“ကျွန်တော်ကို ရွေးရတဲ့ အကြောင်းလေး နဲနဲလောက် ရှင်းပြပေးပါလား”
“ခင်ဗျားကို ရွေးရတဲ့ အကြောင်းက ခင်ဗျားဟာ ဉာဏ်ပညာ ထက်မြက်တယ်၊ ဗဟုသုတ ကြွယ်ဝတယ်၊ ပုံမှန် အခြေအနေ မှာတောင် ခင်ဗျားကို အတိုက်အခံ လုပ်လာတဲ့ လူတွေ အကျပ်ရိုက်အောင် လုပ်နိုင်စွမ်း ရှိတယ်၊ ကျွန်တော်တို့ စစ်ဆင်ရေး လုပ်နေတဲ့ ကာလ မှာတင် လှည့်စားထားတာတွေကို ခင်ဗျား မြင်လုနီးနီး ဖြစ်လာလို့ ကျွန်တော်တောင် ဘုရားတ နေရတယ်၊ နောက်ထပ် အကြောင်းတခုက ခင်ဗျား နဲ့ ကျွန်တော် အကြား အဆင်မပြေ တာ ကလည်း ဟိုး အရင်ကတည်းက သမိုင်းကြောင်း ရှိခဲ့လို့ပဲ” ဟု ပြောရင်း ဘုသီသည် စကားကို ရပ်ကာ ဗီကာရီ အား ကြည့်လိုက်ပြန်သည်။
“ခင်ဗျားက ကျွန်တော်ကို ဝေဖန် တဲ့ နေရာမှာလည်း ကျန်တဲ့ ဝန်ထမ်းတွေလို သိုသိုသိပ်သိပ် မလုပ်တတ်ဘူး၊ ဒါတွေထက် ပိုအရေးကြီး ဆုံး အကြောင်းက ခင်ဗျားဟာ ဝန်ကြီးချုပ်ရဲ့ မိတ်ဆွေကြီး တယောက် ဖြစ်နေလို့ပဲ၊ ဒါကိုလည်း အပ်ဗဲယားက သိထားတယ်”
“ဒါဆို ခင်ဗျားက ကျွန်တော် အလုပ်ဖြုတ်ခံရတဲ့ အကြောင်းကို ဟော့ခ် နဲ့ ပီလီကန် တို့ကတဆင့် ဂျာမန်တွေကို ပြောခဲ့တယ်၊ ဒါမှလည်း ဝင်စတန် ချာချီရဲ့ မိတ်ဆွေ အရင်းအခြာ တယောက်ကိုတောင် ဖြုတ်ပစ်လိုက်ရတယ် ဆိုတာ ဂျာမန်တွေ သိသွားမှ ပါတီပွဲ စစ်ဆင်ရေး အပေါ် သူတို့ ပိုပြီး အယုံအကြည် ရှိလာကြမယ်ပေါ့ ဟုတ်လား”
“အဲ့ဒီအတိုင်းပဲ၊ ဒါကလည်း ကျွန်တော်တို့ နဂိုကတည်းက ဆွဲထားတဲ့ ဇာတ်ညွှန်းရဲ့ တစိတ်တပိုင်းပဲ၊ အလုပ်ဖြစ်သွားခဲ့တယ်လေ”
“ချာချီကကော အဲ့တာကို သိလား”
“သိတယ်၊ သူကိုယ်တိုင် အတည်ပြုပေးခဲ့တာပဲ၊ ခင်ဗျား မိတ်ဆွေဟောင်းကြီးက ခင်ဗျား အပေါ် သစ္စာဖေါက်လိုက်တာပဲ၊ သူကိုယ်တိုင်က ဒီလိုမျိုး အောက်လမ်းနည်းတွေ နှစ်သက်တဲ့ လူတယောက်ပဲဗျ၊ သူသာ ဝန်ကြီးချုပ်တယောက် ဖြစ်မလာခဲ့ရင် ရန်သူကို လှည့်စားတဲ့ ထောက်လှန်းရေး အရာရှိတယောက် ကောင်းကောင်း ဖြစ်လာနိုင်တယ်၊ သူကိုယ်တိုင်က အဲ့လိုမျိုး လုပ်ရတာ အတော် နှစ်ခြိုက်တတ်တယ်၊ ခင်ဗျားကို မြေအောက် စစ်ရုံးချုပ်ထဲမှာ ပြောခဲ့တာတွေကိုက တကယ်ကို သမိုင်းတွင် လောက်ပါပေတယ်”
