D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၇၀)

by Hla Soewai - Apr 23 2022

ပြင်းထန်စွာ ထိုးနှက်တိုက်ခတ်လာသော လေအရှိန်ကြောင့် မိုးစက်မိုးပေါက်များ နှင့် မြူများကို ရှင်းထုတ်ပေးလိုက်သလို ဖြစ်လာရသည်။ ကော်ဗက် စစ်ရေယာဉ် ၇၄၅ ကက်ပတိန်သည် ကွပ်ကဲရေး မျှော်စင်မှနေ၍ ယူဘုတ် ၅၀၉ နှင့် မလှမ်းမကမ်း ကိုက် ၁၅၀ ခန့်အကွာ ရှိ ကမ်မီလာ ငါးဖမ်းသင်္ဘောကိုပါ လှမ်းမြင်လာရပြီ ဖြစ်သည်။

 

သူ၏ မှန်ပြောင်းထဲတွင် သင်္ဘောရှေ့ဖက် ကုန်းပတ် ပေါ်တွင် ရပ်နေသော လူနှစ်ဦးနှင့် ၎င်းတို့အား ကယ်ဆယ်ရန် စုရုံးလာသော ယူဘုတ်ရှိ သင်္ဘောသားများကိုပါ မြင်လာခဲ့သည်။  ကက်ပတိန်သည် အချိန်ဆိုင်းမနေတော့ပဲ ပစ်မိန့်ပေးလိုက်သည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် စက်သေနတ်များက ချိန်ရွယ်ပြီးသား ဖြစ်လာခဲ့သည်။ 

 

နျုမန်သည် စက်သေနတ်သံများကို ကြားလိုက်ရပြီး တပြိုင်တည်းလိုလို သူတို့ ခေါင်းပေါ်မှ ဖြတ်ကျော်သွားမှန်း သိလိုက်သည်။ ဒုတိယ အတွဲလိုက် ပစ်ခတ်လိုက်သည့် ကျည်များသည် ယူဘုတ်၏ ဘေးနံရံ ကို ထိမှန်သွားသည်။ သင်္ဘောသားများလည်း ကုန်းပတ်ပေါ်တွင် ပင် ဝမ်းလျားမှောက် ကာ အကာအကွယ် ယူလိုက်ကြရသည်။ ထို့နောက်တွင်တော့ စက်သေနတ်ကျည်များသည် ကမ်မီလာ ဖက် ဦးလှည်လာခဲ့သည်။ ငါးဖမ်း သင်္ဘော၏ ကုန်းပတ်ပေါ်တွင် အကာအကွယ် ယူစရာ ဟူ‌‌၍ မရှိ ဖြစ်နေသည်။ အမြှောက်ကျည်သည် ကက်သရင်းအား ထိမှန်သွားပြီး သူမ ခန္ဓာကိုယ်သည် ချက်ခြင်းလို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားသည်။ သူမ၏ ခေါင်းသည်လည်း သွေး အလိမ်းလိမ်း နှင့် လွင့်ထွက် လာပြီး ဦးနှောက် အပိုင်းအစများ ပြန့်ကျဲထွက်သွားသည်။

 

နျုမန်သည် ရှေ့ကိုတိုးသွားပြီး ယူဘုတ်ပေါ် တက်နိုင်ရန် အားယူလိုက်သည်။ ထိုအချိန်မှာပင် ကော်ဗက် ၏ စက်သေနတ်ကျည်ကြောင့် သူ၏ ခြေထောက်သည်  ဒူးဆစ်မှနေ၍ ပြတ်ထွက်သွားသည်။ နျုမန်သည် အသံနက်ကြီး နှင့် အော်ဟစ်ရင်း ရှေ့သို့ တွားသွားနေပြန်သည်။ ဒုတိယ ကျည်သည် သူ၏ ကျောရိုးကို ထုတ်ချင်းပေါက် ဝင်သွားခဲ့သဖြင့် သူ့တွင် ခံစားမှု မှန်သမျှ ပျောက်ကွယ်သွားရသည်၊ နောက်ဆုံးကျည် သည် သူ၏ ခေါင်းကို ထိမှန်သွားခဲ့သဖြင့် နျုမန်၏ မျက်လုံးများထဲတွင် ‌အမှောင်ထု က ဖုံးလွှမ်းသွားခဲ့ပေတော့သည်။

