D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၄)

by Hla Soewai - Apr 27 2022

တဖြေးဖြေး နှင့် နွေရောက်လာချိန်တွင်တော့ သူ၏ နေ့တဒူဝ ပုံမှန် အလုပ်များနှင့် အသားကျလာနေပြီ ဖြစ်သည်။ 

 

မနက်စောစော အိပ်ယာထပြီး နေ့လည်နေ့ခင်း ရောက်ချိန်ထိ စာဖတ်သည်။ ထို့နောက် ရွာထဲသို့ သွားပြီး ခေါင်းလောင်း ရှစ်ခု ဆိုင်ရှိ မီနူးတွင် ထိုနေ့အဖို့ တွေ့လာရသည့် ဟင်းသီးဟင်းရွက်၊ အသား များ နှင့် နေ့လည်စာစားပြီး ဘီယာလေး တမြုံ့မြုံနှင့် အချိန်ဖြုန်းခဲ့သည်။ ထို့နောက် ရွာပတ်လမ်း အတိုင်း လေညှင်းခံ လမ်းလျောက်ထွက်သည်။ သူ၏ ဒူးဆစ်ရှိ ပင့်ကူအိမ်လို့ ပတ်ကြားအက် ထနေသည့် ဒဏ်ရာဟောင်း လည်း တဖြေးဖြေး အဆင်ပြေလာခဲ့သည်။

 

ဩဂုတ်လထဲ ရောက်လာချိန်တွင်တော့ နေ့လည်နေ့ခင်းတိုင်း ဆယ်မိုင်ခန့် လမ်းလျှောက်ဖြစ်ခဲ့သည်။ ဆေးလိပ်လည်း ဖြတ်လိုက်ပြီး ဆေးတံကို ပြောင်းသောက် ဖြစ်သည်။ ဆေးတံအတွက် ဆေးသားထည့်ရခြင်း၊ မီးညှိ၊ သန့်ရှင်းဆေးကြောရသည့် အလုပ်များသည် သူ၏ ဘဝသစ် တွင် အသားကျလာခဲ့သည်။

 

အရင်က အလုပ်နှင့် ပတ်သက်၍ ဘယ်နေ့က ဘာတွေ ဖြစ်ခဲ့သည် ဆိုသည်ကိုပင် ရက် အတိအကျ မမှတ်မိတော့၊ သူ၏ ရုံးခန်း ကျဉ်းကျဉ်းလေးထဲမှာ အမြဲလို ကြားနေရသော တယ်လီပရင်တာ မှ အသံများ၊ ကင်တင်းတွင် မဖြစ်မနေ စားခဲ့ရသော ညံ့ဖျင်းလှသည့် အစားအသောက်များ အစရှိသည်တို့က သူ၏ အသိစိတ်တွင် တဖြေးဖြေး ပျောက်ကွယ်လာနေပြီ ဖြစ်သည်။  ဟယ်လင်သည်ပင် သူ၏ ဦးနှောက်ထဲရှိ အလုံပိတ်ထားသော အကန့်ထဲသို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်၍ သူ့၏ အသိညဏ်အား နောက်ထပ် မည်သို့မျှ အန္တရာယ် မပေးနိုင်တော့။ 

 

ယခုအခါ အယ်လစ် ဆင်ပဆန် သည် ရုံးပိတ်ရက်များတွင် ရောက်လာတတ်ပြီး၊ ဩဂုတ်လ ပထမပတ် တပတ်လုံး သူ့အိမ်တွင် နေသွားခဲ့သည်။

 

နွေရာသီ ၏ နောက်ဆုံးတရက်တွင်တော့ သာယာသည့် ရာသီဥတု ကုန်ဆုံးခါနီးတွင် ကျေးလက်နေ လူများအကြား ဖြစ်တတ်သည့်  စိတ်အားငယ် ပြီး တမှိုင်မှိုင် တတွေတွေ ဖြစ်လာခြင်းမျိုးပင် သူ့ထံ ကူးစက်လာပြီ ဖြစ်သည်။ 

 

