သိမ်ငယ်စိတ်

by Hla Soewai - Apr 29 2022

၁၈ ရာစုနှစ် အတွင်းက ထင်ရှားခဲ့သည့် အင်္ဂလိပ် တွေးခေါ်ပညာရှင် နှင့် စာရေးဆရာမကြီး ဖြစ်သည့် မေရီ ဝိုးစတုန်းကရက်ဖ် က ၎င်းတို့ အချင်းချင်း အကြား သိမ်ငယ်စိတ် ရှိသူ အမျိုးသားသည် ၎င်း၏ ကြီးမြတ်မှု ကို ပြသနိုင်ရန် အမျိုးသမီးများအား ပစ်မှတ်ထားလေ့ရှိသည် ဟူ၍ ပြောဆိုခဲ့ဖူးသည်။

 

Inferiority Complex ခေါ် သိမ်ငယ်စိတ် ဆိုသည်က ငယ်စဉ်ကတည်းက မိမိသည် အခြားသူများနှင့် ယှဉ်လျှင် ခန္ဓာကိုယ်ပိုင်းရော၊ ညဏ်ရည်ညဏ်သွေး ပိုင်းတွင်ပါ တန်းတူရည်တူ မရှိခဲ့ဟု ဆိုသော အသိစိတ်တွင် ဖြစ်ပေါ်နေသော ပြင်းထန်သည့် စိတ်ခံစားမှု ကို ဆိုလိုခြင်း ဖြစ်သည်၊ ထိုသို့ ငယ်စဉ်ကတည်းက အကြောင်းအမျိုးမျိုး နှင့် ခိုအောင်းခဲ့သော စိတ်ခံစားမှု မျိုးသည် မည်သည့် အခြေအနေ ရောက်စေကာမူ ပျောက်ပျက်ခဲလှသည်။

 

အာဏာသိမ်း ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်တွင် ထိုသို့သော စိတ်ခံစားမှုမျိုး ကာလကြာမြင့်စွာ ကတည်းက ရှိနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းအား ဗိုလ်သန်းရွှေမှ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ရွေးချယ်ခဲ့သည့် ၂၀၁၁ ခုနှစ် မတိုင်မီ အင်ယားလမ်းတွင် အိမ်တလုံးမျှ ပိုင်ဆိုင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ စစ်ထောက်လှန်းရေး ဧည့်ရိပ်သာ ဖြစ်သည့် အင်းယားလမ်း ခြံ အမှတ် (၁၄) ကို ၎င်းပိုင် အဖြစ် တရားမဝင် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။

 

ထိုသို့သော လူမျိုးက နိုင်ငံတော် အတိုင်ပင်ခံအား အကျင့်ပျက် လာဘ်စားမှု ဆိုကာ အမှုပေါင်း ၁၁ မှုနှင့် မတရား စွပ်စွဲကာ ယမန်‌‌ နေ့က ၎င်းပိုင် တံခါးပိတ် တရားရုံးမှ ဖြိုးမင်းသိန်း၏ ထွက်ဆိုချက် တခုတည်းဖြင့် ပထမဆုံး အမှု အတွက် ထောင် ငါးနှစ် အကျဉ်းချခဲ့ပြန်ပြီ ဖြစ်သည်။ 

 

ဖြိုးမင်းသိန်းမှ ပေးခဲ့ရသည်ဆိုသော ငွေသား နှင့် ရွှေ ၁၁.၄ ကီလိုဂရမ် စုစုပေါင်း ဒေါ်လာ ၆ သိန်း ဆိုသည်များ ကလည်း တွေ့ရှိခဲ့ခြင်း မရှိပေ။ မည်သည့်နေ့က ပေးသည် ဟူ၍လည်း အတိအကျ မပြောနိုင်၊ ထောက်ခံ သက်သေဟူ၍ သူ့မိန်းမသာ ရှိနေသည်။

 

တရားသူကြီး ဆိုသူ ဦးမြင့်စန်းမှ တရားခွင် သို့ ရောက်လျှင် ရောက်ခြင်း မည်သို့မျှ ရှင်းလင်းချက် တစုံတရာ ပြောဆိုခြင်း မရှိပဲ အသင့် ယူဆောင်လာသော စာရွက် ကို ထုတ်ကာ ထောင် ငါးနှစ်ဟု ပြောဆိုသွားခြင်း ဖြစ်သည်။

 

‌နိုင်ငံတော် အတိုင်ပင်ခံသည် ထိုသို့ လက်လွတ်စပယ် တရားရေး စနစ်ကို အမည်ခံကာ ပြုမူသွားခြင်းကို မကျေနပ်ပဲ အယူခံဝင်ရန် ရှေ့နေများကို ညွှန်ကြားသွားခဲ့သည်ဟု သိရသည်။

 

ယင်းသည် စတုတ္ထအကြိမ် မြောက် အမှုအမျိူမျိုး နှင့် ထောင်ဒဏ်ချမှတ်နေခြင်း ဖြစ်သည်။

 