“လူလွန်မသားကြီး” ဟု ဗီကာရီက ရေရွတ်လိုက်သည်၊ “ဒါဆိုရင်တော့ ကျွန်တော် ကို ကျွန်တော် ကံကောင်းတယ်လို့ ယူဆသင့်နေပြီ၊ ကျွန်တော်လည်း အခြားလူတွေလို သေသွားနိုင်တယ်၊ ဘုရား..ဘုရား ခင်ဗျားတို့ ဖန်တီးတဲ့ ပွဲလေးမှာ လူဘယ်နှစ်ယောက် သေသွားခဲ့ပြီဆိုတာ ခင်ဗျား သိကော သိရဲ့လား၊ ပုပ်၊ ပုပ်ရဲ့ ကောင်မလေး၊ ရိုစ် မော်လီ၊ အားလ်ကုပ်မှာ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့က အရာရှိ နှစ်ယောက်၊ လောက် မှာ ရဲအရာရှိ လေးယောက်၊ ကလိသော့စ်မှာ နောက်ထပ် တယောက်၊ ပြီးတော့ ရှောင် ဒိုရသီ၊ မာတင် ကောဗီးလ်”
“ခင်ဗျား ပီတာ ဂျော်ဒန်ကိုပါ ထည့် ဖို့ မေ့နေပြီ”
“အလို ဟုတ်ပါရဲ့၊ ခင်ဗျား အေးဂျင့်ကို ခင်ဗျား သတ်လိုက်တာပါလား”
“နိုး..အယ်ဖရက်၊ ခင်ဗျား သတ်လိုက်တာ၊ သူ့ကို သင်္ဘောပေါ် တင်ပေးလိုက်တာ ခင်ဗျားကိုယ်တိုင်ပဲလေ၊ အဲ့လို စီစဉ်လိုက်တာကို ကျွန်တော် စိတ်ထဲ သဘောကျခဲ့တာတော့ ဝန်ခံရမှာပဲ၊ သူရဲ့ ပေါ့လျော့မှုကြောင့် စစ်ပွဲကြီး ရှုံးနိမ့်သွားရမတတ် ဖြစ်ခဲ့ရတာကို ကလေးမလေး အသက်ကို ကယ်လိုက်ရင်း သူရဲ့ အပြစ်တွေအတွက် ကြေရာကြေကြောင်း လုပ်လိုက်တဲ့ သဘော သက်ရောက်သွားတယ်၊ ဟော်လီဝုဒ် ရုပ်ရှင်တွေမှာ ဒါမျိုးတွေ တွေ့ရတတ်တယ်လေ၊ ပြီးတော့ ဂျာမန်တွေကလည်း ဒါတွေ တကယ်ဖြစ်ခဲ့တာပဲလို့ ထင်သွားကြတယ်၊ ပြီးတော့ သေသွားတဲ့ လူတွေ အရည်အတွက်ကလည်း ရွမ်းမဲသာ ကျွန်တော်တို့ကို နော်မန်ဒီက အသင့်စောင့်နေမယ် ဆိုရင် သောက်သောက်လဲ သေမှာထက်စာရင် ဘာမှ မပြောပလောက်ဘူး”
“ခင်ဗျားက ဝင်ငွေထွက်ငွေ ရှင်းတမ်း ဆွဲနေတာလား၊ အခု ဖြစ်ခဲ့တာတွေကို ခင်ဗျား ဒီလိုပဲ သဘောထားတယ်ပေါ့၊ ဒီပွဲမှာ ကျွန်တော် သိသိကြီးနဲ့ မပါခဲ့ရတာကိုပဲ ဝမ်းသာနေပြီ၊ ပါလည်း မပါချင်ဘူး၊ မပါချင်ဖူး ဆိုတာက အဲ့လို မျိုး လုပ်ရမယ် ဆိုရင် ပြောတာ၊ ခင်ဗျားလို လူမျိုးတွေ ဟိုးအရင်ကတည်းက လို တိုင်မှာ ကြိုးတုပ်ပြီး မီးရှို့ သတ်ပစ်သင့်တယ်”