 

ယူဘုတ်၏ မျှော်စင်မှ ကြည့်နေသော မက်စ်‌ ဟော့ဖ် မင်းသည် လည်း ထိုအဖြစ်အပျက်များကို မြင်လိုက်ရသည်နှင့် သူ၏ ပထမ အရာရှိအား ဒီဇယ် အင်ဂျင်ကို စက်ကုန်ဖွင့်ပြီး ရေအောက်သို့ အမြန်ဆုံး ငုပ်သျိုးရန် အမိန့်ပေးလိုက်တော့သည်။

 

စက္ကန့်ပိုင်း အတွင်းမှာပင် ယူဘုတ်သည် ပစ်ခတ်ခံနေရာသည့် နေရာ မှ ခွာလာခဲ့ပြီး နှစ်မိနစ် အကြာတွင်မူ မြောက်ပင်လယ် ရေအောက်သို့ ငုပ်လျိုး ပျောက်ကွယ်သွားပေတော့သည်။

 

ကုန်းပတ် ပေါ်တွင် သွေး အလိမ်းလိမ်း နှင့် ကမ်မီလာ သည်သာ ပင်လယ်ပြင်တွင် ထီးထီးကြီး ကျန်ခဲ့ရာမှ ရေအောက်သို့ နစ်မြုပ်စ ပြုလာနေသည်။

 

ထိုအဖြစ် ကို ‌မြင်နေရသော ရီဘက်ကာ ပေါ်မှ လူများလည်း ပျော်ရွှင်လွန်း၍ သူတို့ အချင်းချင်း ပွေ့ဖက် ကုန်ကြပြီး ဆူညံ ဟစ်အော်ကုန်ကြတော့သည်။ ဟာရီ ဒေါ်လ်တန်လည်း ‌အခြေအနေ အရပ်ရပ်ကို ဗီကာရီ ထံ အစီရင်ခံလိုက်သည်။ 

 

ဗီကာရီလည်း သတင်းရလျင် ရခြင်း ရေငုပ်သင်္ဘော ခြေရာခံသည့် စခန်းသို့ ဖုန်းခေါ် ပြီး အာသာ ဘရိတ်ဝိတ်အား ကျေးဇူးတင်စကား ပြောလိုက်သည်။ ပြီးသည်နှင့် ဆာ ဘက်ဆယ် ဘုသီအား အားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။ 

 

*************** 

 

ဂျင်နီ ကော်ဗီးသည် ကမ်မီလာ လှုပ်ခါသွားသည်ကို သတိထားမိလိုက်သည်။ သူမလည်း ဝမ်းလျားမှောက် ပစ်လဲကျသွားသဖြင့် ခေါင်းကို လက်နှစ်ဖက် နှင့် အုပ်ထားလိုက်ရသည်။ ပစ်ခတ်သံများလည်း ချက်ခြင်းလို တိတ်ဆိတ်သွားခဲ့သည်။ သူမ အဖို့က ကြောက်စိတ်များ လွှမ်းမိုးနေ၍ တုတ်တုတ်မျှ မလှုပ်ရဲအောင် ဖြစ်နေသည်။ သင်္ဘောသည် အထိန်းအကွပ် မရှိ ယိမ်းထိုးနေပြီ ဖြစ်သည်။ သင်္ဘောစက်ပျက် သွားသောကြောင့်သာ လှိုင်းပုတ်ဒဏ်ကို အတာအဆီး မရှိ ခံနေရခြင်း ဖြစ်သည်။ သူမအဖို့ မတ်တတ်ထရပ်ပြီး အပြင်သို့ ထွက်ကာ သူ အသက်ရှင်လျက် ရှိဆဲ ဆိုသည်ကို အခြား သင်္ဘောမှ လူများ မြင်အောင် အချက်ပြမှ ဖြစ်ပေတော့မည်။

 