အဆိုပါ လုပ်ရပ်သည် ဥပဒေမဲ့ မတရား အနိုင်ကျင့် ခြင်းသက်သက် သာ ဖြစ်မှန်း အားလုံးက သိထားပြီး ဖြစ်၍ ၎င်းတို့ သာ မရှိမဲ့ ရှိမဲ့ သိက္ခာများ ကမ္ဘာအလယ်တွင် ကျဆင်းဖို့ ရှိနေပေသည်။ ထိုမတရားမှူကြီးအား ယနေ့ထုတ် ကမ္ဘာ အထင်ကရ သတင်းစာ မီဒီယာများတွင် စာလုံးမည်းကြီးများနှင့် ဖေါ်ပြခဲ့ကြပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်မှ မည်သို့ပင် အကျဉ်းချထားစေကာမူ မိမိတို့ ဂရုမစိုက်၊ ကြာရှည်လည်း အကျဉ်းခံနေရဖို့ ရှိမည် မဟုတ်ဟု ပယ်ချသွားသည်။

 

သို့သော် အသက် ၇၆ နှစ် ရှိနေပြီ ဖြစ်သော နိုင်ငံတော် အတိုင်ပင်ခံ ကို နေ့စဉ်လိုနီးပါး ရုံးထုတ် စစ်ဆေးကာ အနားမပေးပဲ ညှင်းဆဲနေသည့် လုပ်ရပ်က စိုးရိမ်မကင်းစရာ ဖြစ်လာနေသည်။

 

နိုင်ငံတကာ အဖွဲ့အစည်းများအား တရားမဝင် စစ်ကောင်စီ ကို အသိအမှတ် မပြုရန် တောင်းဆိုသည့် စာကို NLD မှ ပေးပို့ခဲ့သည် ဆိုကာ လှုံ့ဆော်ရန် ကြံစည် မှု နှင့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်။

 

ထိုနေ့မှာပင် ရွေးကောက်ပွဲကာလ များ အတွင်း ကိုဗစ် စည်းမျဉ်းများ ချိုးဖောက်သည်ဆိုကာ ထောင်ဒဏ် နှစ်နှစ်။

 

ဇန်နဝါရီ ၁၀ ရက်နေ့တွင် လမ်းလျောက် စကားပြောစက်များ တရားမဝင် ပိုင်ဆိုင်သည်ဟု ဆိုကာ ထောင်ဒဏ် သုံးနှစ် အသီးသီး အပြစ်ပေးခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ ၎င်းပိုင်ဖြစ်လာသည့် ခြံအမှတ် (၁၄) အင်ယားလမ်း နေအိမ် အား အမျိုးသား ညီညွတ်ရေး အစိုးရမှ ကာလပေါက်ဈေးထက် ၃၀% လျော့ကာ လေလံတင် ရောင်းချတော့မည် ဖြစ်၍ မင်းအောင်လှိုင်သည် မသင်္ကာ ဖွယ်ရာရှိသည့် ကရိုနီများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်လာနေသည်။

 

စစ်ကောင်စီ တဖွဲ့လုံး၏ အတွေးအခေါ် ဉာဏ်ရည် ညဏ်သွေး collective wisdom မည်မျှ အဆင့် ရှိကြောင်းကို ၎င်းတို့ကိုယ်စား ပြောခွင့်ရ အဖြစ် ခန့်ထားသူ ဇော်မင်းထွန်း၏ အပြောအဆိုများက အမြဲလို သက်သေခံပေးနေပေသည်။

 

ထိုသို့သော လူများ အဖို့က မည်သို့သော အတွေးများဖြင့် ညစဉ် အိပ်ယာဝင်နေကြသည်ကို တွေးရခက်စရာပင် ဖြစ်နေရသည်။

 

မင်းအောင်လှိုင်သည် ပီအာ စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြံ‌ နေသော်လည်း တပ်ကို စွန့်ပြီး သမ္မတ ရာထူး အထိ တက်လှမ်းရန်ပင် စိုးရွံ့လာနေပြီ ရှိသည်၊ ထိုအထိပင် ရောက်ပါ့မလား ‌ဆိုသည်ကလည်း မရေရာ ပြန်၊ အက်ကြောင်းများ ထလာနေသော တပ်ကို လက်ရှိ အနေအထားအတိုင်း ထားခဲ့ပြန်က အခန့်မသင့်လျင် သူပါ အာဏာသိမ်းခံရကာ ထောင်နန်း စံသွားနိုင်၍ ဖြစ်သည်။ 

 

မင်းအောင်လှိုင်၏ နေ့ရက်များ တဖြေးဖြေး ကုန်ဆုံးလာတော့မည့် လက္ခဏ အဖြစ် ကရင်ပြည်နယ် အတွင်း ၎င်းတို့ အားထားခဲ့ရသည့် DKBA အဖွဲ့မှ အင်အား သုံးရာခန့်သည် လက်နက်ခဲယမ်းများ နှင့် အတူ ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ နှင့် လာရောက် ပူးပေါင်းခဲ့ကြပြီ ဖြစ်သည်။ KNU တပ်မဟာ (၁) နှင့် အတူ ပူးတွဲပြီး အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်သွားမည်ဟု သိရသည်။

 

၎င်းတို့အဖို့ က မိမိတို့ အကာအကွယ် ပေးရန် တာဝန်ရှိနေသည့် ကရင်တိုင်းရင်းသားများကို သတ်ဖြတ်၊ ရွာများကို မီးရှို့နေသည့် လုပ်ရပ်များကို မည်သို့မျှ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့၍ အ‌ဆိုပါ ဖက်ဆစ်ရန်ကို ကရင်တမျိုးသားလုံး လက်တွဲ၍ အပြီးအပိုင် ရှင်းလင်းဖယ်ရှားနိုင်မှသာ ထာဝရ တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို လက်ခံလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့ ၏ တရားသော စစ် မုချအောင်ရမည်!!!