နေဝင်ရီတရော အချိန်က သာယာလွန်းလှသည်၊ မိုးကုပ်စက်ဝိုင်း ရှိရာဖက် တွင်လည်း ပန်းနုရောင်နှင့် လိမ္မော်ရောင်များ ယှက်သန်း‌လာနေပြီး လေထုထဲတွင်လည်း ဆောင်းဦးပေါက် အရိပ်အငွေ့များ ပါလာနေပြီ ဖြစ်သည်။ နွေရာသီ တွင် မြက်ခင်းများအကြား အလေ့ကျ ပေါက်တတ်သည့် အဖြူရောင်၊ အဝါရောင် ပန်းကလေးများလည်း အရိပ်အယောင်မျှပင် မတွေ့ရတော့။

 

ထိုသို့သော သဘာဝ အလှကို သူကျင်လည် ဖြတ်သန်းခဲ့ရသည့် နှစ်များ၏ တဝက်ကျော်ကာလ အပိုင်းအခြားလောက်ကသာ ခံစားခဲ့ရဖူးသည်ကို အမှတ်ရမိခဲ့သည်။ ဖင်းစ် ရှိ လမ်းများပေါ်တွင် ဘရင်ဒန် အီဗန်က သူ့အား မော်တော်ဆိုင်ကယ် စီးနည်း သင်ပြခဲ့စဉ်က နောက်ဆုံးအကြိမ် ထိတွေ့ ခံစားမိခဲ့ခြင်းလည်း ဖြစ်သည်။ 

 

ယခုအချိန်မျိုးက မီးလင်းဖိုအား မီးထွန်းညှိ‌ ဖို့အထိ မအေးလှသေးသော်လည်း သူရောက်နေရာ တောင်ကုန်းထိပ်မှ ရွာထဲရှိ အိမ်များ၏ မီးခိုး ခေါင်းတိုင်များမှ မီးခိုးငွေ့များ တလူလူ ထွက်လာနေသည်ကို လှမ်းတွေ့နေရသည်။ လေထဲတွင်လည်း ထင်းတုံးများ မီးစွဲနေသည့် အနံ့များပင် ရလာခဲ့သည်။

 

ထိုအခိုက် သူ့စိတ်ထဲတွင် ဘေးရှိ တောင်စောင်းများအား ကြည့်ရင်း စစ်တုရင် ကစားခုံ တခုလို ပုံပေါ်လာခဲ့သည်၊ ထိုးစစ်ဆင်မည့် လမ်းကြောင်း၊ စစ်ပြင်ဆင်နေပုံ၊ ရန်သူအား လှည့်စားရန် ကြံစည်နေပုံတို့ကို မြင်လာသည်။ ယခင် က သူယူဆခဲ့သည်များ တခုမှ မဟုတ်တော့။

 

ဗီကာရီလည်း ချက်ခြင်းလို အိမ်ပြန်လာခဲ့ပြီး ရုံးကို ဖုန်းလှမ်းဆက်ကာ ဘုသီ နှင့် ချိတ်ပေးရန် ပြောလိုက်သည်။ ထိုအခါကျမှ အချိန်လင့်နေပြီ ဆိုသည်ကို သတိရမိသွားသည်။ ဒီနေ့ သောကြာနေ့ ဖြစ်သည်၊ သူ့အတွက်ကတော့ ဘယ်ရက်တွေ ဆိုသည်ကို ခေါင်းထဲ ထည့်ထားဖို့ မလိုတော့သည်မှာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

 

သို့သော် ကံအားလျှော်စွာပင် ဘုသီ က ရုံးတွင် ရှိနေဆဲ ဖြစ်သည်။ ဘုသီက သူ့ရုံးခန်းထဲရှိ ဖုန်းကို ကောက်ကိုင်လိုက်သည်။

 

ဗီကာရီက သူဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ပြောလိုက်သည့်အခါ သူ့အသံကို ကြားလိုက်ရ၍ အမှန်တကယ် ကျေနပ်သွားပုံရှိသည် ကို သူပြန်ပြောသော စကားထဲတွင် အတိုင်းသား ပေါ်လွင်နေသည်။ ဗီကာရီက သူနေထိုင်ကောင်းကြောင်း အသိပေးလိုက်ပြန်သည်။

