ပူတင် နျုလက်နက် သုံးနိုင်ခြေ ရှိမရှိ

by Hla Soewai - Apr 30 2022

ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့ရမှု ကြောင့် ကမ္ဘာအလယ်တွင် အကြီးအကျယ် အရှက်ရခဲ့ရသည့် ရုရှား၏ သိက္ခာကို အဖတ်ဆယ်ရန် နှင့် ယခင်ကကဲ့သို့ အင်အားကြီး နိုင်ငံ ဖြစ်နေဆဲ ‌ဆိုသည်ကို ကမ္ဘာအား ပြသနိုင်ရန် ဗလာဒီမာ ပူတင် အတွက် အားကိုးစရာ ဟူ၍ ခေတ်သစ် ရုရှား တပ်မတော်ကြီးသာ လျှင် ရှိခဲ့သည်။

 

သိုသော်လည်း ယူကရိန်း စစ်ပွဲတွင် ထင်သလို ဖြစ်မလာပဲ အကျအဆုံးများစွာ ဖြစ်လာခဲ့ရခြင်းကြောင့်  ရုရှား စစ်တပ်၏ သုံးစားမရသည့် အဖြစ်က ဗူးပေါ်သလို ပေါ်သွားခဲ့ရပေသည်။ ယခင်က ပူတင်၏ ဓါးကြိမ်း ကြိမ်းခံနေရ၍ စိုးရိမ်ထိတ်လန့်နေသည့် နိုင်ငံများလည်း ယခုမှပင် သက်ပြင်းချနိုင်ခဲ့ကြရပေတော့သည်။ သို့သော် ပူတင် အတွက် အနိုင်ယူနိုင်ဖို့ နျုကလီယား လက်နက်များ က ကျန်ရှိနေပေသေးသည်။

 

ယခုအချိန်အထိ တော့ ယူကရိန်းကို ကျုးကျော်ခဲ့မှုသည် ရုရှားစစ်တပ် အဖို့ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ရသည့် အဖြစ်များနှင့် ရင်ဆိုင်နေရသည်။ ဗြိတိန် အစိုးရ၏ ခန့်မှန်းချက်များအရ နှစ်လ အတွင်းမှာပင် ရုရှားဖက်မှ ၁၅,၀၀၀ ခန့် ကျဆုံးသွားခဲ့ရသည်ဟု သိရသည်။ သံချပ်ကာယာဉ် အစီးပေါင်း ၁,၆၀၀ ခန့် ဖျက်ဆီးခံခဲ့ရပြီး လေယာဉ် ဒါဇင်ပေါင်းများစွာ အပါအဝင် ပင်လယ်နက် ရေတပ် အုပ်စု ၏ ပဲ့ကိုင် ဖြစ်သော ဘော်လုံးကွင်း နှစ်ကွင်းစာမျှ ရှည်လျားသည့် မော့စ်ဗာ စစ်သင်္ဘောကြီးလည်း ရေအောက် စုန်းစုန်းမြုပ်သွားခဲ့ရသည်။ ယူကရိန်း မြို့တော် ကိယက်အား တိုက်ခိုက်ခဲ့မှုသည်လည်း အလဲလဲ အပြိုပြို ဖြစ်သွားခဲ့ရပြန်သည်။

 

ယခုအခါ ယူကရိန်း အရှေ့ခြမ်း နှင့် တောင်ခြမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးများသည် စစ်ပွဲကြီး၏ လားရာကို အဆုံးအဖြတ် ပေးလာတော့မည်သာ မက ရုရှား စစ်တပ်ကြီးလည်း ကျဆင်းသွားရသော ဂုဏ်သိက္ခာ၊ ၎င်းတို့ ပေါက်ဖွားလာခဲ့သည့် လူ့အဖွဲ့အစည်းကြီး၏ ဂုဏ်သိက္ခာတို့ကို မည်မျှ အထိ ပြန်၍ အဖတ်ဆယ်နိုင်မည်လား ဆိုသည်က ရက်သတ္တပတ် အနည်းငယ် အတွင်း အဖြေပေါ်လာတော့မည် ဖြစ်သည်။

 

