D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၃)

by Hla Soewai - Apr 26 2022

အခန်း (၆၃)

 

Gloucestershire, England: September 1944

 

အယ်ဖရက် ဗီကာရီ ကိုယ်နှိုက်ပင် သူ၏ အကျ မြန်လှပုံကို တအံ့တဩ ဖြစ်နေမိသည်။ လုပ်ထုံး လုပ်နည်းအရ ဆိုက ဌာနတွင်း စုံစမ်းစစ်ဆေးမှု များ လုပ်နေစဉ် အတွင်း သူ့အနေနှင့် ခွင့်ခံစားခွင့် ဖြင့် နေရမည်ဟု ဆိုသည်။ ဤသည်ကလည်း အလုပ်မှ ဖြုတ်မပြစ်မှီ ဇတ်ရှုပ်အောင် ဖန်တီးထားသော ကြိုးနီ စနစ် သာ ဖြစ်မှန်းလည်း ဗီကာရီ သဘောပေါက်ထားပြီး ဖြစ်သည်။

 

သူသည် ဘုသီ၏ အကြံပေးချက်ကို တတ်နိုင်သမျှ ပေကပ်ကပ် လုပ်နေခဲ့ပြီးမှ မယူချင် ယူချင် ယူကာ သူ့အဒေါ် ဖြစ်သူ မာတီ‌ဒါ အမွေပေးထားခဲ့သည့် အိမ်သို့ ထွက်လာခဲ့သည်။ အိမ်ကို ရှင်းလင်းရမည့် တာဝန်သည် ပထမဦးဆုံး အကြိမ် အဖြစ် သူ့အပေါ် လုံးလုံးကျရောက်လာခဲ့ပြီ ဖြစ်သည်။ ပထမပိုင်းတွင် သူ၏ မဲဇာ ရောက် ဘဝ က မည်သို့မျှ နေမထိ ထိုင်မသာဖြစ်နေသည်။ MI-5 တွင် ကျန်ခဲ့သော ရဲဘော်ရဲဘက်များကို သတိရနေမိသည်။ သူ၏ စုပ်ခြာခြာ ရုံးခန်းလေးကိုပင် လွမ်းဆွတ်လာမိသည်။ ရုံးခန်းထဲက ခေါက် ကုတင် လေးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ရသည့် ဘဝ ကိုပင် ပြန်တမ်းတလာနေမိသည်။

 

ယခု အိပ်မရ ဖြစ်လာနေခြင်းကိုပင် အ‌ဒေါ်အိမ်ရှိ အိစက်ညက်ညောသော နှစ်ယောက်အိပ် ကုတင်ကြီးကြောင့် ဖြစ်နိုင်သည်ဟု အပြစ်ဖို့လာခဲ့သည်။ ကျယ်ပြန့်လွန်းလှ‌‌ သော ကုတင်ကြီးသည် သူ၏ အိပ်မပျော်အောင် ဖိစီးလာသော အတွေးများဖြင့် ဟိုဖက်ဒီဖက် လူးလှိမ့်နေလို့ ရအောင် အားပေးနေပြန်သည်ဟု ယူဆမိသည်။ 

 

ဘာပဲ ဖြစ်ဖြစ် ဆိုကာ စိတ်ကူးပေါက်လာသော အတွေးကို အကောင်အထည် ဖေါ်ရန် ရွာထဲသို့ သွားပြီး စတိုးဆိုင်တဆိုင်မှ ခေါက်ကုတင် အသစ် တလုံး သွားဝယ်ခဲ့သည်။ ဧည့်ခန်းထဲရှိ မီးလင်းဖိုဘေးတွင် ချထားလိုက်သည်။ ဧည့်ခန်းထဲတွင် မထားရကောင်းမှန်း သိသော်လည်း သူ့အိမ်သို့ မည်သူမျှ လာစရာ မရှိ၍ ကိစ္စမရှိလောက်ဟု ယူဆမိသောကြောင့်လည်း ဖြစ်သည်။ ထိုည မှစ၍ သူ ထင်ထားသည့် အတိုင် းကောင်းကောင်း အိပ်၍ ရလာခဲ့သည်။

