့သော အဖွဲ့အစည်းများက မလာ လျှင်လည်း သူ့ အတွက် မည်သို့မျှ အကျိုး မဲ့စရာ အကြောင်းမမြင်။

 

PDF များ အား အဓိက အားပေး ထောက်ခံနေသူများကို မက်လုံးများ ပေး၍ ခွဲထုတ်နိုင်မှ ဖြစ်မည် ဟူသော အတွေးမျိုး နှင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ PDF များကို မထောက်ခံလျှင် သူတို့ အားလုံး သဘောတူနိုင်မည့် ဖက်ဒရယ် မူကို ရေးဆွဲခိုင်းမည်။ ပြီးလျှင် လာမည့် ရွေးကောက်ပွဲကြီး နှင့် ရောပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ကာ အတည်ပြု ပေးမည်အထိ ကတိများ ပေးပြစ်နိုင်သည်။ မည်သည့်အခါမျှ သူတို့ အချင်းချင်း နိုင်ငံရေး မဟာမိတ်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသူများ အကြား မည်သို့မျှ သဘောတူသည့် အဖြေမျိုး ထွက်လာမည် မဟုတ်၊ သူတို့ ငြင်းခုန်နေကြဆဲတွင် မိမိပိုင် တပ်များက PDF များကို အပြတ်ချေမှုန်း နိုင်တော့မည်။

 

သူ၏ ထိုသို့သော ကလေးကလား အတွေးမျိုးသာ ဖြစ်၍ ထိုအကြောင်းကို နိုင်ငံရေး အတော်အတန် တီးခေါက် မိသော ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ကပင် ရိပ်စားမိနေပြီ ဆိုသည်ကိုမူ တွက်ဆထားခြင်းတော့ မရှိပေ။

 

ယခုအခါ သက်တမ်း အရှည်ကြာဆုံး နှင့် အင်အား တောင့်တင်းဆုံး ဖြစ်သော ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူ၊ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို တို့က မတက်ရောက်နိုင်ဟု လူသိရှင်ကြား ငြင်းဆိုခံရ၍ အရှက်တကွဲ ဖြစ်သွားရချေပြီ။ အာဆီယံ၏ အချက် ငါးချက် ထဲတွင် တခုအပါဖြစ်သည့် သက်ဆိုင်သူ အားလုံး နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆိုသည်ကို အဓိက အင်အားစု ဖြစ်သော အမျိုးသား ညီညွတ်‌ရေး အစိုးရအား ချန်လှပ် ထားပြီး နှစ်ပေါက်တပေါက် ရိုက်လိုခြင်း ဖြစ်သည်။ ဤသည်ကလည်း ဝါရှင်တန် တွင် ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ ဂျိုး ဘိုင်ဒင် မှ လက်လွန်ခြေလွန် ပြောဆိုလာခြင်း မရှိအောင် မိမိ သည် ငြိမ်းချမ်းရေး လိုလားနေသူ ဟူသော မျှော်လင့်ချက်ကို ပေးကာ ကြိုးရှည်ရှည် ဖြင့် လှန်ထားနိုင်ရန် အတွက်လည်း ဖြစ်သည်။

 

သို့သော် တိုင်းရင်းသား အဖွဲ့များသည် ကိုယ်ခြေထောက် ပေါ် ကိုယ်ရပ်ကာ နှစ်ပေါင်းများစွာ အာဏာရှင် ပေါင်းစုံကို တိုက်ခိုက်လာသူများ ဖြစ်သည့်အပြင် ထိုအာဏာရှင်များနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသူများလည်း ဖြစ်နေသည်။ ၎င်းတို့ကဲ့သို့ အာဏာရှင် နောက်မြီးဆွဲ၊ ပြောသမျှ ခေါင်းငြိမ့်ပြီး ရှင်သန်လာသူ များ မဟုတ်၍ အားလုံး ပါဝင်နိုင်ခြင်း မရှိလျှင် အကျိုးထူးမည် မဟုတ် ဆိုကာ ပယ်ချလိုက်ခြင်းပင် ဖြစ်သည်။ ABSDF လို အဖွဲ့မျိုးပင် ယခုအခါ တက်ရောက်တော့မည် မဟုတ်ဟု ဆိုလာပေပြီ။

 