"စစ်တပ်သည် လူ့အဖွဲ့အစည်းတခု၏ မိတ္တူ ပွား တခုသာ ဖြစ်၍ အပူချိန် မြင့်တက်လာသည့်အခါတွင်တော့ အဆိုပါ လူ့အဖွဲ့အစည်း ၏ ရောဂါ ဝေဒနာများ ထကြွလာမှုကို စုပြုံခံလာရတတ်စမြဲ ဖြစ်သည်" ဟု မက်စ်ဝါဒီ တော်လှန်ရေး သမားကြီး လီယွန် ထရော်စကီးက တခါက မိန့်ဆိုခဲ့ဖူးပေသည်။

 

ရုရှား၏ ကာကွယ်ရေး အသုံးစရိတ်သည် ဒေါ်လာ ၂၅၀ ဘီလီယံ နှင့် ညီမျှသော ပမာဏ ရှိနေပြီး ပြင်သစ် နှင့် ဗြိတိန် နှစ်နိုင်ငံ ပေါင်း၏ သုံးဆခန့်ပင် ရှိနေသည်။ သို့သော် အများစုသည် မလိုအပ်ပဲ ဖြုန်းတီးမှု၊ ခြစားမှု၊ ခိုးယူမှု များကြောင့် အလဟသ ဖြစ်ခဲ့ရသည်။

 

ယူကရိန်း ဝင်ရောက်တိုက်ခိုက်မည့် စစ်ရေး စီမံချက်အား မစ္စတာ ပူတင် သည် သူ၏ ထိတ်တန်း တပ်မှုးကြီး လက်တ‌ဆုပ်စာ ခန့်သာ ကြိုတင်အသိပေးပြီး လျို့ဝှက်ထားသဖြင့် အချင်းချင်းအကြား ယုံကြည်မှု မရှိသည် ကို ထင်ဟပ်ပေါ်လွင်ခဲ့ရသည်။ စစ်ရေး စီမံချက်များ အပေါ် မကျေမနပ် ဖြစ်လာသူများ၊ ရက်လွန် ရာရှင်များ နှင့်သာ တင်းတိမ်ခဲ့ရသူများသည် ၎င်းတို့ လက်ဝယ်ရှိ စက်ယန္တရားများကို စွန့်ခွာကုန်ကြသည်၊ အပြစ်မဲ့ အရပ်သားများကို နှိပ်စက် သတ်ဖြတ်၊ မုဒိမ်းကျင့်သည့် တပ်ဖွဲ့များကိုသာ ကရင်မလင် က ရွေးထုတ်ဂုဏ်ပြုလာခဲ့သည်။

 

ရုရှားသည် ဝေဟင်ကိုလည်း စိုးမိုးထားနိုင်ခဲ့ခြင်းမရှိသည့်အပြင် လေကြောင်း အင်အားကိုလည်း မြေပြင်ရှိ တင်ကားများ၊ လက်နက်ကြီးများ၊ ကြည်းတပ်ဖွဲ့ တပ်ရင်းများနှင့်ပါ ဟန်ချက်ညီညီ တွဲစပ် အသုံးပြုနိုင်စွမ်း မရှိခဲ့ပြန်ပေ။ စစ်မြေပြင်ရှိ ဗိုလ်ချုပ်ကြီးများသည်လည်း မည်သို့မည်ပုံ လာဘ် စားရမည်ဆိုသည်ကိုသာ အမြဲ ကြံဆနေသူများဖြစ်ပြီး၊ စစ်ဆင်ရေး တခု ကို မည်သို့အောင်မြင်အောင် ကြံဆရမည်ကို သိရှိခဲ့သူများ မဟုတ်သည့်အပြင်၊ နောက်ဆုံးပေါ် စစ်ဗျုဟာများကိုလည်း လေ့လာရန် နှင့် အတိတ်က အမှားများကိုလည်း သင်ခန်းစာ ယူရကောင်းမှန်း သိသူများ မဟုတ်ကြပြန်ပေ။ ၎င်းတို့အတွက် အထက်လူကြီး သဘောကျ ဖြစ်မည့် မြို့ရွာများကို လက်နက်ကြီးများနှင့် တိုက်ခိုက် မီးရှို့၊ လူထုကို အကြမ်းဖက် နည်းများကိုသာ လွယ်လင့်တကူ ကျင့်သုံးလာကြတော့သည်။

