ကုလ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်မှ CRPH နှင့် တွေ့ဆုံ

by Hla Soewai - May 04 2022

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နိုလင်း ဟေဇာ နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဌ ဦးအောင်ကြည်ညွန့်တို့ မေလ ၃ ရက်နေ့က အွန်လိုင်းမှ တဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု CRPH မှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ အရေး အကျပ်အတည်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း နိုင်ငံများမှ ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြ ကြောင်း လည်း ပါရှိသည်။

ဤသည်ကို ကြည့်လျှင် အကြမ်းဖက် စစ်တပ်သည် နိုင်ငံတကာ မိသားစု အလယ်တွင် အပယ်ခံ ဘဝ ရောက် နေပြီ ဆိုသည်က ပို၍ပင် သိသာ ထင်ရှားလာခဲ့သည်။ မစ္စက် ဟေဇာ မတိုင်မီ တာဝန်ယူခဲ့သော မစ္စက် ခရစ္စတင်း ဘာဂင်ဂါ ပင် ထိုသို့ လူသိရှင်ကြား တွေ့ဆုံခဲ့ခြင်း မရှိသေးသည်က ပြည်သူ့ ကိုယ်စားပြု NUG အစိုးရ၏ အရေး ပါမှု အား ကုလ သမဂ္ဂ မှ မဖြစ်မနေ အသိအမှတ်ပြု လာရပြီ ဆိုသည့် အချက်မှာ သိသာ ထင်ရှားလာခဲ့သည်။ ရှေ့လျှောက် အာဆီယံ အပါအဝင် နိုင်ငံတကာ တို့မှ ဆက်သွယ်ဆောင်ရွက်ရန် စံနမူနာ ဖြစ်သွားခဲ့ရသည်။

မြန်မာ ဖက်မှ မည်သို့မျှ မတုံ့ပြန်သေးသော်လည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် NUG နှင့် ဆက်သွယ်ရန် အာဆီယံ အား အဆိုပြုမည် ဆိုသည့် ပြောဆိုချက်အပေါ် ဝဏ္ဏမောင်လွင်မှ ဒေါသတကြီး ဖြင့် “အကြမ်းဖက် အုပ်စု” အား အဆင်ခြင်မဲ့ ထောက်ခံခြင်းဟု ဆိုသည်။ ကိုယ်ဘာလုပ်နေသည်ကို ကိုယ်မသိ၊ ပါးစပ်ထဲ တွေ့ရာ ပြောဆိုနေခြင်းမျိုးပင် ဖြစ်သည်။ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များသည်သာ နယူးယောက်၊ ဂျီနီဗာ ရှိ နိုင်ငံ တကာ အဖွဲ့အစည်းများထံ တွင် အထောက်အထားများ တောင်ပုံရာပုံ မက ရောက်ရှိနေပြီး ဖြစ်နေသည်။ တကယ်တမ်း တွင် ၎င်းတို့မှ အကြမ်းဖက် အုပ်စုဟု ကင်ပွန်းတပ် ပြောဆိုနေသူများသည် လွတ်လပ်၍ တရား မျှတပါသည်ဟု နိုင်ငံတကာက အသိအမှတ် ပြုထားသော ရွေးကောက်ပွဲတွင် ပြည်သူ များ၏ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ခံထားရသူများ သာ ဖြစ်သည်ကို မေ့လျော့နေကြပြီ ဖြစ်သည်။

ဝဏ္ဏမောင်လွင် သည် စစ်ကောင်စီ အတွက် မည်သို့မျှ သံတမန်ရေးအရ အောင်မြင်မှု ရအောင် ထိုးဖေါက်ပေး နိုင်စွမ်း မရှိဘဲ ယခုလို ကန့်ကွက်သည့် စာများ ကို after the fact ပုံစံမျိုးနှင့်သာ ပြုလုပ်နိုင်သူ ဖြစ်နေသည်။

ပြောရေးဆိုခွင့် ရှိသူ ဇော်မင်းထွန်းကလည်း ပါးစပ်ဟလိုက်တိုင်း စစ်ကောင်စီ၏ ပုံရိပ်သာ ကျဆင်းသွားရစမြဲ ဖြစ်သည်။