အမျိုးသား ညီညွတ်ရေး အစိုးရအတွက်လည်း ခေါင်းမစားအောင် မင်းအောင်လှိုင်က အကူအညီ ပေးလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်က တက်သင့် မတက်သင့် ဆိုသည်နှင့် ဖြစ်လာမည့် အကျိုးဆက်များကို ချိန်ဆရဖို့ ရှိနေ သည်။

 

မင်းအောင်လှိုင်သည် အာဆီယံ ခေါင်းဆောင်များ ရှေ့တွင် ပေးခဲ့သော ကတိကိုပင် လက်တလုံးခြား ပြောဆိုကာ ဖေါက်ဖျက်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း ဗိုလ်သန်းရွှေ အဖွဲ့က ထိုသို့ပင် လက်တလုံးခြား ပြောမနေတော့ဘဲ ဗြောင်ကျကျ ဖျက်သိမ်းပြစ်ခဲ့သည်။ ထိုစဉ်က ၎င်းတို့ ကိုယ်တိုင် ဦးစီးခဲ့၍ ယခုလို မဲလိမ် ပါသည် ဟု အကြောင်းပြ၍ မရတော့သဖြင့် အခြား နည်းဖြင့် အမျိုးသား ညီလာခံ အတွက် ကိုယ်စားလှယ် ရွေးခြင်းမျိုးဟု ပြောဆိုလာသည်။

 

၂၀၁၅ ရွေးကောက်ပွဲ ကို ၎င်းတို့ ကိုယ်တိုင် ဦးစီး ခဲ့ပြန်၍ မကျေမနပ်နှင့် ခွင့်ပြုခဲ့ရပြန်သည်။ ၂၀၂၀ ရွေးကောက် ပွဲကိုတော့ ရှေရှေဝေးဝေး အကြောင်းပြစရာ မလို၊ မဲလိမ် မဲခိုးသည်ဆိုကာ အာဏာသိမ်းခဲ့သည်။ စစ်တပ်၏ လုပ်ရပ်နှင့် အမူအကျင့်များသည် ၎င်းတို့ လိုလားသူများ၊ ကြိုးဆွဲရာ ကမည့်လူများ အာဏာမရမခြင်း မည်သည့် ရွေး‌ကောက်ပွဲမျှ ခွင့်ပြုမည် မဟုတ်၊။ ၎င်းတို့ သက်ဆိုးရှည် နေသရွေ့ ရှေ့လျှောက်လည်း ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များကို ရွေးချယ်ခွင့် ပေးမည်မဟုတ်၊ နတ်သိကြားများက လာရောက် ဦးစီးသော ရွေးကောက်ပွဲ ဖြစ်နေစေဦး၊ မဲလိမ် မဲခိုး သည်ဟု စွပ်စွဲပြီး အာဏာသိမ်း၍ ရသည် ဆိုသော ဖေါ်မြူလာ ကို နောင်လာ နောက်သား အာဏာရှင် အလောင်းအလျာ များ အတွက် ထုတ်ဖေါ်ပြသလိုက်ပြီ ဖြစ်သည်။

 

ထိုသို့ တိုင်းပြည်နှင့် လူထုမျက်နှာ မထောက်၊ မိမိတို့ အာဏာတည်မြဲရေး အတွက် အရှက်ကင်းမဲ့စွာ လုပ်ခဲ့သူ မှ ပေးမည့် ကတိကို မည်သို့သော အဖွဲ့အစည်းမျိုးက ယုံစားကြပေမည်နည်း။

 

မင်းအောင်လှိုင်ကဲ့သို့ ပြာယာခပ်လာသူများက အာဆီယံ ပင် ဖြစ်သည်။ မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် ဒုက္ခသည်များ မွေးထုတ်ပေးလာမည့် လက်သည်ကြီး ဖြစ်လာနေပြီကို တစထက် တစ သဘောပေါက်လာ နေ ကြသည်။

 