 

လက်နက်အင်အားချင်း မယှဉ်နိုင်သော်လည်း စိတ်ဓါတ်အင်အား အရ လွန်စွာ သာလွန်နေသော ယူကရိန်း  တပ်များ ကလည်း ၎င်းတို့အား ကြီးမားသော အနှောက်အယှက်များ ပေးလာကြသည်။ ယူကရိန်း ဗိုလ်ချုပ်များသည် စစ်မြေပြင်တွင် ဖြစ်ပေါ်လာနေသော အခြေအနေများ အပေါ် လတ်တလော ဆုံးဖြတ်ရမည့်အရေး ကြုံလာပါက လက်တွေ့ တိုက်ခိုက်နေရသော တပ်မှုးများကိုသာ နောက်ဆုံးရ ထောက်လှန်းရေး သတင်းများ ပေးပို့ပြီး ဆုံးဖြတ်စေခဲ့သည့်နည်းကို ကျင့်သုံးခဲ့ကြသည်။

 

ယခုအခါ ရုရှားတို့ အာရုံပြောင်းလာသည့် ဒွန်ဘတ်စ် ဒေသ တိုက်ပွဲများ အတွက် စစ်ဦးစီးမှုး တဦးတည်း၏ စီမံခန့်ခွဲမှု အောက် တွင်သာ ထားရှိခဲ့သဖြင့် အကျိုးရှိလာခဲ့သည်၊ ယင်းသည်ကလည်း ရုရှားတို့ အဆမတန် သာလွန် အင်အား သုံးပြီး တိုက်ခိုက်လာသောကြောင့် သာ ဖြစ်သည်။ ခေတ်မှီ တပ်မတော်ကြီးဟု ကြွေးကြော်ထားသည့် ရုရှားစစ်တပ်ကြီး၏ တင့်ကားများ ယူကရိန်း စစ်မြေပြင်တွင် သံချေး အလိမ်းလိမ်း ဖြင့် သွားလာနေကြသည်ကို မြင်ရသည်နှင့် သဘောပေါက်‌ နေကြပြီ ဖြစ်သည်။

 

စစ်အင်အား တခုတည်းသာ အားကိုးပြီး ကမ္ဘာအလယ် တွင် လူတွင်ကျယ် လုပ်နိုင်ရန် ကြံစည်ခဲ့သော ပူတင်အတွက်ကတော့ အကြီးအကျယ် ထိခိုက်လာရပြီ ဖြစ်သည်။ သူ့အား ဝေဖန်နေသူများ အသံတိတ်သွားစေရန် နင်လားငါလား အကြီးအကျယ် ဝါဒ ဖြန့်ထားခဲ့သူ ဖြစ်သဖြင့် ယခုအခါ မျက်နှာပျက်စရာ ဖြစ်လာပြီး ပြည်တွင်းတွင် သူ၏ အနေအထားအပေါ် ခြိမ်းချောက်ခံလာရပြီ ဖြစ်သည်။ 

 

ရုရှားသည် ပထဝီ အနေအထား အရ ကျယ်ဝန်းလှသော နိုင်ငံ ကြီး ဖြစ်သော်လည်း နိုင်ငံ ၏ အုပ်ချုပ်ရေး ယန္တရား အရမူ ‌ဆူပါပါဝါ ဖြစ်ရန် မျှော်မှန်း‌နေသည့် အလယ်အလတ် အဆင့်တွင်သာ ရှိနေပေသေးသည်။ လူဦးရေ ပမာဏ အရလည်း ဘင်္ဂလားဒေ့ရှ် နှင့် မက္ကဆီကို အကြားတွင်သာ ရှိပေသည်။ စီးပွားရေး ဖက်တွင်လည်း ဘရာဇီး နှင့် တောင်ကိုရီယား အကြား အဆင့်တွင်သာ ရှိပေသည်။ ပြည်ပသို့ တင်ပို့သည့် ပမဏ သည်လည်း တိုင်ဝမ် နှင့် ဆွစ်ဇာလန် အကြားတွင်သာ ရှိနေသည်။

