#သမိုင်း မ၀င်ခဲ့သည့် မော့ဆက် ၏ လုပ်ကြံ သတ်ဖြတ်မှုကြီးများ

by Hla Soewai - Aug 25 2019

ကရပ်ဇ် စစ်ဆင်ရေး အောင်မြင်သွားသဖြင့် ဘင် ဂူရီယန် က နောက်ထပ် အလားတူ သုတ်သင်ပြစ်ရန် မီးစိမ်းပြခဲ့သည်။ စစ်ထောက်လှမ်းရေး (AMAN) ယူနစ် ၁၈၈ ကိုလည်း သုံးခွင့်ပြုခဲ့သည်။ ယူနစ် ၁၈၈ သည် အစ္စရေး စစ်သည်များအား ပုံသဏ္ဍန်အမျိုးမျိုး ဖန်တီး၍ ရန်သူနယ်မြေအတွင်းပိုင်းထဲ ရောက်အောင် ထိုးဖေါက် စစ်ဆင်ရေး များ ပြုလုပ်သည့် အဖွဲ့လည်း ဖြစ်သည်။ အဆိုပါ ယူနစ်၏ ဌာနချုပ်က ဘင် ဂူရီယန် ရုံးနှင့် မလှမ်းမကမ်းတွင် ရှိသော ဆာရိုနာ ဟု ခေါ်သည့် ၀င်းခြံကြီး အတွင်းတွင် ရှိသည်။ လေ့ကျင့်ရေး စခန်းကို တယ်လဗီ မြို့မြောက်ဖက်ရှိ ကမ်းခြေတခုတွင် ဖွင့်ထားသည်။ နာတန် ရောဘတ်၏ အထူးဖေါက်ခွဲရေး ကရိယာ များ စမ်းသပ်ထုတ်လုပ်သည့် ဓါတ်ခွဲခန်း နှင့် ကပ်လျက်လည်း ဖြစ်သည်။

 

အီဆာ ဟာရယ်က ယူနစ် ၁၈၈ ကို သိတ် အစာမကြေသူလည်း ဖြစ်သည်။ ၁၉၅၀ ကျော် ကာလများကတည်းက အဆိုပါ ယူနစ်ကို မော့ဆက်ထံ လွှဲပေးရန် ဘင် ဂူရီယန် အား အကြိမ်ကြိမ် နားချခဲ့ဖူးသည်။ မရသည့်အဆုံး သူ၏ ကြီးကြပ်မှုအောက်တွင် ထားရန်ပြောကြည့်သေးသည်။ သို့သော် စစ်တပ်ကို ထိုသို့ လုပ်လာမည်ကို အကျောက်အကန် ငြင်းဆန်နေ၍ ဘင် ဂူရီယန်လည်း ဟာရယ်၏ တောင်းဆိုချက်ကို ပါယ်ချခဲ့ရသည်။

 

AMAN ၏ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် မီယာ အာမစ် သည် ဟာရယ် ထင်သလို ဂျာမန် သိပ္ပံပညာရှင်များသည် အစ္စရေးအား ကြီးမားစွာ ခြိမ်းခြောက်လာနေသည်ဟု ယုံကြည်နေသူ မဟုတ်ပေ။ သို့သော်လည်း ဌာနအချင်းချင်း အသာမပေးလိုသဖြင့် ထိုကိစ္စအား ယူနစ် ၁၈၈ ကို ကိုင်တွယ်ခွင့် ပြုရန် တောင်းဆိုလာခဲ့သည်။  ထို့အတွက် ဂျာမန်များကို သူ သတ်မည် ကိုယ်သတ်မည် ဆိုပြီး ယူနစ် ၁၈၈ နှင့် မော့ဆက်တို့ စတင် အငြင်းပွားလာခဲ့ကြပေတော့သည်။

 