 

စိတ်ညစ်ညူးဖွယ် ကောင်းလှသည့် မလှုပ်မရှားပဲ နေ နေရသည်ကို ကြံ့ကြံခံ ဖြတ်သန်းလာခဲ့သည်။ ရာသီဥတု မျှတလာသည့် နွေဦးအရောက်တွင်တော့ သူ၏ အလဟသ ဖြုန်းတီးပစ်နေခဲ့ရသည့် စွမ်းအားများကို သူ့ အိမ် အသစ် အတွက် မြုပ်နှံလာခဲ့သည်။ သူ့အား စောင့်ကြည့်ရန် တာဝန်ပေးထားသူများ တခါတခါ ရောက်လာချိန်တွင်တွင် ခြံထဲတွင် ကပ်‌ ကြေးကြီး တလက်၊ တံစဉ်ကြီး တချောင်းကိုင်ကာ တကုန်းကုန်းဖြင့် အလုပ်ရှုပ်နေသည့် ဗီကာရီကို တွေ့ရ၍ တအံ့တဩ ဖြစ်နေကြသည်။ သူ့အိမ်အတွင်းပိုင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဆေးသုတ်နေသည်ကိုလည်း တွေ့သွားကြပြန်သည်။ အိမ်အတွင်းကို သူ သုတ်နေသည့် အရောင်က အဖြူ ဖြစ်နေပြန်၍ သူတို့ အချင်းချင်း အမျိုးမျိုး အဓိပ္ပါယ်ဖွင့် ငြင်းခုံနေကြသည်၊ အချို့က အဖြူရောင်ကို ရွေးခြင်းသည် သူ၏ စိတ်အခြေအနေ တိုးတက်လာခြင်းဟု ဆိုကြပြီး အချို့ကလည်း နာတာရှည် ရောဂါသည်လို ထင်မြင်လာ၍ ဆေးရုံ နှင့် တူအောင် တမင်လုပ်နေခြင်းဟု ပြောကြပြန်သည်။

 

ရွာထဲတွင်လည်း ဗီကာရီ နှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်လာကြသည်။ ကုန်စုံဆိုင်မှ ပူးလ် သည် ဗီကာရီ အား ဝမ်းနည်းပူ‌ ဆွေးနေသူ တဦးဟု ပြောလာသည်။ ဗီကာရီ ၏ ခြံလုပ်ငန်း ကို အကြံပေးတတ်သည့် ပျိုးခင်း ပိုင်ရှင် ဖြစ်သူ ပလင်းဒရစ်ခ်ျက "တခါဖူးမှ လက်ထပ်ခဲ့ခြင်း မရှိ၍ အချစ်ဆိုသည်ကို သိပုံမရသူ" ဖြစ်၍ ပူးလ် ပြောသည်မှာ မဖြစ်နိုင်ဟု ငြင်းချက်ထုတ်လာခဲ့သည်။ အပ်ချုပ်ဆိုင် ပိုင်ရှင် မစ် လာဇင်ဘီ ကမူ သူတို့ နှစ်ယောက် စလုံး မှားကြောင်း၊ သူသည် အချစ်ဆိုသည်ကို ခံစားခဲ့ဖူးသူ ဆိုသည်ကို ရူးသွတ်နေသူပင် ရိပ်စားမိနိုင်‌ ကြောင်း၊ သို့သော် သူ ပုံစံကို ကြည့်ပြီး တဖက်မှ တုန့်ပြန်ခဲ့ခြင်း မရှိ‌၍သာ ဖြစ်မည်ဟု ဆိုသည်။

 

ထိုသို့ ပြောဆိုနေကြသည်ကို ဗီကာရီက သိခဲ့လျှင်ပင် ဖြေရှင်းချက် ထုတ်နေမည်သူ မျိုး မဟုတ်၊ သူကိုယ်တိုင်ပင် သူ၏ စိတ်ခံစားချက်များနှင့် တစိမ်းပြင်ပြင် ဖြစ်နေသဖြင့် အပြင်လောကနှင့်လည်း ထိုအတိုင်းပင် ခပ်စိမ်းစိမ်း နေခဲ့သည်။