 

ရုရှားသည် ယခုအခါ အိန္ဒိယ နှင့် တောင်အာဖရိက ကဲ့သို့ ဘက်မလိုက် နိုင်ငံ အချို့၏ ဂရုဏာ သက်ခြင်း ခံခဲ့ရသော်လည်း ၎င်း၏ လက်ရှိ soft power ခေါ် အပျော့ဆွဲ ဖြင့် နိုင်ငံများ အပေါ် သိမ်းသွင်းနိုင်စွမ်းသည် ယူကရိန်းတွင် ကျုးလွန်ခဲ့သော ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်များနှင့် စစ်ရေး တွင် အရေးနိမ့်ခဲ့မှုများ ပေါင်းစပ်ပြီး မှေးမှိန် သွားခဲ့ရပြီ ဖြစ်သည်။

 

ပူတင်သည် အမေရိကန်မှ ၎င်းတို့အား အထင်အမြင်သေးပြီး ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လာမည့် အရေးကို ဟန့်တားနိုင်ရန် ကမ္ဘာ ထိတ်တန်း အဆင့်ဝင် စစ်အင်အား ရှိသည်ကို အမြဲလို ထုတ်ဖေါ်ပြသလေ့ရှိသူ ဖြစ်သည်။ ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ဂျော်ဂျီယာ ကို တကြိမ်၊ ယူကရိန်းကို နှစ်ကြိမ် ကျုးကျော်ခဲ့ပြီး ဆီရီယား ပြည်တွင်းစစ်တွင် ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

 

ထို့အပြင် လစ်ဗျား၊ ဗဟို အာဖရိ သမ္မတ နိုင်ငံ၊ ဆူဒန် နှင့် ယခု ယူကရိန်းသို့ လည်း ကြေးစားများဟု ဆိုကာ စေလွတ်ထားခဲ့ပြန်သည်။

 

ပူတင်သည် တရုတ်ကဲ့သို့ စီးပွားရေး၊ သံတမန်ရေးတွင် အောင်မြင်မှု များဖြင့် ထိတ်ဆုံးသို့ ရောက်လာ‌အောင် မစွမ်းဆောင်နိုင် ဖြစ်နေပြန်သဖြင့် ရုရှားသည် တင်းပြည့်ကျပ်ပြေ့ နိုင်ငံ ဖြစ်မလာသေးဟူသော သိမ်ငယ်မှုများနှင့် ဗိုလ်ကျ အနိုင်ယူ လိုသည့် စိတ်သာ လွှမ်းမိုးလာခဲ့သည်။

 

ယူကရိန်းတွင် ရုရှား စစ်တပ်သည် အရှက်တကွဲ ဖြစ်သွားခဲ့ရသဖြင့် ဆူပါပါဝါ အဆင့် ဟု ပူတင်၏ ကြွေးကြော်နေမှုသည် အားပျော့သွားခဲ့ရ ပေတော့သည်။

 

ယူကရိန်း စစ်ပွဲသည် ရေရှည်ကောင်း ရေရှည်သွားနိုင်သော်လည်း ရုရှားအဖို့ အခြားနေရာများကို မည်သို့မျှ ယူကရိန်းကို လုပ်သလို စစ်ဆင်ရေးကြီးမျိုး ဆင်နွှဲ နိုင်တော့မည် မဟုတ်သည်က သေချာသွားခဲ့ရပြီ ဖြစ်သည်။ လက်ရှိ သိုလှောင်စုဆောင်းထားသမျှ လက်နက်ခဲယမ်းများ၊ ယန္တရားများ နှင့် လူအင်အားကိုလည်း အကုန်နီးပါး ထုတ်သုံးနေရသည်။

 

ယူကရိန်းကဲ့သို့ အမှားမျိုး ထပ်မဖြစ်ရန် ရုရှား တပ်များအား ပြုပြင်ပြောင်းလဲရေးများ ဖေါ်‌ဆောင်လာဖွယ် ရှိသော်လည်းအချိန်များစွာ ယူရဦးမည် ဖြစ်သည်။ ပူတင် အာဏာ မြဲ‌ နေသမျှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ဆက်ရှိနေဦးမည်သာ ဖြစ်၍ လိုအပ်သည်ထက်ပင် ပို၍ အချိန်ကြာညောင်းနိုင်ပေသည်။