ထိုသို့ အငြင်းပွားနေကြစဉ်အတွင်း ၁၈၈ ၏ အဖွဲ့ဝင်တဦးသည် အီဂျစ် တွင် အယောင်ဆောင် ပြီး ရောက်ရှိနေချိန်လည်း ဖြစ်သည်။  သူ၏ အမည်ကား ဝေါဖ်ဂန် လော့ဇ် ဆိုသူ ဖြစ်ပြီး လူဟောင်းတဦးလည်း ဖြစ်သည်။ဖခင်က ရဟူဒီ မဟုတ်သော်လည်း မိခင်က ရဟူဒီတဦး ဖြစ်သည်။ ထို့အတွက် သူ၏ လိင်အင်္ဂါ ထိပ်ဖြား အား ဖြတ်တောက်ထားခြင်း မခံရသဖြင့် ဂျာမန်တယောက်လို ၀င်ရောက် ရောနှောနိုင်သူ တယောက်လည်း ဖြစ်သည်။ သူ့ကိုယ်သူလည်း ရွမ်းမဲ၏ အာဖရိက တပ်မကြီးတွင် အရာရှိတယောက် အဖြစ် အမှုထမ်းခဲ့သည်ဟု ပြောဆိုခဲ့ပြီး စစ်ကြီးအပြီးတွင် အီဂျစ်သို့ ပြန်လာကာ မြင်းမွေးမြူရေး လုပ်နေသူအဖြစ် အယောင်ဆောင်ထားသူလည်း ဖြစ်သည်။

 

တိုတောင်းလှသော အချိန်အတွင်းမှာပင် ကိုင်ရိုရှိ ဂျာမန် အသိုက်အ၀န်း တွင် ၀င်ဆန့် ပေါက်ရောက်သူ တဦး ဖြစ်လာခဲ့သည်။ ထို့အတွက် ဒုံးကျည် စီမံကိန်းနှင့် ပါဝင်နေသူ များ အကြောင်း အသေးစိတ်ကို ၁၈၈ သို့ ပေးပို့နိုင်ခဲ့သည်။သို့သော် သူကိုယ်တိုင် ကိုယ်ကျ တော့ သုတ်သင် သတ်ဖြတ်ရမည် အရေးတွင် ပါ၍ မဖြစ်၊ သူ၏ အယောင်ဆောင်နေမှု ဗူးပေါ်သလို ပေါ်သွားနိုင်မည်ကို စိုးရိမ်၍ ဖြစ်သည်။ ထို့အတွက် ယူနစ် ၁၈၈ ၏ အကြီးအကဲ ယိုစက် ယာယစ် က ဂျာမန် သိပ္ပံပညာရှင်များကို စာအိပ် နှင့် ပါဆယ်ဗုံးများ သုံး၍ ရှင်းပြစ်ခြင်းသည်သာ အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။

 

နာတန် ရောဘတ်အားလည်း ဗုံးများ အသင့်ပြင်ထားရန် ညွှန်ကြားလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရောဘတ်သည် ဖေါက်ခွဲရေး ကိရိယာ အသစ်တမျိုးကို စမ်းသပ်နေချိန်လည်း ဖြစ်သည်။ ထို ဖေါက်ခွဲရေး ပစ္စည်းက ပါးလွှာပြီး ခေါက်၍ ရသည့် ရောဘာ နှင့်လုပ်ထားသည့် အပြားများ ဖြစ်သည်။ အရပ်ဖက်တွင် သုံးရန် ရည်ရွယ်ပြီး သံမဏိ အပြားနှစ်ချပ်ကို အတူထားပြီး ပေါက်ကွဲစေသော နည်းဖြင့် အရည်ပျော်ပြီး ကပ်သွားစေရန် ဖြစ်သည်။ ယခုအခါ သူအတွက် ဖေါက်ခွဲရေး ယမ်းများကို ပို၍ ကျစ်လစ်စွာ ထုတ်လုပ်ရဖို့ ဖြစ်လာသည်။ စာတိုက်မှတဆင့် ပို့ရမည်လည်း ဖြစ်၍ လမ်းတွင် အန္တရာယ်မဖြစ်စေရန် နှင့် သတ်မှတ်ထားသော နေရာ နှင့် အချိန်တွင် ပေါက်ကွဲစေရန် အထူး သတိထား လုပ်ကိုင်ရမည်လည်း ဖြစ်သည်။ စာအိပ်ထဲတွင် ထည့်ထားမည့် ဖေါက်ခွဲရေး ယန္တယား က စာအိပ်ကို ဖွင့်လိုက်သည့် အချိန်တွင် မပေါက်ကွဲပဲ အထဲက ပစ္စည်းများကို ဆွဲထုတ်လိုက်သည့် အချိန်မှသာ ပေါက်ကွဲုစေရန် ဖြစ်သည်။ AMAN ၏ သုတေသန ဌာနက ပြင်သစ် ထောက်လှမ်းရေး နှင့် ပူးပေါင်း တီထွင်မည်လည်း ဖြစ်သည်။ ထို့အတွက် အပြန်အလှန် အနေဖြင့် ကိုင်ရိုရှိ အယ်ဂျီရီယား အမျိုးသား လွတ်မြောက်ရေး တပ်ဦး၏ လှုပ်ရှားမှု သတင်းများကို လော့ဇ် က ထောက်လှမ်း ပြီး ပြင်သစ်တို့ကို အကြောင်းကြားပေးရမည် ဖြစ်သည်။ ထို့အပြင် ယူနစ် ၁၈၈ မှ ကိုင်ရိုသို့ ပြင်သစ်တို့ ဖေါက်ခွဲရေး ပစ္စည်းများ ခိုးသွင်းမည်ကိုလည်း ကူညီပေးရမည် ဖြစ်သည်။ ထိုပစ္စည်းများဖြင့် ပြင်သစ်တို့က အယ်ဂျီရီယား တပ်ဦး ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်နိုင်ရန် အတွက် ဖြစ်သည်။

