အခန်း (၆၂)
OYSTER BAY, NEW YORK
နွေဦးပေါက် ရောက်လာပြီ ဖြစ်၍ နွေးထွေးသော နေရောင် နှင့် ဆောင်း ကမ်းစပ်မှ တိုက်ခတ်လာသော လေပြေလေညှင်း လေးများ တိုးဝှေ့လာမှုကို ပထမဆုံး အကြိမ် ကြုံခွင့်ရခဲ့သည့် သာယာသော နေ့တနေ့လည်း ဖြစ်သည်။
မနေ့က တနေ့လုံး အေးစိမ့်ပြီး စိုစွတ်နေခဲ့၍ ဒိုရိုသီ လောက်တာဘတ် သည် အအေးဓါတ်ကြောင့် စျာပန အခမ်းအနား လူအလာ နည်းသွားမည်ကို စိုးရိမ်နေခဲ့ရသည် အထိပင်၊ အိမ်ထဲရှိ မီးလင်းဖိုများ အားလုံး ထင်းများ အလုံအလောက် ရှိနေစေရန် နှင့် ဧည့်ခံကျွေးမွေးရန် ခေါ်ထားသူများ အားလည်း ဧည့်သည်များ ရောက်လာချိန်တွင် ကော်ဖီပူပူနွေးနွေး အဆင်သင့် ဖြစ်နေစေရန် လည်း ဆော်ဪနေခဲ့ရသည်။
သို့သော် နံနက်ခင်း ရောက်လာချိန်တွင်တော့ နေသည် ပူပြင်းစ ပြုလာပြီး တိမ်ဆိုင်တိမ်လိုက်များ ကို တိုက်စားပစ်ခဲ့ပြီ ဖြစ်သည်။ သူတို့ နေထိုင်ရာ ကျွန်း ကလေး သည်လည်း နေရောင် တလက်လက်နှင့် တောက်ပ လာခဲ့ပြီ ဖြစ်သည်။ ဒိုရိုသီလည်း ယခင်က ဧည်သည်များ အား အိမ်တွင်း တွင်သာ ဧည့်ခံဖို့ ပြင်ဆင်ထားရာမှ ဆောင်း ကမ်းခြေကို လှမ်းမြင်နေရသည့် အိမ်ရှေ့ မြက်ခင်းပြင်သို့ ရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
ရှက်ပတ် ရမ်ဆေးသည် လန်ဒန်ရှိ ပီတာ၏ အသုံးအဆောင် ပစ္စည်းများ ဖြစ်သော အဝတ်အစားများ၊ စာအုပ်များ၊ စာ များ နှင့် ဗြိတိသျှ ထောက်လှမ်းရေးမှ သိမ်းယူခဲ့ခြင်း မရှိသည့် စာရွက်စာတမ်းများ အားလုံးကို ယူပြီး ရောက်လာခဲ့သည်။ သို့သော် သူလိုက်ပါလာသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်တွင် ပင် ပီတာ၏ စာများထဲနှိုက် သူ မသေဆုံးမီ လန်ဒန်တွင် ပတ်သက်ခဲ့သည့် အမျိုးသမီး၏ အမည် တစွန်းတစ ပါရှိခဲ့ခြင်း ရှိမရှိ သေချာစေအောင် လှန်လှော ဖတ်ရှု့ခဲ့ပြီးလည်း ဖြစ်သည်။