 

ရုရှား ဒုံးကျည်များသည်လည်း အနောက်နိုင်ငံလုပ် အစိတ်အပိုင်းများ နှင့် ပြည့်နှက်လျက် ရှိသည်။ အရည်အချင်း ရှိသည့် တတ်သိ ပညာရှင်များလည်း ပြည်ပသို့ တဖွဲဖွဲ ထွက်ခွာမည့် အလားအလာများကြောင့် ရုရှား စီးပွားရေးသည် ထိခိုက်လာဦးမည် ဖြစ်သည်။

 

ရုရှားသည် စစ်အင်အားဖြင့် မခြိမ်းချောက် နိုင်တော့ သည်နှင့်အမျှ ကမ္ဘာကြီး ငြိမ်းချမ်းလာဖို့သာ ရှိနေ၍ ကြိုဆိုရမည်သာ ဖြစ်သည်။ သို့သော်လည်း စိတ်အေးလက်အေးတော့ နေလို့မရသေး။

 

ပူတင်သည် အန္တရာယ်နှင့် နပမ်းလုံးလိုစိတ် ရှိသူ ဖြစ်နေ၍ ၎င်း၏ အင်အား ယုတ်လျော့လာနေသည့် အဖြစ်ကို ထေမိရန် ပို၍ပင် အစဉ်းစား အဆင်ခြင်မဲ့စွာ လုပ်လာနိုင်ပေသည်။

 

စစ်ရေးအရ အသာစီးမရက ရက်စက်ကြမ်းကြုပ်စွာ ပြုမူ လာသည်များကို ယူကရိန်းတွင် တွေ့လာနေရသည်။ ပို၍ အားနည်းလာသော ရုရှားစစ်တပ်သည် ပို၍ပင် ရက်စက်စွာ ပြုမူ လာကြဖို့သာရှိသည်။ ကမ္ဘာတဝှမ်းရှိ ရုရှားကျုးကျော်မှုကို ခံရဖွယ်ရှိသည့် နိုင်ငံများ အဖို့ ထိုသို့သော အနေအထားများနှင့် ရင်ဆိုင်ရဖို့ ရှိနေပေသည်။

 

ထိုသို့ အားနည်းလာသည်ကို ရှင်းလင်းစွာ သိမြင်လာသည်နှင့် အမျှ ရုရှားသည် နောက်ဆုံးလက်နက် ဖြစ်သည့် ဓါတု၊ ဇီဝ နှင့် နျုကလီယား လက်နက်များ ထုတ်သုံးလာပြီး ၎င်းတို့သည် အငြင်းပွားစရာ မလိုသည် ဆူပါပါဝါ နိုင်ငံကြီး ဖြစ်နေဆဲဆိုသည်ကို ထုတ်ပြလာသည့်အထိ ဖြစ်လာနိုင်သည်။ 

 

ယူကရိန်း စစ်ပွဲ အစပိုင်းမှာပင် ပူတင်နှင့် သူ၏ အစိုးရသည် လူအများအပြား အစုလိုက် အပြုံလိုက် သေစေနိုင်သည့် လက်နက်များ တပြပြ နှင့် လုပ်လာခဲ့ကြပြီးလည်း ဖြစ်သည်။ သို့သော် ပူတင်သည် ဆင်ခြင်တုံတရား ရှိသူ ဖြစ်ပြီး သူ၏ အစိုးရ အဖွဲ့ ပြိုကွဲ ပျက်စီးသွားသည်အထိ ကျုးလွန်မည်သူ့ မဟုတ်၍ ထိုကဲ့သို့ လက်နက်များ ထုတ်သုံးလာနိုင်သည့် အခွင်အလန်းက နည်းပါးနေဆဲပင် ဖြစ်သည်။ သို့သော် ရုရှားတပ်များသည် သမာရိုးကျစစ်ပွဲကို အနိုင်ရနိုင်ဖွယ် မရှိက ထိုကဲ့သို့ လက်နက်များ ထုတ်သုံးရန် ပူတင်အား ဆွဲဆောင်လာနိုင်စရာ ရှိနေသည်။

