ဖခင်ဖြစ်သူ ဖာဒီနန် မားကိုစ် နောက်ဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ပွဲ သည်ကား ၁၉၈၆ ခုနှစ်တွင် ဖြစ်သည်ကို သတိရကြဦးမည် ဖြစ်သည်။ ထိုစဉ်က သူ့အား အတိုက်အခံ လုပ်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုရာဇွန် အကွီနို အား ထောက်ခံသူများ အဝါရောင် ဝတ်စုံများ ဝတ်ဆင်ပြီး မဲဆွယ်ပွဲများသို့ ချီတက် အားပေးခဲ့ကြသည်။
အကျင့်ပျက် ခြစားနေယုံနှင့် အားမရပဲ မိမိတို့အပေါ် ရက်စက်စွာ ပြုမူ ဆက်ဆံခဲ့သည့် အာဏာရှင် အား ရွံရှာ မုန်းတီးစိတ်များ ဖြင့် ပုံအော အားပေးလာခဲ့ကြခြင်းလည်း ဖြစ်သည်။ လေယာဉ်ပေါ်က ကြည့်လျှင်ပင် တနိုင်ငံလုံး နေကြာပန်းခင်း ကြီး အဖြစ် ပြောင်းလဲသွားပြီလားဟု ထင်ရလောက်အောင် လှည်းနေလှေအောင်း မြင်းဇောင်း မကျန် အားပေးလာနေသည့် ကြားကပင် မားကိုစ်သည် ရွေးကောက်ပွဲ ရလဒ်ကို ကူလီကူမာ လုပ်ကာ သူသာလျှင် အနိုင်ရသူ ဖြစ်သည်ဟု ကြေညာလာခဲ့သည်။
ထိုမှတဆင့် “ပြည်သူ့အာဏာ” တော်လှန်ရေးကြီး ဖြစ်ပွားလာပြီး မားကိုစ်သည် တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ တိုင်းပြည်မှ ထွက်ပြေး သွားခဲ့သည့် မားကိုစ် ၏ လေယာဉ်ပေါ်တွင် အတူ လိုက်ပါသွားသူက ယခုအခါ သမ္မတ ရွေးကောက်ပွဲတွင် မဲ အပြတ်အသတ် ဖြင့် အနိုင်ရရှိသွားသည့် “ဗုံဗုံ” မားကိုစ် ပင် ဖြစ်သည်။
ထိုစဉ်က သူသည် အသက် ၃၆ နှစ် သာ ရှိသေးသည်၊ သို့သော်လည်း အာလိုကိုစ် နော်တေး ပြည်နယ် အုပ်ချုပ်ရေးမှုးပင် ဖြစ်နေပေပြီ။ သို့သော် အပြစ်ကင်းစင်သူ တယောက်တော့ မဟုတ်ဟု ဆို၍ ရပေသည်။ ဖခင် တိုင်းပြည်မှ မထွက်ခွာခင်မှာပင် ပျောက်ကြားဝတ်စုံကြီး ဝတ်ကာ ကျန်ရှိနေသော သစ္စာခံ တပ်များနှင့် အရပ်သား ပြည်သူ သိန်းချီ စုဝေးနေသော ကွီဇုံရှိ ကရိမ်း စစ်ဌာနချုပ် စခန်း အား ဝင်ရောက် ပစ်ခတ် ချေမှုန်းရန်ပင် တိုက်တွန်းခဲ့ဖူးသူ ဖြစ်သည်ဟု ဆိုသည်။ သို့သော် မားကိုစ်က သူ၏ အကြံကို လက်မခံခဲ့၍ ပြည်သူများ အသက်ချမ်းသာရာ ရသွားခဲ့သည်။
၁၉၈၉ တွင် ဖခင် ဖြစ်သူ ကွယ်လွန်သွားသဖြင့် သမ္မတ ကိုရာဇွန် အကွီနိုမှ ကျန်ရစ်သူ မိသားစု အား ပြည်တော်ပြန် ခွင့် ပေးခဲ့သဖြင့် ပြန်လည် ရောက်ရှိလာပြီး သူ၏ အပိုင်နယ်မြေ ဖြစ်ခဲ့သော အာလိုကိုစ် နော်တေး ပြည်နယ်တွင် ခြေကုပ်ယူကာ နိုင်ငံရေး လှုပ်ရှားမှုများ စတင်ပြုလုပ်လာခဲ့သည်။
မေလ ၉ ရက်နေ့ ရွေးကောက်ပွဲတွင် မာကိုစ် မိသားစု အား လူထု၏ မကျေနပ်မှု အကြွင်းအကျန်များကို လက်ကုန်နှိုက်ထုတ်ရန် ကြံလာသည့် သမ္မတလောင်း လက်ရှိ ဒုသမ္မတ ဖြစ်သူ လီနီ ရိုဘရီဒိုသည်လည်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ သူမအား ထောက်ခံသူများအား ပန်းရောင် ဝတ်ဆင်ကြရန် တိုက်တွန်းပြီး ပန်းရောင် မဲဆွယ်ပွဲ ကို ပြုလုပ်လာခဲ့သည်။ ဗုံဗုံ သည် မဲအရည်အတွက် စုစုပေါင်း၏ ၅၉% ရရှိခဲ့ပြီး မစ္စက် ရိုဘရီဒိုသည် ၂၈% သာ ရရှိခဲ့သဖြင့် မားကိုစ် အလွန် သမ္မတ ရွေးကောက်ပွဲများတွင် မဲအများဆုံး ရရှိခဲ့သည့် စံချိန်တင်သွား နိုင်ခဲ့သည်။
ဖီလစ်ပိုင်သည် မားကိုစ်ကဲ့သို့ အာဏာရှင်တဦး ထပ်မံ မပေါ်ပေါက်လာရေး အတွက် အသေအချာ ပြင်ဆင်ခဲ့ပြီး ဖွဲ့စည်းပုံကိုပင် မည်သူမဆို ၆ နှစ် သက်တမ်း တကြိမ်သာ သမ္မတအဖြစ် လုပ်ပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်း ပေးခဲ့ပြီးလည်း ဖြစ်သည်။ ထိုသို့ အနေအထားများကြားမှ ဖီလစ်ပိုင်သမိုင်း တွင် လူမုန်း အများဆုံး အာဏာရှင်၏ သားဖြစ်သူ အနိုင်ရသွားသည့် အဖြစ်က အတော်ပင် ထူးဆန်းနေရသည်။
လေ့လာသူများက အကြောင်းရင်း သုံးရပ်ကို ရွေးထုတ်ချပြလာခဲ့သည်။ ပထမတချက်က ပြည်တော်ပြန်ခွင့် ရလာစဉ်ကတည်းက ဖခင်၏ နာမည်ပျက်များကို အဖတ်ဆယ်ရန် စနစ်တကျ ကြိုးပမ်းလာခြင်း၊ ဒုတိယ အချက်က လိမ္မာပါးနပ်စွာ ဖြင့် နိုင်ငံရေး တွင် အကျိုးတူ မဟာမိတ် ဖွဲ့နိုင်ခဲ့ခြင်း နှင့် ဖီလစ်ပိုင် နိုင်ငံသားတို့၏ မင်းဆက် မျှော်လိုမှု များ ကြောင့် ဖြစ်သည်ဟု ဆိုသည်။
မားကိုစ် မိသားစု အား ပြည်တော်ပြန်ခွင့် ပေးခဲ့ခြင်းမှာလည်း ၎င်းတို့ ကျုးလွန်ခဲ့သော အကျင့်ပျက် ခြစားမှုများကို တာဝန်ခံနိုင်ရန် အတွက် ဖြစ်သည်။ သို့သော်လည်း စွဲချက်များကို ခိုင်ခိုင်လုံလုံ သက်သေပြနိုင်ခဲ့ခြင်း မရှိ၍ အမှုများ ပြိုလဲလာခဲ့ရပြီး ဗုံဗုံသည်ပင် အောက်လွှတ်တော် အမတ် အဖြစ် အရွေးခံခဲ့ရသည်၊ အီမယ်ဒါ မားကိုစ်လည်း သမ္မတ အဖြစ်ပင် ဝင်ရောက် ယှဉ်ပြိုင်လာခဲ့သည် အထိ ခရီးပေါက်လာခဲ့သည်။
ဖခင်လက်ထက် အာဏာရှင် ဘဝနှင့် နိုင်ငံသားများ အား ချောင်လည် အောင် ဖန်တီးပေးနိုင်ခဲ့သည်၊ နိုင်ငံရေး တည်ငြိမ်မှု ရှိခဲ့သည် ဟူသော အမြင်များကို ယခုအခါ ဆင်းရဲမှု နှင့် အကြမ်းဖက်မှုများ အကြား လုံးခြာ လိုက်လာနေသော အောက်ခြေလူတန်းစားများ လက်ခံလာအောင် သိမ်းသွင်းနိုင်ခဲ့ကြသည်။