 

သူ၏ အလုပ်ရှိရာ တက္ကသိုလ်ကြီး၏ ဌာနမှုးက ဗီကာရီ သည် စစ်ရုံးချုပ်တွင် မလုပ်တော့သည်ကို ကြားခဲ့ရပြီး နောက် သူ့ထံ စာရေးသား ဆက်သွယ်ပြီး ပြန်လာဖို့ ကမ်းလှမ်းလာခဲ့သည်။ ထိုစာကိုလည်း ဗီကာရီသည် ဆုတ်ဖြဲပြီး မီးပုံထဲ ပစ်ထဲ့ခဲ့ပြန်သည်။

 

***************** 

 

လန်ဒန်သည် သု့အတွက် အတိတ်ဆိုးများကိုသာ ပေးနိုင်သည့် နေရာတခုထက် မပိုပေ။ ဇွန်လ ပထမပတ် အတွင်း တကြိမ်လောက် လန်ဒန်သို့ ပြန်ဖြစ်ခဲ့သည်။ ဤသည်ကလည်း ဌာနတွင်း စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်၍ အကျိုးအကြောင်း ရှင်းပြဖို့ ဆာ ဘက်ဆယ် က ဆင့်ခေါ်လိုက်ခြင်းကြောင့် ဖြစ်သည်။

 

ဆာ ဘက်ဆယ်၏ ရုံးခန်းအတွင်း ဗီကာရီ ဝင်လာခဲ့သည်နှင့် "ဟဲလို.. အယ်ဖရက်" ဟု အားရ ပါးရ နှုတ်ဆက်လိုက်သည်။ အခန်းတခုလုံး လိမ္မော်ရောင် အလင်းတန်းများ ယှက်ဖြာကျနေပြီး ဘုသီသည် အခန်းအလယ်တည့်တည့်တွင် ရပ်နေသည်။ သူ၏ မီးခိုးရောင် အပေါ်ဝတ်စုံသည် သူနှင့် တတိုင်းတည်း ဖြစ်အောင် သေသပ်ကျနစွာ ချုပ်လုပ်ထားပုံ ရှိပြီး အရင်ကထက်ပင် အရပ် ပိုမြင့်လာသယောင် ထင်ရသည်။ ညွန်ချုပ်သည် ဆိုဖာရှည်ကြီး ပေါ်တွင် သူ၏ လက်‌ ချောင်းများကို ယှက်ကာ ထိုင်နေသဖြင့် ရုတ်တရက်ဆိုက ဘုရားဝတ်ပြုနေသလားပင် ထင်မှတ်ရသည်။ သူ၏ မျက်လုံးများကလည်း ကြမ်းပြင်ပေါ်က ပါရှား ကော်ဇော်ပြင်ရှိ တနေရာကို စူးစိုက်ကြည့်နေသည်။

 

ဘုသီသည် သူ၏ ညာဖက်လက်ကို လှံစွပ်ကြီးအလား ရှေ့သို့ဆန့်ထုတ်လာသည်။ သူ့မျက်နှာပေါ်က အမျိုးအမည် မခွဲခြားနိုင်သော အပြုံးကို သတိထားမိလိုက်၍ ဗီကာရီသည့် သူ့အား ပွေ့ဖက် နှုတ်ဆက်ဖို့လား၊ ထိုးကြိတ်ပစ်ဖို့လား ဆိုတာ မရေမရာ ဖြစ်သွားရသည်။ ထို နှစ်မျိုးထဲမှ ဗီကာရီ အနေဖြင့် မည်သည်ကို အကြောက်ဆုံးလည်း ဆိုသည်ကိုလည်း သူ့ကိုယ်သူ လည်း မရေမရာ ဖြစ်နေပြန်သည်။

 

