လူမလာ စာမပါး

by Hla Soewai - Apr 26 2022

ဧပြီ ၂၂ ရက်နေ့က ရုပ်မြင်သံကြားမှတဆင့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် လူကိုယ်တိုင် တွေ့ဆုံလိုပါသည်ဟု မင်းအောင်လှိုငိ၏ ကမ်းလှမ်းချက်ကို တိုင်းရင်းသား အဖွဲ့အစည်း အများစုက ပယ်ချလိုက်ပြီး တက်ရောက်မည့် အဖွဲ့ မဆိုသလောက်သာ ရှိသည်ဟု သိရသည်။

 

တက်ရောက်ရန် ရှိသူများသည်လည်း ၎င်းတို့ အဖွဲ့အစည်း ရုပ်သံ နှင့် သတင်းစာများတွင် ပါလာရေး၊ မိမိတို့ အဖွဲ့သည် ဘေးရောက်နေခြင်း မဟုတ်သည်ကို ပြသလိုခြင်း အစရှိသည့် ပီအာ ကမ်ပိန်း ဆင်နွှဲလို၍သာ ဖြစ်ပေမည်။

 

အဘယ်ကြောင့်ဆိုသော ယခုလို အချိန်မျိုးကျမှ ငြိမ်းချမ်းရေး ကမ်းလှမ်းလာသည့် စစ်တပ်၏ ရည်ရွယ်ချက်ကို အားလုံးက သိရှိနေကြပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် အဖွဲ့မှ ကြံစည်လာသမျှသည်လည်း အရှက်တကွဲ အကျိုးနည်းနှင့်သာ လုံးခြာလိုက်နေသည်။

 

သို့သော် အကြမ်းဖက် စစ်တပ်၏ အောက်ခြေ စစ်သားများ အထူး သတိထားဖို့ အကြောင်းဖန်လာပြန်သည်၊ လက်ရှိတွင် စစ်တပ်သည် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင် အပြစ်မဲ့ ပြည်သူများကို နေ့စဉ်လို သတ်ဖြတ်နေမှုကို မသိချင်ယောင်ဆောင်ကာ မည်သူမျှ မျက်နှာပြောင်တိုက်၍ မင်းအောင်လှိုင် နှင့် မျက်နှာခြင်းဆိုင် ဆွေးနွေးကြမည် မဟုတ်၊ ထို့အတွက် ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ အောင် transitional justice ခေါ် ငြိမ်းချမ်းရေး အကြို တရားစီရင်ပေးရေးကို တောင်းဆိုလာသည့် အသံများ ထွက်ပေါ်လာပြီ ဖြစ်သည်။

 

သို့ဆိုက တော်လှန်ရေး အင်အားစုများကို မတ်လ ၂၇ နေ့က ကြိမ်းဝါးခဲ့သလို အပြီးအပြတ် ချေမှုန်းနိုင်ရန် တခုတည်းသာ ကျန်တော့သည့် နည်းလမ်းဖြစ်သော တိုင်းရင်းသားများကို ချွေးသိပ်နိုင်ရန် မင်းအောင်လှိုင် အဖို့ ယခင်က သူ့အမိန့်အရ ကျူးလွန်နေ‌သူ အရာရှိ အရာခံ နှင့် အခြား အဆင့် စစ်သည်များ အား ထောင်ထဲ ဆွဲသွင်းလာဖို့ ရှိနေသည့် အရေးပင် ဖြစ်သည်။ ထိုအထဲတွင် မိမိတို့ ပါမသွားရေး အတွက် သတိကြီးစွာ ထားကြရတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင်၏ စိတ်အခြေအနေကို မည်သူမျှ ခန့်မှန်း၍ မရ၊ ၎င်းစိတ်ကူးပေါက်ရာ လျှောက်လုပ်နေခြင်း မျိုး ဖြစ်သည်၊ ဗိုလ်ရှု့သဘင်၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ သင်္ကြန် အစရှိသည် တို့ဖြင့် ပြည်သူ ဘဏ္ဍာငွေများကို ကျပ် ဘီလီယံ ပေါင်းများစွာ ကို လစဉ် လို ဖြုန်းတီးနေသူ ဖြစ်သည်။ 

 