 

နိုင်ငံတကာ ရှိ လေ့လာစောင့်ကြည့်နေသူများ အနေဖြင့် ယူကရိန်းတွင် ရုရှားတပ်များ ဖရိုဖရဲ ဖြစ်လာ‌နေခြင်းသည် ပူတင်၏ စစ်ဗိုလ်ချုပ်များ နှင့် စစ်ရေး စီမံချက်များ ရေးဆွဲသူများ၏ အမှားကြောင့် သာ ဖြစ်သည်ကို ပူတင်က သဘောပေါက်လာပြီး နောက်ထပ် ထင်ရာထပ်ဆိုင်းလာမည် အလားအလာကို နားလည်ထားရမည် ဖြစ်သည်။ ဒွန်ဘတ်စ်တွင် လက်ရှိ ရှေ့မတိုးနောက်မဆုပ် ဖြစ်နေမှုသည် နောက်ပွဲအတွက် ပြင်ဆင်လို၍ ဟု ယူဆနိုင်ပြီး ယခု ထက် ပို၍ပင် ခြိမ်းချောက်လာနိုင်စရာ ရှိနေသည်။

 

ထိုပွဲတွင် ပူတင်သည် အရေးနိမ့်သွားခဲ့သည် ဆိုလျှင်ပင် ဆက်၍ အန္တရာယ်ရှိနေနိုင်သည့် လူစားမျိုး ဖြစ်သည်။ နေတိုး အနေဖြင့် ရုရှား ကျုးကျော်မှု ကိုဟန့်တားနိူင်ရန် ပြင်ဆင်ထားသည့် ကာကွယ်ရေး ပိုင်းအား အဆင့်မြှင့်တင်ထားဖို့ လိုနေပြီ ဖြစ်သည်။ 

 

ရုရှားသည် ပထမပိုင်းတွင် ဘော်လတစ် နိုင်ငံများကို ဖဲ့ယူရန် ကြိုးစားလာနိုင်ပြီး အောင်မြင်သွားပါက နေတိုး နှင့် ထိတ်တိုက် တွေ့လာမည့် စစ်ပွဲကြီး အသွင် ကူးပြောင်းသွားသည်နှင့် အမျှ ရုရှားတို့ နောက်ဆုံးတွင် အရေးနိမ့်သွားမည် သာ ဖြစ်သည်ဟူသော အယူအဆကို ကိုင်စွဲထားကြဆဲ ဖြစ်သည်။

 

သို့သော် ခုခံ နိုင်ဖို့ ပြင်ဆင်ရာတွင်ပင် အတွက်အချက်မှားမှုများ နှင့် စစ်ပွဲ အရှိန် မြင့်တက်လာနိုင်မှု များ ရှိနေပြန်သည်၊ အရှိန်မြင့်လာနိုင်သည် ဆိုခြင်းမှာ ရုရှား၏ သမာရိုးကျ တပ်များ အားပျော့လာနေသည်နှင့်အမျှ မဲမဲမြင်ရာ အရပ်သားများကို သတ်ဖြတ်လာနိုင်ခြင်း ပင် ဖြစ်သည်။ 

 

ထို့အတွက် ရုရှားတို့ စစ်ပွဲအစကတည်းက အရေးနိမ့်သွားစေရန် ရှေ့တန်း တွင် အင်အားကြီးမားစွာ ကြိုပြီး ဖြန့်ကျက်ချထားဖို့ လိုနေသည်။

 

ပူတင် နှင့် သူ၏ ပုပ်သိုးဆွေးမြေ့နေသော စစ်တပ်၏ ရန်မှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းသည်ကတော့ လုံးဝ စ မလာအောင် ဟန့်တားနိုင်ရေးပင် ဖြစ်သည်။

 

(၂၀၂၂ ဩဂုတ်လ ၂၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော်ဖြစ်သော "How rotten is Russia's army" အား ကိုးကားသည်)