 

"ကျွန်တော် 'ပါတီပွဲကြီး' စစ်ဆင်ရေး နဲ့ ပတ်သက်ပြီး ခင်ဗျားကို ပြောစရာ ရှိနေလို့"

 

သူ့စကားကြောင့် ဘုသီ ဖက်မှ အသံတိတ်သွားသည်။ သို့သော် ဘုသီဖက်က လှုပ်လှုပ်ရှားရှား ဖြစ်သွားပုံရ၍ ကုလားထိုင်နှင့် ကြမ်းပြင် တွန်းတိုက်သံများ ကြားလိုက်ရသဖြင့် ဖုန်းချ မ သွားသေးမှန်း သိလိုက်သည်။ 

 

"ခင်ဗျား ဒီကို လာလို့တော့ မရဘူး၊ ခင်ဗျားကို မလိုလားအပ်သူ အဖြစ် သဘောထားနေကြတော့ ကျွန်တော်ပဲ ခင်ဗျားဆီ လာမှ ဖြစ်မယ်"

 

"ကောင်းပြီလေ၊ ပြီးတော့ ကျွန်တော် ဘယ်မှာလဲလို့ မသိချင်ယောင်ဆောင်ပြီးတော့ မမေးနဲ့၊ ကျွန်တော်နောက် တကောက်ကောက် လိုက်ကြည့်နေတဲ့ ခင်ဗျား လူတွေကို ကျွန်တော် မြင်ထားပြီးသား"

 

"မနက်ဖန် နေ့ခင်း လာခဲ့မယ်" ဟု ပြောပြီး ဘုသီက ဖုန်းချသွားသည်။

 

ဘုသီသည် ပြောသည့် အတိုင်း ‌နောက်တနေ့ နေ့လည် ပိုင်းတွင် ဌာနမှ သူ့ကို ပေးထားသော ဟမ်ဘား ကားကြီးဖြင့် ပေါက်ချလာသည်။ ကျေးလက်ဒေသဖက် လာရ၍ သက္ကလပ်ကြမ်းစ နှင့် ချုပ်ထားသော တွိဒ် အပေါ် ကုတ်အင်္ကျီ၊ ကာဒီဂန် ဆွယ်တာ နှင့်  အောက်ခံ ရှပ်အင်္ကျီ အားလည်း လည်ပင်းတဝိုက်တွင် ဟ ထားသည်။ 

 

ဗီကာရီက ဘုသီ စီးရန် မြေအောက်ခန်းရှိ ဝဲလင်တန် ဘွတ်ဖိနပ် အရှည်ကြီး တရံ ထုတ်ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးလည်း သိုးများ ကျက်စားနေသည့်  မြက်ခင်းပြင်ကျယ်ကြီး တလျောက် မိတ်ဟောင်းဆွေဟောင်းများ အလား လမ်းလျောက် ထွက်လာခဲ့ကြသည်။ ဘုသီက တော့ ဌာနတွင် ဖြစ်နေ‌သော ထွေရာလေးပါး အတင်းအဖျင်းများကို ပြောလာသဖြင့် ဗီကာရီ သည် သူပြောနေသည်များကို အတော်ကို ဟန်လုပ်ကာ စိတ်ဝင်စားချင်ယောင် ဆောင်ပြီး နားထောင်ပေးနေရသည်။

 

တနေရာ အရောက်တွင် ဗီကာရီ သည် လမ်းလျောက်နေရာမှ ရပ်လိုက်ပြီး အဝေးတနေရာသို့ ငေးစိုက်ကြည့်နေလိုက်သည်။ "အဲ့တာ‌ တွေ တခုမှ သူ့အလိုလို ဖြစ်လာကြတာ တွေ မဟုတ်ဘူး မဟုတ်လား၊ ဂျော်ဒန်၊ ကက်သရင်း ဘလိတ် တို့ကို အစကတည်းက ခင်ဗျားတို့ ဂွင်ဆင်ခဲ့ကြတာ မဟုတ်လား"