တကယ်တော့ ဘုသီသည် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ခြင်းသာ ဖြစ်သည်။ သူ၏ ကြီးမားလှသော လက်ဝါးကြီးဖြင့်လည်း ဗီကာရီ ပုခုံးအား ပုတ်လိုက်ပြန်သည်။ သူ၏ လက်များက မကြာသေးမီကမှ တင်းနစ် ကစားပြီး ပြန်ရောက်လာပုံရ၍ ပူနွေးပြီး စိုစွတ်နေသည်။ သူကိုယ်တိုင် လ္ဘက်ရည် ကို ခွက်ထဲ ငှဲ့ထည့်ပြီး ဗီကာရီအား ကမ်းပေးလိုက်ရင်း အလ္လာပ သလ္လာပ စကားများ ပြောနေသည်။ ဗီကာရီလည်း သူ့အိပ်ကပ်ထဲ ရှိ စီးကရက်ဗူးထဲမှ နောက်ဆုံး ကျန်နေသည့် တလိပ်ကို ထုတ်ကာ မီးညှိ ရှိုက်ဖွာလိုက်သည်။ ထို့နောက် မလိုအပ်ပဲ ပုံကြီးချဲ့ထားသော အမူအရာ နှင့် သူ၏ အံဆွဲထဲမှ ဘုတ်အဖွဲ့၏ နောက်ဆုံး သုံးသပ်ချက် အစီရင်ခံစာကို ဆွဲထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ ဗီကာရီ က မကြည့်မိအောင် သတိထား နေခဲ့သည်။

 

ဗီကာရီ အနေဖြင့် သူ၏ စစ်ဆင်ရေး အပေါ် သုံးသပ်ထားမှုများကို ကိုယ်တိုင်ကိုယ်ကျ ဖတ်ခွင့် မရှိဆိုသည်ကိုလည်း လိုအပ်သည်ထက် ရှည်လျားစွာ ရှင်းပြနေသည်။ ထိုသို့ ပြောရသည်ကိုလည်း အားရ နေဟန် တူသည်။ ထိုအစား ဆိုလိုရင်းကို သိရန် တည်းဖြတ်စီစစ်ထားသည့် တမျက်နှာ သာ ရှိသည့် စာရွက်တရွက်အား ဗီကာရီအား ထုတ်ပြခဲ့သည်။

 

ဗီကာရီသည် စာရွက်အား လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်၊ သို့မှသာ သူဖတ်နေသည့် အချိန်တွင် စာရွက်က လှုပ်မနေမည် ဖြစ်သည်။ အထဲတွင် ပါရှိသည်များက သူ့အတွက် အကောင်းတခုမျှ ရေးမထား၊ သို့သော် ယခုအချိန်ကျမှ ပြန်လှည် ချေပနေ၍လည်း ဘာမျှ အကျိုးများလာဖွယ် မရှိ၊ ထို့အတွက် စာရွက် ကို ဘုသီအား ပြန်ပေးလိုက်ပြီး သူ နှင့် ထိုင်နေသည့် ညွန်ချုပ်ကိုပါ လက်ဆွဲ နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့သည်။

 

ဗီကာရီသည် အောက်ထပ်ရှိ သူ့ရုံးခန်းရှိရာသို့ ဆင်းလာခဲ့သည်။ ဟာရီသည် သူ့ရုံးခန်းထဲတွင် အသင့်စောင့်နေသည်၊ သူ့မေးရိုး တလျောက်တွင် အမာရွတ်ကြီးအား အကျည်းတန်စွာ တွေ့နေရသည်။ 

 

ဗီကာရီသည်  ပွေ့ဖက် နှုတ်ဆက်ရသည် တို့ကို စိတ်ပါလက်ပါ ရှိလှသူ မဟုတ်၊ တိုတိုတုတ်တုတ် ပင် သူ့အား ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်၍ အတူ လုပ်ခဲ့ရသည့် ကာလများ အတွင်း အကူအညီပေးခဲ့သည်များကို ကျေးဇူးတင်ကြောင်း တိုတိုတုတ်တုတ်ပြောပြီး ဂွတ်ဘိုင် ဟု ပြောကာ လှည့်ထွက်လာခဲ့သည်။ 

 