သို့သော် ထိုအကြောင်းခြင်းရာများဖြင့်သာ ဗုံဗုံသည် သမ္မတ အဖြစ် အရွေးခံခဲ့ရခြင်း မဟုတ်ပြန်၊ သူ့အား အဓိက ပံ့ပိုးပေးခဲ့သည့် မောင်းနှင်အားသည် ဒူတာတေး ၏ သမီး ဖြစ်သူ လက်ရှိ ဒါဗိုး မြို့တော်ဝန် ဆာရာ ဒူတာတေး ပင် ဖြစ်သည်။ သူမသည် ဖီလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင် လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်း ဖြစ်နေခဲ့ပြီးလည်း ဖြစ်သည်။ ပြိုင်မည်ဆိုလျှင် အနိုင်ရဖို့ အလားအလာ ရှိနေသည်။ သို့သော်လည်း ပြိုင်မည်ဆိုလျှင် မဲကွဲသွားပြီး မစ္စက် ရိုဘရီဒို သာ ကြားထဲက အနိုင်ရသွား နိုင်သည်ဟု ဆိုကာ ဒုသမ္မတ အဖြစ် သာ အရွေးခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဖီလစ်ပိုင်တွင် ဒုသမ္မတကို သီးခြား ရွေးကောက်ပွဲ ပြုလုပ်ရွေးချယ်ခဲ့ရသည့် စနစ် ရှိနေသောကြောင့် ဒုသမ္မတ ရွေးကောက်ပွဲတွင် မဲအရည်အတွက် ၆၁% ဖြင့် အနိုင်ရရှိသွားခဲ့ပြီး ဗုံဗုံထက်ပင် သာလွန်သွားခဲ့သည်။
သူတို့ နှစ်ယောက် ထိုသို့ပေါင်းဆုံမိအောင် ကြားထဲက အောင်သွယ် လုပ်ပေးခဲ့သူသည် ယခင် သမ္မတဟောင်း ဂလိုရီယာ အာရိုရိုပင် ဖြစ်သည်ဟု ဆိုသည်။ သူမလည်း လွှတ်တော် ဥက္ကဌ နေရာရရန် ကြိမ်းသေသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ဖခင်သည်လည်း ၁၉၆၅ တွင် မားကိုစ် အား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။
ဖီလစ်ပိုင် နိုင်ငံရေး တွင် နိုင်ငံရေး မင်းမျိုးမင်းနွယ်များမှ ဆင်းသက်လာသူချည်း ဩဇာလွှမ်းမိုးနေသည်၊ မစ္စက် အာရိုရို၊ နီနွိုင် အကွီနို၊ ဆရာ ဒူတာတေး နှင့် ဗုံဗုံ မားကို့စ်တို့က သက်သေခံနေပေသည်၊
သို့သော်လည်း ဗုံဗုံ သမ္မတ ဖြစ်လာ၍ ဖခင် ပုံစံအတိုင်း ရက်စက်စွာ ပြုကျင့် လိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ကြပေ။ အစိုးရ အဖွဲ့ အတွင်း မစ္စက် အာရိုရို နှင့် မစ္စက် ဒူတာတေး တို့ ရှိနေ၍ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။
လက်ရှိတွင် ဗုံဗုံ နှင့် မိခင်ဖြစ်သူ အီမယ်ဒါ မားကိုစ်အား ဖခင်လက်ထက် လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် နစ်နာသူများအား လျော်ကြေးငွေ ဒေါ်လာ ၃၅၃ သန်း ပေးရန် အမေရိကန် တရားရုံး၏ အမိန့်ကို အာခံလျက် ရှိနေဆဲပင် ဖြစ်သည်။ အောက်စဖို့ တက္ကသိုလ်တွင် ကျောင်းပြီးသည်အထိ မနေခဲ့သော်လည်း ဘွဲ့ရခဲ့သည်ဟု လိမ်လည်ခဲ့မှုကိုလည်း နယူးယောက်တိုင်းမ် မဂ္ဂဇင်းက ဖွင့် ချ ရေးသားခဲ့ဖူးသည်။
ဗုံဗုံ မားကိုစ်သည် တတ်သိပညာရှင်များကို ပေါ်လစီ ပိုင်း ရေးဆွဲရာတွင် နေရာပေးဖွယ်ရှိနေသည်။ ဤသည်ကလည်း ၎င်း ကွန်ဂရက် အမတ် ဘဝတွင်ပင် အတွေးအခေါ် အယူအဆ ပိုင်း အားနည်းနေသည်ကို တွေ့မြင်ခဲ့ကြရ၍ ခန့်မှန်းနေကြခြင်းမျိုး သာ ဖြစ်သည်။ ထိုသို့သော လူမျိုး သမ္မတ ဖြစ်လာ၍ အန္တရာယ် ရှိနိုင်သော်လည်း အာဏာရှင် အရိပ်အယောင် မတွေ့ရ၍ တော်ပေသေးသည်ဟု လည်း ယူဆလျက် ရှိနေကြသည်။