ယခုအခါ ကွာလာလမ်ပူ တွင် အကြို ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ လက်ရှိ ယူကရိန်း စစ်ပွဲ အပေါ် အမေရိကန်မှ အာရုံစိုက်နေမှုများ ကို အာဆီယံသည် ကြာရှည် သည်းခံနိုင်စွမ်း မရှိတော့၊ မိမိတို့ အင်ဒို-ပစိဖိတ် ဒေသ အတွက် ဘာတွေ လုပ်ပေးနိုင်မည်ကို တစုတဝေးတည်း မေးမြန်းနိုင်ရန် အတွက်ဖြစ်သည်။ ထိုကြောင့် လည်း အယူကြီးတော့မရ၊ ၎င်းတို့အား ဝါရှင်တန်မှ တူတူတန်တန် အဖွဲ့ကြီးဟု လေးစားသမှု ရှိလာအောင် ကျဆင်းခဲ့သော သိက္ခာကို ပြန်ဆယ် ရဦးမည် ဖြစ်သည်။ ဂျိုး ဘိုင်ဒင် နှင့် မတွေ့မီ ရသည့် အချိန် အတွင်း ဝါရှင်တန် တွင် မြန်မာ အရေးအပေါ် မိမိတို့ အဖွဲ့ကြီးမှ မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင်သွားမည်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ခေါင်းခြင်းရိုက် ဆွေးနွေးရန် စီစဉ်ထားသည်ဟု RFA သတင်းက ဆိုသည်။

 

ဥက္ကဌ ဖြစ်သူ ကမ္ဘောဒီယားကပင် လူသားချင်း စာနာထောက်ထားရေး အကူအညီပေးနိုင်ရန် ဆိုကာ အစည်း အဝေး တရပ် ခေါ်ယူခဲ့ရပြန်သည် မဟုတ်ပါလား။

 

ဤသည်ကို ကြည့်လျှင် အာဆီယံ သည် တရုတ်ထက်ပင် ပို၍ အမေရိကန် ကို အလေးထားနေမှန်း သိသာခဲ့ ရသည်။ အာဆီယံနှင့် အမေရိကန် စီးပွားရေး ယှက်နွယ်နေမှုများက ပို၍ ကြီးမားနေသော ကြောင့်လည်း ဖြစ်သည်။ နိုင်ငံအသီးသီးက ကိုဗစ် အလွန် စီးပွားရေး နာလံ ထူလာရန် နည်းမျိုးစုံဖြင့် လုံးပမ်းနေချိန်တွင် အာဏာသိမ်း စစ်တပ်ကတော့ တိုင်းပြည် စီးပွားရေး ထက် ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး ပေတံကြီးဖြင့်သာ အရာရာ ကို တိုင်းတာ နေဆဲ ဖြစ်သည်။

 

မည်သူကမျှ ဘယ်အရာ မဆို ကိုယ့်ဖာသာ မဆုံးဖြတ်ရဲကြတော့၊ အာဏာရှင်တို့ ခွင့်ပြုမှသာ လုပ်ရဲကြသည့် အဆင့်သို့ ရောက်နေသည်။ ကမ္ဘောဒီယားတွင် မိမိတို့ အား ပေးမည့် အကူအညီများကို အခွန်အတုပ် ကောက် မည် ဆိုသော စကား ထွက်လာခြင်းမှာလည်း ကိုကိုလှိုင်၏ အယူအဆ မဟုတ်လောက်၊ ထိုပုဂ္ဂိုလ်သည် ဤမျှလောက် မထူ မပိန်းနိုင်၊ မင်းအောင်လှိုင် ပြောခိုင်းသည်ကို လိုက်၍ပြောခဲ့ရခြင်းသာ ဖြစ်မည်။

 

မင်းအောင်လှိုင်သည် တောင်မင်းကို မြောက်မင်းက မကယ်နိုင် ဖြစ်နေပြီး ၎င်း ၏ အတွေးအခေါ် များ နှင့် ပြုလုပ်သော အကြံအစည်များမှာ ဆက်တိုက်ဆိုသလို အရှက်တကွဲ ဖြစ်လာနေသည်။

 

သေချာသည်ကတော့ ထိုမျှလောက် အတွေး အခေါ်နှင့် တိုင်းပြည်ကို နှစ်ဆယ့်တရာစု နှစ် အတွင်း မည်သို့မျှ မဦးဆောင်နိုင်၊ ပြိုကွဲမသွားလျှင်ပင် တော်လှပြီဟု သတ်မှတ်ရမည့် ခေါင်းဆောင်မျိုး ဖြစ်နေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image Credit – TRENDS Research and Advisory