 

ပထမဆုံး စာအိပ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ရန် ပြစ်မှတ်အဖြစ် ရွေးချယ်ခံရသူသည် အိုလီစ် ဘရမ်နာ ဆိုသူ နာဇီ ရာဇ၀တ်ကောင် တဦး ဖြစ်သည်။ ၎င်းသည် အဒေါ့ အိုင်ခမန်း၏ လက်ထောက်တဦးလည်း ဖြစ်ပြီး ပြင်သစ်ရှိ ချွေးတပ်စခန်း ၏ တပ်မှုး အဖြစ် ဂျုး ၁၃၀,၀၀၀ အား သေမင်းခံတွင်းသို့ ပို့ပေးခဲ့သူ ဖြစ်သည်။ ယူနစ် ၁၈၈ မှ ၎င်းသည် ဒမပ်စကပ်တွင် နာမည် ပြောင်းပြီး ရှစ်နှစ်ခန့်နေထိုင်ခဲ့သည်ကို ခြေရာခံနိုင်ခဲ့သည်။ အာရပ်နိုင်ငံ အများအပြားသည် နာဇီ စစ်ရာဇ၀တ်ကောင်များအား သူတို့ အကျိုးအတွက် လုပ်ပေးမည်ဆိုက ခိုလှုံခွင့်များ ပေးထားလေ့ရှိသည်။ ဘရမ်နာ၏ အလုပ်က ဆီရီယား လျို့ဝှက်ထောက်လှမ်းရေး အဖွဲ့အား စစ်ကြောရေး နှင့် နှိပ်စက်ညှင်းပမ်းသည့် နည်းနာများကို လေ့ကျင့်သင်ကြားပေးရခြင်းပင် ဖြစ်သည်။

 

ယူနစ်၏ ထိတ်တန်း အဖွဲ့ဝင်တဦး ဖြစ်သော အလီ ကိုဟင်၏ အကူအညီဖြင့် ဘရမ်နာ အား ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ အလီ ကိုဟင်သည် ဆီရီယား ကာကွယ်ရေးဝန်ကြီးဌာနတွင် ထိတ်တန်း ရာထူးကို ရရှိထားသူလည်း ဖြစ်သည်။ ဘရမ်နာ အား သုတ်သင်ရန် ဘင် ဂူရီယန်က အတည်ပြုပေးခဲ့ပြီးနောက် ယာယစ် သည် ရောဘတ်၏ ရော်ဘာ ဖေါက်ခွဲရေး အပြားကို သုံးရန် ဆုံးဖြတ်ခဲ့သည်။

 

၁၉၆၂ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဒမပ်စကပ်ရှိ ဘရမ်နာသည် စာအိတ်အထူကြီး တလုံး လက်ခံရရှိခဲ့သည်။ ဖွင့်ကြည့်ပြီးနောက် ဗုံးပေါက်ကွဲသွားသဖြင့် မျက်နှာတခုလုံး ရစရာ မရှိအောင် ဒဏ်ရာရရှိသွားခဲ့သည်။ ဘယ်ဖက် မျက်လုံး လည်း ကွယ်သွားခဲ့သည်။ သို့သော် အသက်မသေခဲ့ပေ။

 