မြုပ်နှံစရာ အလောင်း မရှိသော်လည်း သင်္ချိုင်းမြေတွင် လာရောက်သူများနှင့် ပြည့်သိပ်နေသည်။ မာဂရက်၏ အုတ်ဂူဘေးတွင်သာ အထိမ်းအမှတ် ကျောက်ပြားတခု ယှဉ်တွဲ ချထားခဲ့ရသည်။ ဘရက်တန် ဘဏ်မှ ဝန်ထမ်းအားလုံး အပြင် အရှေ့မြောက် တံတား ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ ဝန်ထမ်း အများစုလည်း တက်ရောက်ခဲ့ကြသည်။
သားဖြစ်သူ ဘီလီသည် အဒေါ်ဖြစ်သူ ဂျိမ်း ဘေးတွင် ရပ်နေခဲ့သည်၊ ဂျိမ်းသည် ဝေါ်ဟာ ဟာဒီဂင် အား မှီပြီး ရပ်နေသည်၊ ဘရက်တန်သည် ရေတပ် ကိုယ်စားလှယ်ထံမှ အမေရိကန် အလံကို လက်ခံယူခဲ့သည်။ လေတချက် အဝှေ့တွင် သစ်ရွက်များ ကြွေကျလာပြီး လူအုပ်ကြီးထဲသို့ ရောင်စုံ စက္ကူပန်းများ ကြဲချလိုက်သလို ဖြစ်သွားခဲ့ပြန်သည်။
ထိုအချိန်တွင် လူတဦးသည် လူအုပ်ကြီးရှိရာ နှင့် မလှမ်းမကမ်းတွင် လက်ကို နောက်ပစ်ပြီး ရပ်နေပြီး လေးစားသမှု ပြသသည့် အနေဖြင့် ခေါင်းကို ငုံ့ထားသည်၊ သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဖြစ် ပြီး မီးခိုးရောင် သိုးမွှေး အပေါ် ကုတ်အင်္ကျီကို ဝတ်ထားသည်၊ သူ၏ ဝတ်စုံသည် ယခုလို ရာသီဥတု မျိုးအတွက် အနည်းငယ် ထူထူထဲထဲ ဖြစ်နေပြန်သည်။
သူသည် မည်သူမည်ဝါ ဖြစ်သည်ကို သိသူဆို၍ ဝေါ်ကာ ဟာဒီဂင် တဦးသာ ရှိသည်။ သို့သော် ဟာဒီဂင်လည်း သူ၏ အမည်ရင်းကို တော့ သိရှိခဲ့ခြင်း မရှိပေ၊ သူ ပြောသည့်အမည်သည် ရီစရာ ကောင်းလွန်းလှ၍ ပြောရသည့် အခါတိုင်း မရီမိအောင် မနည်း သတိထားခဲ့ရသည်ခြည်းပင် ဖြစ်သည်။
ထိုလူသည် ဟာဒီဂင်အား ချုပ်ကိုင်ထားသည့် အရာရှိတဦး ဖြစ်ပြီး သူ ပြောသော အမည်သည် ဘရွမ်း ဖြစ်သည်။
ရှက်ပတ် ရမ်းဆေးသည် လန်ဒန်ရှိ ပုဂ္ဂိုလ်တဦး ထံမှ စာတစောင်ကိုပါ ယူလာခဲ့သည်။ ဒိုရိုသီ နှင့် ဘာရက်တန် တို့ နှစ်ဦးလည်း ဧည့်သည်များကို ဧည့်ခံနေစဉ် အတွင်းမှာပင် စာကြည့်ခန်းထဲ ဝင်ပြီး စာကို ဖွင့်ဖောက် ဖတ်ခဲ့ကြသည်။ ဒိုရိုသီက အရင် ဖတ်ကြည့်ပြီး သူမ၏ လက်များ တုန်ရင်လာနေခဲ့သည်။ သူမသည် အသက် ရလာပြီး ဆံပင်များလည်း ပို၍ ဖြူစွတ်လာနေပြီ ဖြစ်သည်။ ဒီဇင်ဘာလအတွင်း ရေများ ခဲနေသော မက်ဟက်တန် ရှိ အိမ်ရှေ့ လှေကားတွင် ချော်လဲသွား၍ တင်ပဆုံရိုး ကျိုးသွားခဲ့ပြန်သည်၊ ထို့အတွက် ယခင်ကလို