ထိုနှစ်ဦးသည် တကယ်တမ်းတွင် NUG ၏ ကိုယ့်ဂိုးကိုယ်သွင်းပေးနေသော တိုက်စစ်မှူးများ ဖြစ်လာနေပေသည်။

မင်းအောင်လှိုင်သည်လည်း ၎င်းတို့ကို အားကိုးနေက မိမိ ပြုတ်ကျတော့မည်ကို စိုးရိမ်ပူပန်လာနေ၍ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပါရစေဟု ဂမူးရှူးထိုး ပြောဆိုလာရသည် အထိ ဖြစ်လာနေသည်ဟု ဧရာဝတီ သတင်း တွင် ရေးသားထားသည်ကို ဖတ်ရှုခဲ့ရသည်။

စစ်ဖက် အသိုက်အဝန်း နှင့် နီးစပ်သော သတင်းရပ်ကွက်မှ အဆိုပါ ဧပြီ ၂၂ ရက်နေ့တွင် ပြောသော စကားသည် ယခင်ကလို ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓါတ်စစ်ဆင်ရေး ဌာနမှ ရေးသားပေးခြင်း မဟုတ်ဘဲ ၎င်းကိုယ်တိုင် ပြောသော စကား ဖြစ်နေကြောင်းလည်း သတင်းတွင် ဖေါ်ပြထားသည်။

မင်းအောင်လှိုင်သည် အပြောတမျိုး အလုပ်တမျိုး လုပ်လေ့ရှိသူမှန်း မြန်မာပြည်နေ ပြည်သူတိုင်း သိထားပြီး ဖြစ်၍ တက်ရောက်လာသူများ ရှိကလည်း ၎င်းတို့ အဖွဲ့အစည်း၏ အမည်ကို သတင်းများတွင် ပါစေလိုသည့် သဘော မျိုးနှင့် သာ ဖြစ်ပေမည်။ ၎င်း၏ လက်အောက် အရာရှိကြီးများ နှင့် စစ်မှုထမ်းဟောင်းများကပင် ၎င်း၏ ခေါင်းဆောင်မှုကို မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။

အချို့ တပ်မှူးကြီးများက ၎င်းတို့ ဘဝလုံခြုံရေး အတွက် မင်းအောင်လှိုင် အား ချကြွေးမှ ဖြစ်မည်ဟု စဉ်းစားလာ နေကြကြောင်း ဧရာဝတီက ရေးသားထားသည်။

သီရိလင်္ကာ အကျပ်အတည်း နှင့် ပတ်သက်၍ ဘူမိနိုင်ငံရေး ကျွမ်းကျင်သူများက သီရိလင်္ကာသည် မြန်မာ လို ကြမ္မာမျိုး ကြုံရနိုင်ဖွယ်ရှိ “Sri Lanka may face same fate as Myanmar” ဟု ခေါင်းစဉ်ဖြင့် အွန်လိုင်း ဆွေးနွေးပွဲ အား မြန်မာ နှင့် နှိုင်းယှဉ် ပြုလုပ်သွားသည့် သတင်းကလည်း ရှက်ဖွယ်လိလိပင် ဖြစ်နေသည်။

ဆက်စပ်၍ တွေးတောမိသည်မှာ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း နှင့် ကမ္ဘောဒီယား နိုင်ငံများသည် ထေရဝါဒ ဗုဒ္ဓ ဘာသာ စစ်စစ် ကိုးကွယ် ဆည်းကပ်သော နိုင်ငံများ ဖြစ်ပါလျှက် အဘယ်ကြောင့် ငါတကော ကောနေသူများ၏ အုပ်ချုပ်ခံ ဖြစ်နေကြရသနည်း၊ ဤသည်က တိုက်ဆိုင်မှုဟုပင် ယူဆ၍ မရတော့ပေ။ သို့ဖြစ်၍ ပညာရှင်များ အနေ ဖြင့် ထိုကိစ္စအပေါ် ဆွေးနွေးပွဲများ ပြုလုပ် အဖြေရှာနိုင်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ အတွက် လွန်စွာ အကျိုး ရှိပေမည်ဟု ယူဆမိပေသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!