 

ဘုသီက တချက် ပြုံးလိုက်ပြီး "ခင်ဗျား ပြောတာ အမှန်ချည်းတော့ မဟုတ်ဘူးဗျ၊ အဲ့လိုမျိူး ပဲ ဆိုပါတော့"

 

ထို့နောက် ရှေ့ကို ဆက်လျောက်သွားပြန်သည်၊ သူ၏ ရှည်လျားသော ခန္ဓာကိုယ်သည် အဝေးရှိ မိုးကုပ်စက်ဝိုင်း နောက်ခံ ပေါ်တွင် ဒေါင်လိုက်မျဉ်းဖြောင့် တကြောင်းကို တည့်မတ်စွာ ရေးဆွဲထားသလို ပေါ်လွင်နေသည်၊ ဘုသီသည် သွားနေရာမှ နောက်ပြန်လှည့်လိုက်ပြီး ခဏရပ်ကာ ဗီကာရီ အား စောင့်နေသည်။ ဗီကာရီလည်း သူလျောက်နေကျ ပုံစံ ထော့နဲ့ထော့နဲ့ မှ ဘုသီအား မှီရန် အမြန်လျောက်လာခဲ့ရသည်။ လျောက်ရင်းက သူ့အိပ်ထဲရှိ လခြမ်းပုံ စာကြည့်မျက်မှန်လေးကို လက်နှင့် စမ်းနေပြန်သည်။

 

***************

 

"ပိုးစာပင် စစ်ဆင်ရေး ရဲ့ သဘောသဘာဝ ကိုယ်နှိုက်က ကျွန်တော်တို့ကို ပြဿနာပေးလာခဲ့တာပဲဗျ" ဟု ဘုသီက မဆိုင်းမတွပဲ စကားကို စလာခဲ့သည်။ "ဒီစစ်ဆင်ရေး မှာ လူ‌ တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ပါဝင် ပတ်သက်နေတယ်၊ ခင်ဗျား သိတဲ့ အတိုင်းပဲ အများစု က သူတို့ ဘာအတွက် လုပ်နေကြရတာလဲ ဆိုတာကိုတော့ မသိကြဘူး၊ လူများနေတာကြောင့် သတင်းပေါက်ကြားမယ့် အန္တရာယ်ကလည်း အတော်ကို များနေတယ်၊ ဆောက်ရတဲ့ ပစ္စည်းတွေကလည်း ထုနဲ့ ထည်နဲ့ ဆိုတော့ အထဲမှာ လုပ်လို့ မရပဲ အပြင်ထွက် လုပ်ကြရပြန်ရော၊ ဒီလို လုပ်နေတဲ့ နေရာတွေကလည်း တနိုင်ငံလုံး အနှံ့ပဲ၊ အချို့ဆိုရင် လန်ဒန်က ဆိပ်ကမ်း တွေ မှာ ဆောက်ခဲ့ကြရတယ်"

 

"ဒီ ပရိုဂျက်က ဘာအတွက်လည်း ဆိုတာ ကျွန်တော်တို့ကို ပြောလာလာချင်းပဲ ပြဿနာ ရှိလာပြီဆိုတာ ကျွန်တော်တို့ ချက်ခြင်းပဲ ရိပ်စားမိလိုက်ကြပြီ၊ ဆောက်နေတဲ့ နေရာတွေ မှန်သမျှ ကို ဂျာမန်တွေ လေကြောင်းကနေ ကောင်းကောင်း ဓါတ်ပုံ ရိုက်ယူလို့ ရနေတယ် ဆိုတာလဲ ကျွန်တော်တို့ သိနေပြီ၊ စပိုင် ကောင်းကောင်း တ‌ယောက် လှည့်ပတ် စပ်စုလိုက်တာနဲ့တင် ကျွန်တော်တို့ ဘာကြံနေလဲဆိုတာ သိသွားနိုင်တယ်။ အဲ့လို ထိုးဖေါက်လို့ ရမရ  စမ်းသပ်ကြည့်ချင်လို့ ကျွန်တော်တို့ လူတွေထဲက တယောက်ကို ဆယ်စေး ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်၊ ကျွန်တော်တို့ လူက သူဘယ်သူဘယ်ဝါလည်းဆိုတာ စစ်လားဆေးလား မလုပ်မခံရသေးခင်မှာပဲ လုပ်ငန်းခွင်ထဲက ကန်တင်းမှာ အလုပ်သမားတွေနဲ့ လ္ဘက်ရည် သောက်ရင်း အဖွဲ့ကျနေလေရဲ့"