စကားပြောလာရင်းက သူတို့ အပြန်လမ်းတွင် နောက်ဆုံး ဖြတ်ရမည့် တောင်ကုန်း ပေါ် ရောက်လာခဲ့ကြသည်၊ ဗီကာရီ ၏ အိမ်ရှိရာ ကို လှမ်းမြင်လာရသည်။ မာတီဒါ၏ ပန်းနွယ်ပန်းခက်များ လို ယှက်သန်းနေသည့် နွယ်ပင် ခြံအုတ်တံတိုင်းကိုပင် ကျော်တက်လာနေသည်။ ဗီကာရီသည် ဖြစ်နိုင်လျှင် အိမ်သို့ အရောက်ပြေးသွားပြီး တံခါးကို ဆောင့်ပိတ်ကာ မီးလင်းဖို ဘေးတွင် ထိုင်ချင်စိတ် ပေါက်လာနေသည်၊ ထိုအကြောင်းများကို ဘယ်တော့မှလည်း ပြန်မတွေးချင်မိတော့၊ သို့သော် ယခုအခါ ထိုသို့ မတွေးမိဖို့က မည်သို့မျှပင် မဖြစ်နိုင်တော့၊ ဘုသီကို စိတ်ထဲက အမြန်ဆုံး ပြန်စေချင်မိလာ၍ ခြေလှမ်းကို သွက်သွက် လျှောက်လာခဲ့လိုက်သည်။ ကုန်းအဆင်း အပြေးကလေး လှမ်းလာမိ၍လည်း ချော်လဲမတတ်ပင် ဖြစ်သွားခဲ့သည်။ မြင့်မား သော အရပ် နှင့် အားကစားသမား တယောက်၏ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ဘုသီပင် သူအား မနည်း မမှီလိုက်နေရသည်။
“ဒါတွေ ခင်ဗျား စိတ်ထဲ မှာ မရှိပဲ ပြောနေတာ မဟုတ်လား အယ်ဖရက်၊ ခင်ဗျားလည်း သဘောကျနေပါတယ်လေ၊ အဲ့တာကြောင့်လည်း ခင်ဗျားကို ဆွဲဆောင် သိမ်းသွင်းလို့ ရခဲ့တာပေါ့၊ ခင်ဗျားက အဲ့လို လှည့်စားရတာတွေ၊ ကြိုးကိုင်ချယ်လှယ်ရတာတွေ သဘောကျတယ် မဟုတ်လား၊ အခု ခင်ဗျား တက္ကသိုလ်က ခင်ဗျားကို ပြန်ခေါ်နေပြီ၊ ခင်ဗျား ပြန်သွားချင်လား မသွားချင်ဘူးလား ဆိုတာ ဝေခွဲမရ ဖြစ်နေတယ်၊ အဲ့တာကလည်း ခင်ဗျား စိတ်ထဲမှာ ယုံကြည်ခဲ့တဲ့ အရာအားလုံးဟာ လိမ်လည်မှု တွေပဲလို့ သဘောပေါက်လာတယ်၊ ကျွန်တော်တို့ လောက၊ ဒီလောက ကြီးသာ အစစ်အမှန် ဖြစ်တယ်လို့ သိလာတာကြောင့်ပဲ”
“ခင်ဗျား တို့ လောက ကို အစစ်အမှန်လို့ မပြောနဲ့၊ ခင်ဗျားဟာ ဘာလဲ ဆိုတာ ကျွန်တော် မသေချာတော့ဖူး။ ဒါပေမယ့် ခင်ဗျား ဟာ အစစ်အမှန် မဟုတ်တာတော့ သေချာတယ်”