သွက်သွက်လက်လက် လှုပ်ရှားနိုင်ခြင်း မရှိတော့၊ စာကို ဖတ်ပြီးသွားချိန်တွင်တော့ သူ့မျက်လုံးထဲတွင် မျက်ရည်ကြည်များ ရစ်ဝဲလာခဲ့သည်။ သို့သော် မငိုမိအောင် စိတ်ထိန်းနိုင်ခဲ့သည်၊ အရာရာကို အသင့်အတင့် နှလုံးသွင်းနိုင်ခဲ့သူလည်း ဖြစ်နေသောကြောင့်ပင်။ စာကို ဘရက်တန် လက်ထဲ ထည့်ပေးလိုက်သည်၊ ဘရက်တန်သည် စာကိုဖတ်နေရင်း ရှိုက်သံထွက်လာခဲ့သည်။
ဒီယား ဘီလီ
ဦး ဒီစာကို စိတ်မကောင်းခြင်း ကြီးစွာ နဲ့ ရေးလိုက်ရပါတယ်၊ ဦး အနေနဲ့ မင်းရဲ့ ဖခင်နဲ့ တိုတောင်းတဲ့ အချိန်အတိုင်းအတာလောက်သာ အတူတူ လက်တွဲ လုပ်ခဲ့ရတယ် ဆိုပေမယ့် အချိန်တိုင်း ဦး ကျေနပ်ပီတိ ဖြစ်ခဲ့ရတာချည်းပါပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ မင်းရဲ့ အဖေဟာ ဦး တွေ့ဖူးခဲ့တဲ့ လူတွေထဲမှာ တကယ်ကို မမေ့နိုင်စရာ ကောင်းလောက်အောင် ထူးခြားတဲ့ လူတယောက် ဖြစ်နေခဲ့လို့ပဲ။
မင်းရဲ့ အဖေဟာ စစ်ပွဲကြီး အတွက် အရမ်းကို အရေးပါတဲ့ စီမံကိန်း တခုမှာ ပါဝင်ခဲ့တဲ့သူပါ၊ လုံခြုံရေး အရ လျို့ဝှက်ထားရမယ့် အကြောင်းတွေရှိလို့ မင်းရဲ့ အဖေ ဘာတွေ လုပ်ပေးခဲ့တယ် ဆိုတာ ဦးတို့ ပြောပြနိုင်ခွင့် မရှိဘူး။
ဦး ပြောနိုင်တာကတော့ မင်းရဲ့ ဖေဖေ လုပ်ခဲ့တဲ့ အလုပ်ကြောင့် မရေတွက်နိုင်တဲ့ အသက်ပေါင်းများစွာ ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ အပြင်၊ ဥရောပ ကုန်းမြေကြီးမှာ နေထိုင်ကြတဲ့ လူတွေ အနေနဲ့ ဟစ်တလာ နဲ့ နာဇီ တွေရဲ့ ရန်ကို အပြီးအပိုင် ရှင်းလင်း ဖယ်ရှားနိုင်ခွင့် ရခဲ့ကြတယ် ဆိုတာပဲ။ မင်းရဲ့ ဖေဖေဟာ လူအများ အသက်ရှင်ခွင့် ရအောင် သူရဲ့ အသက်ကို ပေးသွားခဲ့တဲ့ လူတယောက်ပါ၊ သူဟာ သူရဲကောင်း တယောက်ပါကွယ်။
ဒါပေမယ့် မင်းရဲ့ အဖေ ဘဝမှာ ဘာတွေပဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပါစေ သူ သားနဲ့ ပတ်သက်တဲ့ အရာရာတိုင်းလောက် သူ့အတွက် တကယ့် ကျေနပ်ပီတိ ဖြစ်ခဲ့တဲ့ အရာ မရှိဘူး။ မင်းရဲ့ အဖေဟာ မင်းအကြောင်း ကို ပြောတဲ့ အခါတိုင်း သူ့မျက်နှာ အမူအရာက ပြောင်းကို ပြောင်းသွားခဲ့တာကွဲ့၊ သူ့ရဲ့ မျက်လုံးတွေဆို အရောင်တောက်လာပြီး ဘယ်လောက်ပဲ ပင်ပန်းလာပါစေ မင်းရဲ့ အကြောင်း ပြောရတော့မယ် ဆိုရင် ပြုံးနေတာပဲ၊ ဦး အဖို့က ကံမကောင်း အကြောင်းမလှတော့ သားသမီး မရခဲ့ဖူး၊ ဒါကို ပေါ့ပေါ့ဆဆ တွေးခဲ့ပေမယ့် မင်းရဲ့ အကြောင်း ပြောပြနေတဲ့ မင်း အဖေရဲ့ စကားတွေ နားထောင်ရတိုင်း ဦး အဖို့ ကံဆိုးခဲ့ရတဲ့ အတိုင်းအတာကို နက်နက်ရှိုင်းရှိုင်းကို သဘောပေါက်လာခဲ့မိတယ်။
မင်းရဲ့ ရိုးသားသော
အယ်ဖရက် ဗီကာရီ
ဘရက်တန်သည် စာကို ဒိုရိုသီထံ ပြန်ပေးလိုက်သဖြင့် သူမက သေချာစွာ ခေါက်ကာ စာအိပ်ထဲ ပြန်ထဲ့လိုက်ပြီး ဘရက်တန် စားပွဲရှိ အပေါ်အံဆွဲထဲ ထည့်ထားလိုက်သည်။ ထို့နောက် သူမသည် ပြတင်းပေါက် ရှိရာ လျှောက်သွားပြီး အပြင်ကို ငေးကြည့်နေမိသည်။
အပြင်တွင်တော့ လူတိုင်းသည် စားနေသောက်နေကြပြီး ကျေနပ်နေကြပုံရှိသည်၊ လူအုပ်ကြီး နှင့် မလှမ်းမကမ်းတွင်တော့ ဘီလီ၊ ဂျိမ်း နှင့် ဝေါ်ကာ တို့သည် ဆိပ်ခံ ဘောတံတား ဘေးရှိ မြက်ခင်းပေါ်တွင် ထိုင်နေကြသည်။ ယခုအခါ ဂျိမ်း နှင့် ဝေါ်ကာ တို့သည် မိတ်ဆွေဘဝ ထက် ကျော်လွန်လာကြပြီး ချစ်သူ ဘဝ တက်လှမ်းလာခဲ့ကြသည်၊ ဂျိမ်း သည်လည်း လက်ထပ်ဖို့ ကိစ္စ ပြောလာခဲ့ပြီ ဖြစ်သည်။ ဘီလီ အဖို့ တကယ် မိသားစု ဘဝ ဖြင့် နေထိုင်ရတော့မည့် အရေး ကို တွေး၍ သူမအဖို့ အဆင်သင့် လိုက်လေခြင်းဟု အတွေးဝင်လာခဲ့သည်။
ဖြစ်ခဲ့သမျှသည် ဒိုရိုသီ အတွက် နှစ်သိမ့်စရာပေး နိုင်သည့် အကြောင်းများနှင့် ပြည်ဖုံးကား ချနိုင်ခဲ့ပြီ ဖြစ်သည်။ ရာသီဥတု သည် နွေးထွေးလာနေပြီ ဖြစ်၍ နွေ ရောက်လာတော့မည် ဖြစ်သည်။ အိမ်များတွင်လည်း ပါတီပွဲများဖြင့် စည်းကားသိုက်မြိုက်လာပေဦးမည်၊ ဘဝသည် ဒီလိုပဲ ဆက်၍ လည်ပတ်ရပေဦးမည်ဟု သူမကိုယ်သူမလည်း သတိပေးနေမိသည်။ မာဂရက် နှင့် ပီတာတို့လည်း မရှိကြတော့ပေမယ့် ဘဝ ဆိုသည်က ရပ်တန့်သွားမည်မဟုတ်ပဲ ကြိမ်းသေပေါက် ရှေ့သို့ ခရီးနှင်ကြရဦးမည်သာ ဖြစ်သည်။
****************************