အမျိုးသား ညီညွတ်ရေး အစိုးရ အား ဆက်သွယ်ရန် မလေးရှား အဆိုတင်မည်

by Hla Soewai - May 03 2022

အာဆီယံသည် မြန်မာပြည်ရှိ အာဏာရူး ရောဂါကို ကုစားနိုင်ရန် အချက် ငါးချက်ပါ ကုထုံးကို ချပြခဲ့သော်လည်း တနှစ်ကျော်ကြာလာသည့်အထိ ဆေးတဖုံပင် ဖေါ်စပ်နိုင်ခြင်း မရှိဖြစ်လာ၍ အရှက်တကွဲ ဖြစ်လာခဲ့ရသည်။

ထို့အတွက် လာမည့် မေလ ၅ ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ပြုလုပ်မည့် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြား‌ရေး ဝန်ကြီးများ အစည်း အဝေး (ဝဏ္ဏမောင်လွင် မပါ) တွင် အာဆီယံ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အလွတ် သဘော ထိတွေ့ဆက်ဆံသွားရန် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက အဆိုပြုမည်ဖြစ် ကြောင်း နောက်ထပ် ထိရောက်မည့် ဆေးညွှန်းကို ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

အဓိကအားဖြင့် နိုင်ငံအတွင်း အကျပ်အတည်းများ နှင့် ရင်ဆိုင်နေရသူများ အတွက် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်ရေး အတွက် နည်းလမ်းများ ရှာကြံနိုင်ဖို့ပင် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အာဆီယံသည် အထူး သံတမန် နှစ်ဦး အား ခန့်အပ်ပြီး ကြိုးပမ်းခဲ့သော်လည်း အရာမထင်ကြောင်း ထောက်ပြခဲ့သည်။

အာဆီယံ နိုင်ငံများတွင် အင်ဂျီအို များ ရှိထားပြီ ဖြစ်၍ ထိုအဖွဲ့အစည်းများမှ တဆင့် အကူအညီများ ပေးရန် အသင့် ရှိနေကြသော်လည်း မည်သို့မည်ပုံ စနစ်တကျ နှင့် ထိထိရောက်ရောက် အကူအညီ ပေးနိုင်မည့် ယန္တရား တခု တည်ဆောက်ရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်ဟု လည်း သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

စစ်အာဏာသိမ်း အဖွဲ့၏ ဟန့်တားမှုများ ကြောင့် အလုပ်မဖြစ်ခဲ့သော အာဆီယံ အထူး သံတမန် နှစ်ဦး၏ အတွေ့အကြုံများကို မူတည်ပြီး မိမိတို့ အထူး သံတမန်၏ အနေအထား နှင့် လုပ်ငန်း ဆောင်ရွက်နိုင်မှု အတိုင်း အတာကို ခိုင်မာအောင် ဖန်တီးပေးရန် လိုသည်ဟု ဆိုသည်။

အာဏာသိမ်း အဖွဲ့သည် အာဆီယံ ကုထုံးကြီး ငါးချက်တွင် အဓိက ဖြစ်သည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး ကို လစ်လျူရှုခဲ့သည်မှာ ကြာမြင့်ခဲ့ရုံမက ယခုအခါ ပြောင်ပြောင်တင်းတင်း ပင် ပြည်သူ့စစ်များအား လက်နက် တပ်ဆင်ပေးမည်ဆိုကာ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို အရှိန်မြင့်သည်ထက် မြှင့်တင် လာနေခဲ့ပြီ ဖြစ်သဖြင့် ၎င်းတို့ အပေါ် နိုင်ငံတကာ ၏ ထောက်ခံမှုများက ကျဆင်းသည်ထက် ကျဆင်း လိုက်လာနေပြီ ဖြစ်သည်။

လာမည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေး တွင်လည်း သမ္မတ ဂျိုး ဘိုင်ဒင်သည် ယခုလောက်နှင့် မလုံလောက်တော့ဟု ဆိုကာ ပို၍ တင်းတင်းမာမာ ဆက်ဆံရန် တိုက်တွန်းလာဦးမည်လည်း ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင် အများစုသည် ပြီးခဲ့သည့် ငါးနှစ် အုပ်ချုပ်ရေးကာလ အတွင်း ထဲထဲ ဝင်ဝင် ပါဝင်ခွင့် မရခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ က လေးစားရလောက်သည့် တူတူတန်တန် အစိုးရမျိုး ဖွဲ့စည်း နိုင်ခဲ့သည့် အထိ စွမ်းဆောင်နိုင်ခဲ့ပြီ ဆိုသောအချက်ကိုတော့ မလေးစားဘဲ နေ၍မရပေ။ ချို့ယွင်းချက် ဆိုသည်မှာ ရှိတန်သလောက် ရှိနေဦးမည် ဖြစ်သော်လည်း အားလုံးကို ခြုံကြည့်လျှင် အောင်မြင်သည်ဟု ဆိုရ မည်သာ ဖြစ်သည်။

ယခုအခါ အာဏာသိမ်း အဖွဲ့သည် ပြည်သူများ အပေါ် ရန်သူ အဖြစ် သဘောထားကာ လူမဆန်အောင် ရက်စက် စွာ ပြုမူလာကြသည်နှင့် အမျှ မိမိတို့၏ အသိစိတ်ကို ပြင်းထန်စွာ ထိုးနှက်ခြင်း ခံလာကြရသည့် ပြည်သူ့ရဲ တပ် ဖွဲ့ဝင်များ နှင့် စစ်သည်များသည် တဖွဲဖွဲ နှင့် ပြည်သူ့ဖက်သို့ ခိုလှုံလာနေကြသည်။

ထိုသို့ ခိုလှုံလာချင်သူ အများ အပြား ရှိနေသည့်အတွက် မိမိတို့နှင့် တယ်လီဂရမ် တွင် ဖေါ်ပြထားသော လင့်ခ် မှ တဆင့် ဆက်သွယ်ကြပါရန် People’s Embrace “ပြည်သူ့ရင်ခွင်” အဖွဲ့ တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောခဲ့ သော သတင်းကိုလည်း ဖတ်ရှုခဲ့ရသည်။

NUG သည် တော်လှန်ရေး အတွက် လက်နက် ဝယ်ယူ စုဆောင်းပေးရခြင်း၊ ခိုလှုံလာသူများ အတွက် ထောက်ပံ့ ကြေးများ ပေးရခြင်း၊ ဒုက္ခသည်များ အတွက် လူမှုရေး အကူအညီ ပေးရခြင်း များ အတွက် ရံပုံငွေများ လိုအပ် သည်ထက် လိုအပ်နေသည်။

လက်ရှိတွင် ပြည်သူများ အဖို့က မိမိတို့၏ အနာဂတ် ပျောက်ဆုံးလုမတတ် ဖြစ်လာနေသဖြင့် တော်လှန်ရေးကြီး အမြန် အောင်မြင်ရန် ရံပုံငွေများကို ယခင်ကထက်ပင် ပို၍ ထည့်ဝင်လှူဒါန်းနေကြပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!