“ခင်ဗျား အခုနေတော့ အဲ့လို ပြောနိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျား လုပ်ခဲ့ရတာတွေကို ခင်ဗျား အတော်ကြီးကို လွမ်းနေတယ် ဆိုတာတော့ ကျွန်တော် သိတယ်၊ ကျွန်တော်တို့ လုပ်တဲ့ အလုပ်က ဘာနဲ့ တူလဲ ဆိုတော့ မယားငယ် ထားရသလိုပဲဗျ၊ တခါတခါကျရင် ခင်ဗျား သူ့ကို အတော်ကြီးကို မနှစ်မြို့ ပဲ ဖြစ်နေပြန်ရော၊ သူ နဲ့ အတူ ရှိနေတဲ့ အချိန်မှာ ဒီလိုမျိုး လုပ်ရသလား ဆိုပြီး ခင်ဗျားကိုယ် ခင်ဗျား သဘောမကျ ဖြစ်နေတယ်၊ သာယာခဲ့တဲ့ အချိန်ကလည်း တဒင်္ဂပဲ၊ ဒါပေမယ့် ခင်ဗျား သူ့ကို ထားသွားတော့မယ်လို့ ကြိုးစားတဲ့ အချိန်မှာ တစုံတခု က ခင်ဗျားကို ပြန်ဆွဲခေါ်နေပြန်ရော”
“ခင်ဗျား နှိုင်းပြတာကတော့ ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ဆာ ဘက်ဆယ်”
“ကဲ..အဲ့တာပဲ ကြည့်၊ ခင်ဗျား ကိုယ် ခင်ဗျား မြင့်မြတ်တယ်၊ ကျွန်တော်တို့ အားလုံးထက် သာတယ် လို့ အယောင်ဆောင်နေတာပဲ။ ခင်ဗျား အနေနဲ့ အခုလောက်ဆို သင်ခန်းစာ ရလောက်ပြီ လို့ ကျွန်တော်ထင်တယ်၊ ခင်ဗျား အနေနဲ့ ကျွန်တော်တို့ လူမျိုးတွေ ရှိဖို့ လိုအပ်နေတယ်၊ တိုင်းပြည်ကလည်း ကျွန်တော်တို့ကို လိုအပ်နေတယ်”
ပြောရင်းက အိမ်ဝင်းထဲသို့ ဝင်လာခဲ့ကြသည်၊ ခင်းထားသော လမ်းပေါ်က ကျောက်စရစ်ခဲများ နှင့် ခြေထောက် ဖိကြိတ်သံကို ကြားလာရသည်။ ဗီကာရီသည် သူ့အား ချတ်ဝဲလ်သို့ ဆင့်ခေါ်ပြီး MI-5 တွင် အလုပ်ပေးခဲ့သည် ညနေခင်း ကို သတိရမိသွားသည်၊ တမနက်တွင် မြေအောက် စစ်ရုံးချုပ်ထဲသို့ သူ့အား ချာချီခေါ်ပြီး ပြောခဲ့သည့် စကားများကိုလည်း အမှတ်ရလာပြန်သည်။ “ခင်ဗျားမှာ ရှိတဲ့ အကျင့် သီလ တွေ ဘာပဲရှိနေနေ ဘေးချိတ်ထားမှ ဖြစ်မယ်၊ ခင်ဗျားမှာ ရှိတဲ့ လူသားတယောက် အနေနဲ့ ရှိသင့်တဲ့ အကြင်နာ တရားတွေကိုလည်း ဘေးထုတ်ထား။ စစ်ပွဲမှာ အနိုင်ရဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့ပဲ ခေါင်းထဲ ထည့်ထားပါ”
အင်း..အဲ့အချိန်တုံးက လိမ်နေတာတောင်မှ အနည်းဆုံးတော့ ငါ့ကို ရိုးရိုးသားသား ဆက်ဆံတဲ့ လူတယောက် ရှိသေးတာပဲ။