ယူနစ် ၁၈၈ လည်း ဗုံးကို အောင်မြင်စွာ ပြစ်မှတ်ထံ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် စိတ်အား တက်ကြွလာပြီး ဂျာမန်သိပ္ပံပညာရှင်များကို အလားတူ နည်း ဖြင့် သုံးရန် စိတ်ထက်သန်လာကြသည်။ သို့သော် မော့ဆက်က ကန့်ကွက်လာခဲ့သည်။ စာပို့သမားလည်း စာအိတ်ကို ဖွင့်နိုင်သည်၊ အိမ်ရှိ ကလေးလည်း ဖွင့်နိုင်သဖြင့် ထွက်ပေါ်လာမည့် ရလာဒ်ကို ထိမ်းချုပ်နိုင်စွမ်း မရှိဟု ပြောလာခဲ့သည်။

 

အီဂျစ်ရှိ ဂျာမန် တို့က စာများ တိုက်ရိုက် ရောက်ရှိဖို့က မလွယ်ကူလှပေ။  အီဂျစ် လေကြောင်းလိုင်း ဖြင့် ပါလာသော စီမံကိန်း ရုံး နှင့် ပါတ်သက်သော စာမှန်သမျှကို အီဂျစ် ထောက်လှမ်းရေး က သိမ်းယူပြီးမှ ကိုင်ရိုသို့ ပို့ပေးလေ့ရှိသည်။ ထို့အတွက် ညအချိန် လေကြောင်းလိုင်းရုံးသို့ ဖေါက်ထွင်းဝင်ရောက်ပြီး ချောစာအိပ်များထဲ စာအိပ်များ ထည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

 

မော့ဆက်၏ အလုပ်ရုံများမှ သော့အားလုံးကို ဖွင့်နိုင်သော မာစတာကီးကို လုပ်နိုင်သည့် နည်းကို သိသောကြောင့် မော့ဆက် အဖွဲ့ဝင်များ မှ ဖရန့်ဖွတ်ရှိ အီဂျစ်လေကြောင်းလိုင်း ရုံးကို ယူနစ် ၁၈၈ ဖေါက်ထွင်းဝင်ရောက်နိုင်ရန် ကူညီပေးခဲ့သဖြင့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် အကောင်အထည် ဖေါ်နိုင်ခဲ့သည်။

 

၁၈၈ အဖွဲ့ဝင်များထဲမှ နှစ်ဦးက စုံတွဲအဖြစ် ဟန်ဆောင်ပြီး ရုံးအ၀င်တံခါးဝတွင် ဖက်ရမ်းနမ်းရှုံချင်ယောင် ဆောင်နေကြသည်။ ထိုစုံတွဲ၏ နောက်တွင် ပုန်း၍ နေသူက တံခါးဖွင့်ဖို့ လုံးပမ်းခဲ့သည်။ တံခါးပွင့်သွားသည်နှင့် အဖွဲ့က ရုံးခန်းထဲ ၀င်လာကြသည်။ သို့သော် ချောစာအိပ်ထုတ်ကြီးကို ရှာမတွေ့ ဖြစ်နေကြသည်။ နောက်နေ့တွင် ထပ်ကြိုးစားခဲ့ကြပြန်သည်။ သို့သော် ဒီတကြိမ် အမျိုးသမီး အဖွဲ့ဝင်တဦးမှ ပါမလာခဲ့၊ အားလုံးက တံခါးဖွင့်ရန် ကြိုးစားနေချိန်တွင် ရုံးအစောင့် ဖြစ်သူက အရက်မူးမူးဖြင့် ရောက်လာခဲ့သည်။ ထို့အတွက် လိင်တူ ဆက်ဆံသူများ အဖြစ် ကမန်းကတန်း အယောင်ဆောင်ကာ ဖက်ရမ်း နမ်းရှုံ့ကြရလေတော့သည်။ အရက်မူးနေသော အစောင့် သံသယ မ၀င်ခင်မှာပင် သူတို့လည်း လွတ်မြောက်လာခဲ့သည်။ နောက်တညတွင် အလားတူ ထပ်မံကြိုးပမ်းကြပြန်သည်။ ဒီတကြိမ်တွင်တော့ ရှောရှော ရှုရှု အောင်မြင်သွားခဲ့သည်။ အီဂျစ်သို့ ပို့မည့် ချောစာအိပ်ထုတ်ကြီးအား စားပွဲတခုပေါ် တင်ထားသည်ကို တွေ့လိုက်ရသည်။ အိတ်ကို ဖွင့်ပြီး ဗုံးများ ပါသည့် စာအိပ်များကို ထည့်ခဲ့ကြသည်။

 

