စစ်ကောင်စီ ရှက်ရမ်းရမ်း- ဗြိတိသျှ သံအမတ်ကြီး အား ပြည်ဝင်ခွင့် မပြုတော့

by Hla Soewai - May 10 2022

ယခုအခါ နိုင်ငံ အများအပြားက ခန့်အပ်ရန် ရှိနေသော သံအမတ်ကြီး များ နေရာတွင် သံရုံး ယာယီ တာဝန်ခံများ ကိုသာ စေလွှတ်ခြင်း၊ အချို့နိုင်ငံများက အသစ်ထပ်မံ ခန့်အပ်ခြင်းမျိုး မပြုလုပ်ကြ တော့ ခြင်းများ ဖြင့် လူမသိ သူမသိ စစ်ကောင်စီ ကို ဝိုင်းပယ်လာခဲ့ကြပြီ ဖြစ်သည်။

 

ထိုအထဲတွင် ဗြိတိသျှ အစိုးရလည်း ပါဝင်ခဲ့သည်။ သူတို့၏ သံအမတ်ကြီးအား သံရုံးယာယီတာဝန်ခံ အဖြစ် အဆင့် လျော့ချရန် ဆုံးဖြတ် လိုက်မှုနှင့် ပတ်သက်ပြီး အာဏာသိမ်း အဖွဲ့မှ ခါးခါးသီးသီး ငြင်းဆန်နေခဲ့ရာမှ သံတမန်‌ရေး အငြင်းပွားမှု ဖြစ်လာနေသည်ဟု Nikkei Asia Review စာစောင်တွင် ရေးသားထားသည်။ ပီတာ ဗိုလ်ဝဲလ်သည် ဗြိတိသျှ သံအမတ်ကြီး အဖြစ် ယမန်နှစ် ဩဂုတ်လ အတွင်း ရန်ကုန်သို့ ရောက်လာခဲ့သော်လည်း မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ရန်ကိုမူ ငြင်းဆန်နေခဲ့သည်။

 

စစ်ကောင်စီ မှ ခန့်အပ်လွှာ လာပေးရန် အတန်တန် တောင်းဆိုနေသော်လည်း ထိုသို့ ငြင်းဆန်မြဲ ငြင်းဆန်နေ သဖြင့် သံအမတ်ကြီးသည် ဖေဖေါ်ဝါရီ လ အတွင်း ရန်ကုန်မှ ဒေသဆိုင်ရာ အစည်းအဝေး တခုသို့ တက်ရန် အသွားတွင် ပြည်တွင်းသို့ ပြန်လည် ဝင်ခွင့် မပြုတော့ဘဲ ပြီးခဲ့သည့် လကုန်ပိုင်းတွင် မစ္စတာ ဗိုဝဲလ် အား သံအမတ် ကြီး အဖြစ် လက်မခံနိုင်ပါဟု ဗြိတိန်ထံ တရားဝင် အကြောင်းကြားစာ ပို့လာခဲ့သည်။

 

ထို့အတွက် မစ္စတာ ဗိုဝဲလ် သည် ပြန်လာနိုင်ရန် ဆွေးနွေး နေဆဲ ဖြစ်သော်လည်း သူ့အား ရန်ကုန်ရှိ သံရုံးအကြီး အကဲ အဖြစ် ဗြိတိသျှ နိုင်ငံခြားရေး ရုံး ဝက်ဆိုဒ်တွင် ဖေါ်ပြလာခဲ့သည်။ ဗြိတိသျှ အစိုးရသည် လန်ဒန်ရှိ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းကို အကြမ်းဖက် စစ်ကောင်စီ မှ ၎င်းတို့ တတ်ကျွမ်းသည့် တခုတည်းသော နည်းလမ်းအတိုင်း နေအိမ်မှ ဆွဲချရန် တောင်းဆိုလာမှုကို လက်မခံ၍ ပြဿနာသည် လိပ်ခဲတည်းလည်း ဖြစ်နေ ပြန်သည်။

 

ဗြိတိသျှ သံအမတ်ကြီး အရေးကြောင့် စစ်ကောင်စီ နှင့် သံတမန် ဆက်သွယ်ရေး အဆင့် လျော့ချထားသည့် နိုင်ငံများ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် ဒိန်းမတ်၊ ဂျာမဏီ၊ အစ္စရေး၊ အီတလီ၊ တောင်ကိုရီးယား တို့ ပါဝင် နေသည်။ အချို့ကလည်း သံရုံးတာဝန်ခံ၊ သံရုံးအကြီးအကဲ ခေါင်းစဉ် အမျိုးမျိုး ဖြင့် အဆင့် လျော့ချနိုင်ရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

 

စစ်အာဏာသိမ်း အစိုးရအတွက် နောက်ထပ် ထိုးနှက်မှုကြီး တခု အဖြစ် အီးယူ အဖွဲ့ဝင် နိုင်ငံများ အားလုံးက မြန်မာ သို့ သံအမတ်အသစ်များ စေလွှတ်ခြင်း မပြုရန် အလွတ်သဘော ဆုံးဖြတ်ထားကြပြီဟု ဘရပ်ဆဲလ်ရှိ အီးယူ သံတမန်များထံမှ သတင်းထွက်ပေါ်လာခဲ့သည်။ သို့သော် ဝါရှင်တန် နှင့် တိုကျို ကမူ လက်ရှိ သံအမတ် ကြီး များကို ဆက်လက် ထားရှိနေဆဲ ဖြစ်သည်။