အပြင်တွင်တော့ မိုးများ ရွာနေပြန်၍ ဇွန်လထဲမှာပင် ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။ ပို့ဆောင်ရေး ဌာနမှ ဗီကာရီ အတွက် ကားတစီး စီစဉ်ပေးခဲ့သော်လည်း ဗီကာရီက ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်လိုက်ပြီး ထီးကို ဖွင့်ကာ မိုးများ ရွာနေသည့် ကြားမှပင် ချဲလ်ဆီး ဖက်သို့ ထွက်လာခဲ့သည်။

 

ထိုညက ချဲလ်ဆီးရှိ သူ့အိမ်တွင်သာ ညအိပ်ဖြစ်သည်။ အာရုံတက်‌ချိန်လောက်တွင် နိုးလာခဲ့ပြီး မိုးစက်များက ပြတင်းပေါက်မှန်များကို ရိုက်ခတ်နေသည်။ ထိုနေ့က ဇွန်လ ၆ ရက်နေ့ ဖြစ်၍ ရေဒီယို ကို ဖွင့်လိုက်ပြီး ဘီဘီစီ သတင်းကို နားထောင်လိုက်သည့် အခါတွင်တော့ နော်မန်ဒီ ကမ်းတက်တိုက်ပွဲကြီး စတင်နေပြီ ဆိုသည်ကို ကြားလိုက်ရသည်။

 

နေ့လည်ပိုင်း အပြင်သို့ ထွက်လာချိန်တွင်တော့ စိုးရိမ်ထိတ်လန့်နေသော မျက်နှာများနှင့် လူများ ဟိုနေရာ တစု၊ ဒီနေရာတစု ရပ်စကားပြောနေကြပေလိမ့်မည်ဟု မျှော်လင့်ခဲ့မိသော်လည်း လန်ဒန် တမြို့လုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ လူအနည်းလောက်သာ ဈေးဝယ်ထွက်ရန်နှင့် ဘုရားရှိခိုးကျောင်းများသို့ ဆုတောင်းဝတ်ပြုရန် သွားနေကြသည်ကို တွေ့ရသည်။ 

 

လန်ဒန် မြို့သူ မြို့သားများ သွားလာနေကြသည်ကို ဗီကာရီသည် ရပ်ကြည့်နေမိပြန်သည်။ သူ့စိတ်ထဲတွင်လည်း သူတို့နား ပြေးကပ်သွားပြီး အခု ဘာတွေ ဖြစ်နေပြီလဲဆိုတာ ခင်ဗျားတို့ သိကြရဲ့လားဟု ဆွဲကိုင်လှုပ်ရမ်း မေးပြစ်ချင်နေမိသည်၊ ကျုပ်တို့ဖက်က သူတို့က ပါးပါးနပ်နပ် နဲ့ ကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ လိမ်လည် လှည့်ဖျားနိုင်ခဲ့လို အခုလို အထိ ဖြစ်လာတာ ကိုရော ခင်ဗျားတို့ သိကြရဲ့လား၊ အခု ကျုပ်ကိုကော သူတို့ ဘာလုပ်ခဲ့ကြတယ်ဆိုတာကော သိရဲ့လား။

 

 

လမ်းဒေါင့်တနေရာရှိ ယမကာ ဆိုင်ထဲဝင်ပြီး ညစာကို စားလိုက်သည်။ စားနေရင်းက ဖွင့်ထားသော ရေဒီယိုမှ ထုတ်လွှင့်နေသည့် နောက်ဆုံးရ သတင်းများကို နားထောင်နေမိသည်။ ထိုညမှာပင် တနိုင်ငံလုံးသို့ ပြောကြားခဲ့သည့် ဘုရင့်မိန့်ခွန်းကိုလည်း နားထောင် ဖြစ်ခဲ့သည်။ မိန့်ခွန်းပြီးသွားမှသာ အိပ်ယာဝင်ဖြစ်ခဲ့သည်။ မနက်တွင်တော့ တက္ကဆီ ဖြင့် ပက်ဒင်ဂန် ဘူတာ သို့ ဆင်းလာခဲ့ပြီး မနက်အစောဆုံး ထွက်သည့် ရထားနှင့် ဂလောက်စက်တာရှိုင်းယား သို့ ပြန်လာခဲ့သည်။

 

 

***********************