အဓိက ပြစ်မှတ်အဖြစ် ပလစ်ဇ် ကို ရွေးချယ်ထားခဲ့သည်။ ထောက်လှမ်းရေး သတင်းများအရ ပလစ်ဇ်သည် လက်ရှိ ဇနီးကို ကွာပြီး သူ၏ အတွင်းရေးမှုး ဟန်နီလိုး ၀င်ဒီ ဆိုသည့် အမျိုးသမီးကို လက်ထပ်ရန် ရည်ရွယ်ထားကြောင် သိထားခဲ့ပြီး ဖြစ်သည်။ သူ၏ ဇနီးသည် ဘာလင်တွင် နေသည်၊ သို့သော် ကွာရှင်းပြတ်စဲရန် အတွက် ဟမ်းဘတ်ရှိ ရှေ့နေတဦးကို ငှားရမ်းခဲ့သည်။ ထို့အတွက် ရှေ့နေထံမှ ပို့လိုက်သော စာအိတ်နှင့်တူအောင် ပြုလုပ်ခဲ့ကြသည်။ ရှေ့နေရုံး လိပ်စာ နှင့် အမှတ်တံဆိပ်ကို စာအိပ်နောက်တွင် မြင်သာအောင် ပြထားသည်။ သို့မှသာ စီမံကိန်း ရုံးရှိ ၀င်ဒီက ကိုယ်ရေးကိုယ်တာ စာဟု ယူဆပြီး ဖွင့်မဖေါက်ပဲ ပလစ်ဇ် ထံ တိုက်ရိုက် ယူသွားမည် ဖြစ်သည်။

 

သို့သော် သူတို့ စီစဉ်ထားသလို ဖြစ်မလာခဲ့၊ နိုဝင်ဘာ ၂၇ ရက်တွင် စာကို လက်ခံရရှိခဲ့သော ၀င်ဒီသည် ပလစ်ဇ် ၏ စာ ကို သူ့စာဟု မှတ်ယူနေပြီ ဖြစ်သဖြင့် ကိုယ်တိုင်ပင် ဖွင့်ဖေါက်လိုက်ရာမှ ဗုံးပေါက်ကွဲသွားခဲ့ရသည်။ သူမ၏ လက်သဲအချို့ လွင့်ထွက်သွားပြီး မျက်လုံးတလုံးကန်းသွားခဲ့ပြီး ကျန်မျက်လုံးလည်း ပျက်စီးသွားသည်။ သွားဖုံးမှ သွားအချို့လည်း ကျွတ်ထွက်သွားခဲ့သည်။ အီဂျစ် အာဏာပိုင်များ က ချက်ခြင်းလို အခြေအနေကို ရိပ်စားမိလိုက်ပြီ ဖြစ်သည်။ ကျန်သည့် စာမှန်သမျှကို X-rays စက်ဖြင့် ရှာပေတော့သည်။ ထို့နောက် ကိုင်ရိုရှိ ဆိုဗီယက်ထောက်လှမ်းရေအား ဗုံးကို ဖယ်ရှားရန် လွှဲပြောင်းပေးခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ကိုင်ရိုရှိ သိပ္ပံပညာရှင်များ နှင့် သူတို့၏ မိသားစုများ အထိတ်တလန့် ဖြစ်လာကုန်ကြတော့သည်။ သို့သော် လစာ နှင့် နေရထိုင်ရသည့်ဘ၀က မက်လောက်စရာ ဖြစ်သဖြင့် အလုပ်မှ ထွက်ရန်တော့ မည်သူမှ စိတ်မကူးကြပေ။ အီဂျစ်ထောက်လှမ်းရေးကလည်း လုံခြုံရေး အတွက် ယခင် ဂျာမန် SS အရာရှိဟောင်း တဦးဖြစ်သည့် ဟာမန်း အဒေါ့ဖ် ဗယ်လင်တင် ဆိုသူကို ငှားရမ်းခဲ့သည်။ သူက Intra ကုမ္ပဏီရုံးအပြင် စီမံကိန်း အတွက် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီ ရုံးများ သို့ အရောက်သွားပြီး လုံခြုံရေး အတွက် တံခါးသော့များ အကုန် လဲပြစ်ရန်၊ စာများကို သေချာစွာ စီစစ်သိမ်းဆည်းရန် အကြံပေးခဲ့သည်။ ကုမ္ပဏီဝန်ထမ်း အချို့၏ နောက်ကြောင်းရာဇ၀င်များကိုလည်း စုံစမ်းခဲ့ပြန်သည်။