ဘုသီ၏ ဟမ်းဘား ကားနားတွင် သူတို့ ရပ်လိုက်ကြသည်။
“ခင်ဗျားကို တခုခု သောက်ဖို့ အထဲကို မဖိတ်ခေါ်တာတော့ နားလည် ပေးစေချင်တယ်၊ ကျွန်တော့် လက်မှာ စွန်းထင်းနေတဲ့ သွေးတွေကို ဆေးချင်နေလို့ပဲ”
“အသုံးအနှုံးကိုတော့ ကြိုက်သွားပြီဗျာ” ဟု ပြောရင်း ဘုသီက သူ၏ လက်ဝါးကြီးများကို ဗီကာရီ မြင်အောင် ထောင်ပြလိုက်သည်၊ “ကျွန်တော်ရဲ့ လက်မှာလည်း သွေးတွေ စွန်းနေတာပဲလေ၊ ဒါပေမယ့် ကျွန်တော်လည်း မမြင်ရဘူး၊ အခြား ဘယ်သူမှလည်း မမြင်ရဘူး၊ အဲ့တာက လျို့ဝှက် စွန်းပေနေမှု မျိုးပဲ”
ကား စက်နှိုးသံနှင့် အတူ ဘုသီက ကားထဲ ဝင်ထိုင်လိုက်သည်။
“ဘရွန်း ဆိုတာ ဘယ်သူလဲဗျ” ဟု ဗီကာရီက နောက်ဆုံး အနေနှင့် မေးလိုက်သည်။
ဘုသီ မျက်နှာ ကွက်ကနဲ ပျက်သွားပုံက တိမ်ဆိုင် တိမ်လိပ်များ သူ့မျက်နှာပေါ် ဖြတ်သန်းသွားသလို မျိုးပင်။
“ဘရွန်း ဆိုတာ ဘရင်ဒန် အီဗန်ပဲ၊ ကမ်းဘရစ်ချ် က ခင်ဗျား မိတ်ဆွေဟောင်းကြီးလေ၊ ပထမ စစ်ကြီး ဖြစ်တုံးက ထောက်လှန်းရေး တပ်ဆွယ်ထဲ ဝင်ခွင့်ရအောင် ခင်ဗျား အကြံအဖန် လုပ်ခဲ့တာတွေကို သူက ပြောပြတယ်၊ ပြင်သစ်မှာ ခင်ဗျား ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာလည်း ပြောတယ်၊ ဒီတော့ ခင်ဗျားကို ဘယ်လို အရာတွေက လှုံ့ဆော် မောင်းနှင်နေတယ်ဆိုတာာ ကျွန်တော်တို့ သိလာရတာပဲ၊ နောက်ဆုံးတော့ ခင်ဗျားကို ကျွန်တော်တို့ ကိုင်တွယ်စေစား လို့ ရလာနေခဲ့တာပဲ”
ဗီကာရီ ၏ ခေါင်းသည် တစစ်စစ်နှင့် ကိုက်ခဲစ ပြုလာနေသည်။
“နေဦးဗျာ..တခု မေးစရာ ရှိသေးတယ်”
“ခင်ဗျား သိချင်တာက ဟယ်လင်ရော ဒီအထဲမှာ ပါလား၊ ဒါမှ မဟုတ် ခင်ဗျား ဆီ ပြန်ဆက်သွယ်လာတာ သူ့သဘော နဲ့ သူလား ဆိုတာ မဟုတ်လား”
ဗီကာရီမှ ဘာစကားမှ ပြန်မပြောပဲ တိတ်ဆိတ်စွာ ရပ်နေရင်း ဘုသီ၏ အဖြေကို စောင့်နေမိသည်။
“ခင်ဗျား ကိုယ်တိုင် သူ့ကို သွားတွေ့ပြီး မေးလေဗျာ” ဟု ပြောရင်း ဘုသီ၏ ကားသည် မောင်းထွက်သွားတော့သည်။
************************