 

ဘုသီက ပြောရင်း သူဘာသာ သဘောကျသွားဟန်ဖြင့် ရယ်လိုက်ပြန်သည်။ ဗီကာရီက သူကို စိုက်ကြည့်နေရင်းက နားထောင်နေခဲ့သည်။ သူ့တွင် ရှူးရှူးရှားရှား နှင့် ဂဏှာမငြိမ်သည့် အသွင်များ ပျောက်ကွယ်နေပြီး တည်ငြိမ်နေပြီး ရွှင်ရွှင်ပြပြ ရှိနေပုံလည်း ရသည်။ အခြားသော အခြေအနေမျိုးတွင် သူ့ကို ဗီကာရီ သဘောကျကောင်း ကျသွားနိုင်သည်။ ထိုသို့ တွေးမိရင်းက ဘုသီကို စတွေ့ကတည်းက သူ၏ ညဏ်ရည် ညဏ်သွေး အပေါ် လျော့တွက်မိခဲ့သည့် အမှားအတွက် နောင်တရလာနေမိသည်။ စကားပြောရာတွင် ကျွန်တော်တို့က၊ ကျွန်တော်တို့ကို ဟု သုံးနှုံးသွားပုံကိုလည်း အံ့ဩနေမိသည်၊ ဘုသီသည် ကလပ် အသင်းတခု၏ အဖွဲ့ဝင် အဆင့်ရှိပြီး ဗီကာရီ အဖို့ က မှန်ပြတင်းမှ ခဏမျှသာ အထဲသို့ ချောင်းကြည့်ရန် ခွင့်ပြုခံခဲ့ရသည့် အဆင့်မျိုးသာ ဖြစ်သည်။

 

"အကြီးဆုံး ပြဿနာကတော့ဗျာ ပိုးစာပင် စစ်ဆင်ရေး ရဲ့ သဘောကိုက ကျွန်တော်တို့ရဲ့ ရည်ရွယ်နေတာ ဘာလဲဆိုတာ ထုတ်ပြပေးနေသလို ဖြစ်နေတာပဲ၊ ကျွန်တော်တို့က ဆိပ်ကမ်းအတု တခု ဆောက်နေတယ် ဆိုတာကို ဂျာမန်တွေ သိသွားတာနဲ့ ကျွန်တော်တို့က သူတို့ အခိုင်အမာ တပ်စွဲထားတဲ့ ကလေ့စ် ကို ရှောင်ပြီး နော်မန်ဒီကို ဝင်တိုက်ဖို့ ကြံနေတာကို ချက်ခြင်းလို တွက်ဆလို့ ရသွားပြီ"

 

"ပရောဂျက်ကလည်း အရမ်းကို ကြီးပြီး ဖုန်းကွယ်ဖို့ကလည်း အတော်ကို ခက်ခဲနေတော့ ကျွန်တော်တို့ ဘာကြံနေတာလဲ ဆိုတာ နောက်ဆုံးကျ ဂျာမန်တွေ တနည်းမဟုတ် တနည်း သိလာကြမှာပဲ လို့ ယူဆထားပြီးသွားပြီ၊ ဒီတော့ ကျွန်တော်တို့ဖက်က လုပ်နိုင်တာ တခုပဲ ရှိတယ်၊ အဲ့တာ ဘာလဲဆိုတော့ ပိုးစာပင်ရဲ့ လျို့ဝှက်ချက်တွေကို ကျွန်တော်တို့က စခိုးပြီး ဖြစ်လာမယ့် ပွဲကို ဝင်ထိန်း‌ ပေးဖို့ပဲ"