အားတင်းပြီး မတ်တတ်ထရပ်လိုက်သော်လည်း သင်္ဘောလည်း လှုပ်ခါသွားပြန်သဖြင့် ချက်ခြင်းလို လဲကျသွားပြန်သည်။ နောက်တကြိမ် ထရပ်လိုက်ပြန်သည်။ အပေါ်သို့ တက်သည့် လှေကားမှ တက်ဖို့ မည်သို့မျှ ပင် မဖြစ်နိုင်သည့် အနေအထားကို ကြိုးစား တက်လာခဲ့ပြီး ကုန်းပတ်ပေါ်သို့ နောက်ဆုံးတွင် ရောက်လာခဲ့သည်။ လေက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တဟူးဟူး နှင့် တိုက်ခတ်နေသည်။ မိုးကလည်း ဘေးတိုက် ရိုက်ခတ်လာနေပြန်သည်။ သင်္ဘောသည် ပတ်ချာလည် ဝှေ့ရမ်းနေပြီး နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ မတ်တတ်ရပ်လို့ မည်သို့မျှ မဖြစ်နိုင်တော့၊ သင်္ဘောဦးပိုင်းဆီ မျက်စိ ရောက်သွားပြန်၍ အလောင်းများကို လှမ်းမြင်လိုက်ရသည်။ သေနတ်ဒဏ်ရာများကြောင့် ရိုးရိုးသေဆုံးနေခြင်းမဟုတ်ပဲ ခန္ဓာကိုယ်က အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေသည်။ သူတို့ အနီးတဝိုက်တွင်လည်း သွေးများကြောင့် ပန်းနုရောင် တောက်နေသည်။ ဂျင်နီသည် ပျို့အန်ချင်သလို ဖြစ်လာ၍ မျက်စိလွှဲလိုက်ရသည်။ မလှမ်းမကမ်းတွင် ပင်လယ်အောက်သို့ ပျောက်ကွယ် ဝင်ရောက် စ ပြုနေသည့် ယူဘုတ်ကို လှမ်းတွေ့နေရပြန်သည်။

 

သင်္ဘော၏ အခြားတဖက်တွင် မကြီးလွန်း ‌မသေးလွန်း အရွယ်အစားရှိ မီးခိုးရောင် စစ်သင်္ဘောတစီးက သူမရှိရာဖက် ဦးတည် ခုတ်မောင်းလာနေသည်။ စောစောက သင်္ဘောအောက်ရှိ အပေါက်မှ လှမ်းမြင်ခဲ့ရသည့် သင်္ဘောအသေးလေးသည်လည်း သူမ ထံသို့ စက်ကုန်ဖွင့် မောင်းလာနေပြန်သည်။

 

ဂျင်နီသည် လက်ကို ဝှေ့ရမ်းရင်းက အသံကုန် ဟစ်အော်‌နေခဲ့သည်။ သူ ဘယ်လို လုပ်ခဲ့တာကိုလည်း သူတို့ကို ပြောပြချင်နေမိသည်။ သူမ စက်ကို ရပ်အောင် လုပ်နိုင်ခဲ့၍သာ စပိုင်များ ယူဘုတ်ပေါ် အချိန်မီ ရောက်မသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကို တွေးလိုက်မိ၍ သူမ စိတ်ထဲတွင် ဂုဏ်ယူ ဝင့်ကြွားစိတ်များ တဖွားဖွား ပေါ်ပေါက်လာနေမိသည်။

 

ကမ်မီလာသည် ကြီးမားလှသော လှိုင်းလုံးကြီးများ ပေါ် တက်သွားလိုက်၊ အောက် သို့ နိမ့်ဆင်းလာလိုက် ဖြစ်နေသည်။ ဘယ်ဖက်သို့လည်း အတော်ကို စောင်းလာနေပြီ ဖြစ်သည်။ ထို့နောက် လှိုင်းခွက်များကြားထဲ ဦးစိုက်သွားပြန်ပြီး တဖန် ပြန်တည့်မတ်လာပြီး ချက်ခြင်းလို ညာဖက်သို့ တိမ်းစောင်းသွားရပြန်သည်။

 