 

မြန်မာနိုင်ငံ အတွင်း သံရုံးမရှိသော နိုင်ငံ အမြောက်အမြားလည်း ပူးတွဲ သံအမတ်ကြီး ခန့်အပ်ရန် ဆုံးဖြတ်ထား ကြပြန်သည်။ ထိုအထဲတွင် ဩစတီးယား၊ အိုင်ယာလန်၊ စပိန် တို့ ပါဝင်သည်။ ဘရူးနိုင်း သံအမတ် အသစ်သည် နိုင်ငံတွင်း ရောက်ရှိလာသော်လည်း ခန့်အပ်လွှာ မပေးဘဲ သံရုံး ဒုတိယ အကြီးအကဲ ကိုသာ တာဝန်လွှဲပြီး ပြန် လည်ထွက်ခွာသွားသည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံများထဲတွင် လက်ရှိ သံအမတ် အဆင့် မရှိသော နိုင်ငံများမှာ ဘရူနိုင်း၊ မလေးရှား၊ ဖီလစ်ပိုင် နှင့် ထိုင်း နိုင်ငံများ ဖြစ်သည်။

 

ထိုင်း နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသူသည်လည်း ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ထိုင်း ဘုရင် အား ပေးအပ်ရန် ကို ထိုင်းအစိုးရ က နေ့ရွှေ့ည‌ရွှေ့ လုပ်နေ၍ ယခုထိ ပေးအပ်နိုင်ခြင်း မရှိဟု သိရသည်။ ထိုင်း အစိုးရသည် ၎င်းတို့ ဘုရင် မှ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်မည့် အရေး အတွက် ပူပန်နေပုံရသည်။ မလေးရှား အစိုးရ မှ စစ်ကောင်စီ နှင့် နီးစပ်နေပုံရသည့် ၎င်းတို့၏ သံအမတ်ကြီးကို ကွာလာလမ်ပူ သို့ ပြန်လည် ခေါ်ယူခဲ့သည်။ ထိုသံအမတ်ကြီးသည် ၎င်း၏ အကြီးအကဲ ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး နှင့် လေသံကွဲပြီး ပြောဆို နေ၍ ဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။

 

ဩစတေးလျှ နှင့် နယူးဇီလန် သံအမတ်ကြီးများလည်း ယခုထိ လစ်လပ်နေဆဲ ပင် ဖြစ်သည်။ နယူးဇီလန်သည် သံအမတ် အသစ် စေလွှတ်တော့မည် မဟုတ်ဟု ပြောခဲ့သော်လည်း ဩစတေးလျှက မူ စဉ်းစားနေဆဲ ဟု ဆိုသည်။ တာဝန် ကုန်ဆုံး၍ ပြန်ရမည့် ဩစတေးလျှ သံအမတ်သည် မင်းအောင်လှိုင် နှင့် သွားရောက်တွေ့ဆုံခဲ့၍ မင်းအောင်လှိုင် ကို စကား ပြောခွင့် ရခဲ့သည့် ပထမဆုံးသော အနောက်တိုင်း သံအမတ်ကြီး ဖြစ်သွားခဲ့ရသည်။

 

ယခုအချိန်ထိ မင်းအောင်လှိုင်အား သံအမတ်လွှာ ခန့်အပ်လွှာ ပေးခဲ့သူ ဟူ၍ အိန္ဒိယ နှင့် ဆော်ဒီအာရေးဗီယား နှစ်နိုင်ငံသာ ရှိပေသေးသည်။

 

ရန်ကုန်ရှိ သံအရာရှိများဖက်ကလည်း တဖက်တွင် စစ်ကောင်စီ အား အသိအမှတ် ပြုသည့် သဘောမျိုး သက် ရောက်မည့် ဆောင်ရွက်မှု မှန်သမျှ ကို ရှောင်ရှားနေကြသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ သို့မဟုတ် ပြည်သူ့ကာကွယ်‌ရေး တပ်မတော်နှင့် ထိတွေ့ဆက်ဆံပါက နိုင်ငံတွင်းမှ နှင်ထုတ်ခံရမည့် အရေးကို စိုးရွံ့နေကြ သည်ဟု သိရသည်။

 

နိုင်ငံတွင်း၌ လက်နက်အားကိုးဖြင့် ငါ့မင်း ငါ့ချင်း လုပ်နေကြသော မင်းအောင်လှိုင် နှင့် အဓမ္မ ဝါဒီ ဂိုဏ်းသား များအား နိုင်ငံတကာ အသိုက်အဝန်း မှ သံအမတ် အဆင့်ပင် ဆေးဖေါ်ကြောဖက် မလုပ်သည်အထိ ရွံရှာနေ ကြသည့် အဖြစ်က အထင်အရှား ထွက်ပေါ်လာနေပြီ ဖြစ်သောကြောင့် MRTV ၊ မြဝတီ ရုပ်သံ ဖန်သားပြင် နှင့် မြန်မာအလင်း သတင်းစာမျက်နှာ များ ပေါ်တွင်သာ အစိုးရ ဖြစ်နေသည့် ဘဝ ကို ရောက်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် အာဏာသိမ်း တနှစ်ပြည့် နေ့တွင် ဗြိတိသျှ ပါလီမန် အဆောက်အအုံ ရှေ့တွင် ဆန္ဒပြနေကြသော မြန်မာ နိုင်ငံသားများကို တွေ့နိုင်သည်)