 

ဗီကာရီက ဘုသီကို ကြည့်လိုက်သည်။ 

 

"ကောင်းပြီ၊ အဲ့တော့ ကျွန်တော်တို့ ဘာ‌ တွေ ကြံခဲ့လည်း ဆိုတာ ခင်ဗျား ပြောပြ၊ ခင်ဗျား ဘယ်လောက်အတိုင်းအတာ အထိ တွက်ဆနိုင်ခဲ့တယ်ဆိုတာ ကျွန်တော် သိချင်တယ်"

 

"ဝေါ်လ်တာ ဟာဒီဂင်ပဲ၊ အိုင်‌ ဆေး အားလုံး သူက ပဲ စ လာတာ"

 

"ကောင်းလိုက်တာဗျာ၊ ဘယ်လို လဲဆိုတာ ဆက်ပါဦး"

 

"ဝေါ်လာ ဟာဒီဂင် ချမ်းသာ ကြွယ်ဝတဲ့ ဘဏ်လုပ်ငန်းရှင်တဦး၊ သဘောတရားရေး မှာ အတော်ကို ရှေးရိုးစွဲ ဆန်တဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး သမား၊ ဂျူးဆန့်ကျင့်ရေး စိတ်ဓါတ်လည်း နဲနဲ ရှိနေတယ်၊ သူက အမေရိကန်ရဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ တက္ကသိုလ်‌ တွေထဲက တခုမှ တက်ခွင့်ရခဲ့တဲ့သူ၊ ဝါရှင်တန် မှာ ရှိတဲ့ လူ တဝက်ကျော်ကျော်လောက်ကိုလည်း သိထားတယ်၊ ကျောင်းနေဖက် တွေ ဆိုပါစို့၊ အမေရိကန်တွေက ဒီနေရာမှာ ကျွန်တော်တို့နဲ့ သိတ်မကွာလှဘူး၊ သူက လုပ်ငန်းကိစ္စကြောင့် ဘာလင်ကို ပုံမှန် လိုလို သွားနေရတဲ့ လူမျိုး၊ သံရုံး ညစာစားပွဲ‌‌ တွေ၊ ပါတီပွဲတွေကိုလည်း တက်ရလေ့ရှိတယ်"

 

"အဲ့ဒီမှာ ဂျာမန် ထိတ်တန်း ကုမ္ပဏီ အကြီးအကဲတွေ၊ နာဇီ ပါတီ နဲ့ ဝန်ကြီးဌာနပေါင်းစုံက အရာရှိတွေနဲ့လည်း တစားပွဲတည်း ထိုင်ပြီး ညစာ အတူ စားနိုင်ခွင့်ရလာတယ်၊ ဂျာမန်စကားကိုလည်း မွှတ်နေအောင် ပြောတတ်တယ်၊ နာဇီတွေ လုပ်ကိုင်နေတဲ့ အချို့ကိစ္စတွေကိုလည်း သူ့အနေနဲ့ သဘောကျကောင်း ကျနိုင်တယ်၊ ဟစ်တလာ နဲ့ နာဇီတွေကို ဘော်ရှီဗစ်တွေ နဲ့ ဥရောပ ကို ကြားကနေ ခံပေးထားသူတွေလို့ ယုံကြည်နေတယ်၊ ဂျာမဏီကို သူ ဝင်ထွက်နေတုန်း သူ့ကို အပ်ဗဲယား နဲ့ နာဇီ ပါတီရဲ့ အက်စ်ဒီ ထောက်လှန်းရေး တွေက မျက်စိကျလာနိုင်တယ်"

 

"ဘရာဗို အယ်ဖရက်၊ တကယ်တမ်း ခင်ဗျား ပြောသလို သူ့ကို မျက်စိကျလာတဲ့သူက အပ်ဗဲယားရဲ့ အမေရိကန် စစ်ဆင်ရေး တာဝန်ခံ ပေါ မူလာ ဆိုတဲ့ လူပဲ"