ဂျင်နီလည်း အောက်သို့ ဆင်းသည့် အပေါက်ဝရှိ လှေကား လက်တန်းကို မည်သို့မျှဆက်၍ ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ပဲ ပင်လယ်ထဲသို့ လွင့်စင်ကျသွားရပေတော့သည်။

 

ပင်လယ်ရေမျက်နှာပြင်၏ အအေးဓါတ်သည် သူမ တသက်နှင့် တကိုယ် မခံစားဖူးအောင် အေးစိမ့်နေသည်။ သူမတကိုယ်လုံးလည်း ထိတ်လန့် ကြောက်ရွံ့မှု များ နှင့်အတူ ထုံကျင်ကာ မလှုပ်နိုင် မရှားနိုင် ဖြစ်လာနေသည်။

 

ရေမျက်နှာပြင် ပေါ် ခေါင်းဖေါ်၍ရရန် ကြိုးစားပြီး ပါးစပ်ကို ဟကာ အသက်ကို ဝအောင် ရှုသွင်းနေရသည်။ သို့သော် ပင်လယ် ဆားငန်ရေများက ပါးစပ်ထဲ ဝင်လာနေသည်။ ရေအောက်သို့ ပြန်ရောက်သွားပြန်ပြီး ပါးစပ်တခုလုံး ဆို့တက်လာကာ အသက်ရှု မရ ဖြစ်လာပြီး သူမ၏ ဝမ်းဗိုက်ထဲနှင့် အဆုပ်ထဲတွင် ရေများ နှင့် ပြည့်လျံတက်လာသည်။ 

 

အသက် အနည်းငယ် ရှု့ခွင့်ရလိုရငြား ရေပြင်ပေါ်သို့ တက်နိုင်ရန် ခြေထောက်ကို အားပြု ကန်ကျောက်ရင်း တက်ဖို့ ကြိုးစားလိုက်သော်လည်း ခေါင်းပေါ်သည် ဆိုယုံနှင့် ပင်လယ် လှိုင်းလုံးများက ရေအောက်သို့ သူမအား ပြန်ဆွဲချ သွားပြန်သည်။ 

 

တဖြေးဖြေး နှင့် သူမလည်း ရေအောက်သို့ နစ်မြုပ်သွားရပေတော့သည်။ သူမအဖို့ အအေးဒဏ်ကိုလည်း မခံစားရတော့၊ ပတ်ဝန်းကျင် တခုလုံးလည်း သိပ်သည်းသော ‌အမှောင်ထုက ကြီးစိုးလာခဲ့ပြီ ဖြစ်သည်။ 

 

*****************

 

သင်္ဘောပျက် ရှိရာသို့ ရီဘက်ကာ သည် အရင် ရောက်လာခဲ့သည်၊ လော့ဝုဒ် နှင့် ရိုခ်ျ တို့သည် ပဲ့ခန်းထဲတွင် ရှိနေကြပြီး ဟာရီ နှင့် ပီတာ ဂျော်ဒန်တို့သည် သင်္ဘောဦးပိုင်းတွင် ရပ်နေကြသည်။ ဟာရီ သည် အသက်ကယ်ဘောကွင်းကို ကြိုးနှင့်ချည်ပြီး ကျန်ကြိုးစကို သင်္ဘောဦးရှိ တန်းတခုတွင် တုပ်နှောင်လိုက်သည်။ ထို့နောက် ဘောကွင်းကို ရေထဲသို့ ပစ်ချပေးလိုက်သည်။ 

 

ဂျင်နီ ရေပေါ်သို့ ဒုတိယအကြိမ် ပြန်ပေါ်လာပြီး ထပ်မြုပ်သွားသည်ကို တွေ့လိုက်ကြပြီးနောက် အရိပ်အယောင်မျှပင် မတွေ့ကြရတော့၊ လော့ဝုဒ်သည် ရီဘက်ကာကို ကမ်မီလာ နှင့် ကပ်နိုင်သမျှ ကပ်အောင် ကြိုးပမ်းနေသည်။

 