ပြီးခဲ့သည့် အပတ်အတွင်းကလည်း သေသူများပါ မကျန် ဘွဲ့ထူး ဂုဏ်ထူးများ ပေးရန် ရွှေသား အစစ် စလွယ်များ အတွက် ကျပ် သန်းပေါင်း ၁,၅၀၀ သုံးခဲ့ပြီး ဖြစ်သည်၊ အဆင့်မြင့်ဆုံး ဆုအတွက် ရွှေ ၄၅ ကျပ်သား ဖြစ်ပြီး၊ သူရရှိသော ဆု အတွက်မူ ကျပ် လေးဆယ်သား ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုကဲ့သို့ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ထင်မိထင်ရာ ပြည်သူ့ဘဏ္ဍာများကို ထင်တိုင်းသုံးစွဲနေခဲ့ကြသည့် အတွက်လည်း ၎င်းတို့အဖို့ ဝေစားမျှစား နှင့် သက်ဆိုးရှည်ခဲ့ကြပြီး တဖက်တွင် ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး များ အတွက် မည်ကာမတ္တာမျှသာ သုံးစွဲခဲ့သဖြင့် အဖက်ဖက်မှ နှစ်ပေါင်းများစွာ ယို့ယွင်းပျက်စီး လာခဲ့ရခြင်းလည်း ဖြစ်သည်၊ သမ္မတ ဟောင်း ဗိုလ်သိန်းစိန်သည်ပင် ပညာရေး ဆိုသည်က ပြန်မရနိုင်သော ရင်းနှီးမြုပ်နှံမှု မျိူးဟု ပြောခဲ့ဖူးသည် မဟုတ်ပါလော။

 

ပြီးခဲ့သည့် ငါးနှစ် အတွင်း လျင်မြန်စွာ တိုးတက်လာပြီး နိုင်ငံတကာ အဆင့်မီ လာသော ဘဏ်လုပ်ငန်း နှင့် ငွေကြေး စနစ်များကို လအနည်းငယ် အတွင်း ဖျက်ဆီးပစ်ခဲ့သူလည်း ဖြစ်သည်။ ပြည်သူတရပ်လုံး ထိုဒဏ်ကို နေ့တဒူဝ ခါးစီးခံနေကြရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် စစ်ခေါင်းဆောင် ဖြစ်နေသော်လည်း အတိုက်အခံ အဖွဲ့အစည်းများ၏ လေးစားသမှု ကို မခံရ ဆုံး လူဖြစ်နေသည်။ ပြည်သူများကလည်း မနိုင်၍ သည်းခံနေရသည့် "ရွံကြောက်" ကြီးပမာ သဘောထားနေကြပြီ ဖြစ်သည်၊ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး တရားမဝင်စွာ ဦးဆောင်နေသည့် အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ဦးနှောက် ရှိသူတိုင်း အလေးအနက် စဉ်းစားကြမည် မဟုတ်ပေ။

 

စစ်တပ်ဖက်မှ နှစ်ပေါင်း ၇၀ လုံးလုံး လူကြားကောင်းအောင် ငြိမ်းချမ်းရေး ‌ဆွေး နွေး ခဲ့သမျှ သည်လည်း တက်ရောက်လာသူ မှန်သမျှ ၏ စိတ်ရင်းကောင်း မရှိမှု ကြောင့်ဟု ဆိုကာ လွှဲချပြီး ပျက်ပြားသွားခဲ့ရစမြဲ ဖြစ်သည်။ ပင်လုံ ညီလာခံ နှစ်ကြိမ် လုပ်ခဲ့စဉ် အတွင်း ၎င်းတို့ မည်သို့ ဆက်ဆံခဲ့သည်ကိုလည်း သဘောပေါက်နေကြပြီ ဖြစ်သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည့် စစ်ကျွန်ဇာတ်သွင်း အုပ်ချုပ်နေသည့် စနစ်ကြီးအား အပြီးအပိုင် ဖယ်ရှားနိုင်မှသာလျှင် အစစ်အမှန်တည်တံ့မည့် ငြိမ်းချမ်းရေး ရရှိလာနိုင်မည် ဆိုသည်ကို လက်ခံထားကြပြီးလည်း ဖြစ်ပေသည်။

 

ယမန်နေ့က ‌အကျင့်ပျက် ခြစားမှု ဖြင့် လီဆယ် ရုံးတင် တရားစွဲခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ၏ အမှုကို အမိန့်ချမှတ်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။ 

 

ယနေ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ မိမိသည် ‌အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး၊ အမျိုးသား အတိုင်ပင်ခံ ကောင်စီ ဥက္ကဌ တို့နှင့် အွန်လိုင်းမှ တဆင့် ဖေဖေါ်ဝါရီ လ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု တွစ်တာ မှ တဆင့် တရားဝင် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

မလေးရှားသည် အာဆီယံ နိုင်ငံများ အတွင်း အထမဆုံး အကြိမ် အသိအမှတ်ပြု ဆက်သွယ်လာသည့် နိုင်ငံ ဖြစ်လာခဲ့သည်။

 

ကုလ လူ့အခွင့်အရေး အထူး သံတမန် တွန် အင်ဒရူးက မြန်မာစစ်တပ်သည် အကျအဆုံးများစွာ ရှိလာနေသည့် အပြင် တပ်ကို စွန့်ခွာ ထွက်ပြေးမှုများကြောင့် တပ် အင်အား အလျင်အမြန် ပြုန်းတီး လာနေသည်ဟု သူ၏ ထင်မြင်ချက်ကို ဂျပန်တိုင်းမ် သတင်းစာနှင့် တွေ့ဆုံခန်းတွင် ပြောဆိုသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!