ဂျော်ဒန်သည် သင်္ဘောဦးမှ တခုခု မြင်လာရနိုးနှင့် ငုံ့ကြည့်နေသည်။ ထို့နောက် ထရပ်လိုက်ပြီး ဘာမပြော ညာမပြောနှင့် ရေထဲသို့ ဒိုင်ဗင် ထိုး ဆင်းသွားသည်။ "ဟေး..ဂျော်ဒန် ရေထဲ ရောက်နေပြီ၊ သိတ်မကပ်နဲ့တော့" ဟု လော့ဝုဒ်ကြားအောင် လှမ်းအော်လိုက်သည်။

 

ဂျော်ဒန်သည် ရေအောက်ငုပ်သွားရာမှ ပြန်ပေါ်လာပြီး သူ့ကိုယ်ပေါ်က အသက်ကယ် အင်္ကျီကို ဆွဲချွတ်‌ နေ၍  ဟာရီ က "ဟေ့လူ ..ခင်ဗျား ဒါဘာလုပ်တာလဲ" ဟု လှမ်းအော်လိုက်သည်။

 

"ဒါကြီး နဲ့ ရေအောက် အနက်ပိုင်းကို ငုပ်လို့ မရဖူး ဗျ"

 

ဂျော်ဒန်သည် ပါးစပ်ကို ဟကာ အဆုပ်ထဲ လေအပြည့် ဝင်ရန် ရှုသွင်းလိုက်သည်။ ထို့နောက် ရေအောက်သို့ ငုပ်သွားပြန်သည်။ လှိုင်းများက ကမ်မီလာ၏ ဘယ်ဖက်ခြမ်းကို ပြင်းထန်စွာ ရိုက်ပုတ်နေ၍ ရီဘက်ကာ ရှိရာဖက်သို့ တိုးကပ်လာနေသည်။ ဟာရီ က နောက်လှည့်ပြီး လော့ဝုဒ် မြင်အောင် လက်ရမ်းပြလိုက်ပြီး "နောက်ကို နဲနဲ ပြန်ဆုတ်၊ ကျုပ်တို့ သင်္ဘောကို ဝင်တိုက်တော့မယ်"

 

ဂျော်ဒန်သည် နောက်ဆုံးတွင်တော့ ရေပေါ် ပြန်ပေါ်လာသည်။ သူ့လက်ထဲတွင် ဂျင်နီ တွဲရက်သား ပါလာသည်။ သူမသည် သတိမေ့မျောနေပြီး ခေါင်းက တဖက်သို့ စိုက်နေသည်။ ဂျော်ဒန်သည် အသက်ကယ် ဘောကွင်းကို ချည်ထားသော ကြိုးကို ဖြည်လိုက်ပြီး ဂျင်နီ ကိုယ်အား ပတ်ချည်ပေးလိုက်သည်။ ဟာရီအားလည်း အဆင်သင့် ဖြစ်ပြီ ဆိုကာ လက်မထောင်ပြလိုက်သည်။ ဟာရီသည် ကြိုးကို ကိုင်ကာ ဂျင်နီအား ဆွဲယူလိုက်သည်၊ ကလိုက်ဖ် ရိုခ်ျက ဂျင်နီအား သင်္ဘောပေါ် ဆွဲတင်လိုက်သည်။

 

ဂျော်ဒန်သည် ရေပြင်ပေါ်တွင် အားစိုက် ကူးခတ်နေသည်။ လှိုင်းများက သူ့မျက်နှာကို ဖုံးသွားပြန်သည်။ သူ့မျက်နှာတွင်လည်း အားအင် ကုန်ခန်းနေသည့် လက္ခဏာများ တွေ့ရသည်။ ဟာရီသည် ချက်ခြင်းလို ဂျင်နီကိုယ်တွင် ချည်ထားသော  ကြိုးကို ဖြည်လိုက်ပြီး ဂျော်ဒန်ကို လှမ်းပစ်ပေးလိုက်သည်။ ထိုအချိန်တွင် ကမ်မီလာသည် ရေအောက်သို့ မြုပ်သွားပြီး ဂျော်ဒန်ကိုပါ တပါတည်း ဆွဲယူ သွားပေတော့သည်။

 

*******************