D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၉)

by Hla Soewai - Apr 22 2022

အကယ်၍ သူမသာ စက်ကို ရပ်အောင် ခဏလေး ဖြစ်ဖြစ် လုပ်နိုင်ခဲ့မည် ဆိုလျှင် အတော်ကို အကျိုးရှိနိုင်မည်၊ သူတို့နောက်သို့ ဒလကြမ်း လိုက်နေသော သင်္ဘောတစီး ရှိနေပြီး အခြား သင်္ဘောများလည်း ရှိကောင်း ရှိနိုင်သည်၊ ထိုအထဲတွင် ဂျာမန်ရေငုပ်သင်္ဘောကို ပြန်ပစ်နိုင်မည့် သင်္ဘောမျိုးလည်း ပါလာနိုင်သည်။

 

စက်သံက အတော်ကို ဆူညံနေ၍ သူရှိနေသည့် နေရာ အောက်မှ ထွက်လာပုံရသည်၊ မတ်တတ်ထရပ်နိုင်အောင် ကြိုးစားပြီး ခွေထားသော ကြိုးခွေများ နှင့် သူ ထိုင်နေသည့် တာပေါ်လင် စ ကို ဘေးသို့ တွန်းထုတ်လိုက်သည်။ ထိုအခါတွင် ကြမ်းပြင်တွင် ဖေါက်ထားသော အောက်သို့ ဆင်းသည့် တံခါးရွက် ကို တွေ့လာရသည်။

 

တံခါးကို ဆွဲဖွင့်၍ ရသွားသဖြင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် စက်သံ နှင့် အတူ အပူငွေ့များက ထိုးထွက်လာသည်။

 

ဂျင်နီသည် စက်ကို တွေ့လိုက်ရသော်လည်း စက်နှင့် ပတ်သက်၍ တလုံးတပါဒမျှ သိသူ မဟုတ်ပေ။ ရှောင်သည် တခါက သူ နှိုက်ချွတ် ပြင်ဆင်နေတတ်သည့် ဗင်ကား အစုတ်ကြီး အကြောင်း ရှင်းပြခဲ့ဖူး၍ ကြားဖူးနားဝ သာ ရှိသည်။ သူ ပြောတတ်သည်က ဆီလိုင်း နှင့် ဆီပန့် အကြောင်း ဖြစ်သည်၊ သေချာသည်က ယခု မော်တော် အင်ဂျင်သည် ရှောင်၏ ဗင်ကား အင်ဂျင်နှင့် ကွဲပြားနေမည်မှာ သေချာသည်၊ ယခုက ဒီဇယ် အင်ဂျင်မျိုး ဖြစ်နေသည်၊ ရှောင်၏ ဗင်ကားသည် ဓါတ်ဆီ နှင့် မောင်းရမှန်းကို သူမ သိထားသည်၊ သူမ သေချာပေါက် သိသည်က မည်သို့သော စက်မျိုး ဖြစ်စေ မောင်းဖို့ လောင်စာဆီ လိုသည်၊ လောင်စာ ပေးနေသည့် ပိုက်ကို ဖြတ်ပစ်နိုင်မည်ဆိုက အင်ဂျင်စက် ရပ်သွားမည်သာ ဖြစ်သည်။

 

သို့သော် ဘယ်လိုလုပ် ဖြတ်ပစ်ရမည်နည်း၊ အင်ဂျင်ကို အနီးကပ် လေ့လာကြည့်လိုက်ရာ အမဲရောင် သတ္တုပိုက်လိုင်း များ အင်ဂျင်ထိပ်ပိုင်းကို ဖြတ်ကာ ဘေးဖက်တနေရာတွင် လာစုနေသည်။ ထိုပိုက်လိုင်းများသည် ဆီပိုက်များ ဖြစ်နေလေမလား၊ သို့ဆိုက ဆီပန့် နှင့် ဆက်ထားသော နေရာ ဖြစ်နေမည်လား။

 

အနီးအနားကို မျက်စိကစားကြည့်လိုက်သည်၊ သူမ အဖို့ ထိုသို့ လုပ်နိုင်ရန် ပစ္စည်း ကိရိယာ တခုခု လိုနေသည်၊ သင်္ဘောစက် သာ ပင်လယ်ထဲတွင် ပျက်သွားခဲ့လျှင် ပြင်နိုင်ဆင်နိုင်ဖို့ ပစ္စည်းကိရိယာများ ရှိကို ရှိနေရမည် ဖြစ်သည်။ အခန်း၏ အဆုံးတွင် ကိရိယာ တန်ဆာပလာများ ထဲ့ထားသည့် သေတ္တာတလုံးကို တွေ့လိုက်၍ ဝမ်းလျှားထိုး သွားလိုက်သည်။ ထို့နောက် အပေါက်မှနေ၍ အပြင်ကို လှမ်းကြည့်လိုက်သည်။ ယူဘုတ်ကြီး၏ ကိုယ်ထည်က သူမ မြင်ကွင်းကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။

 

သူတို့ သင်္ဘောသည် ယူဘုတ်နှင့် အတော်ကို နီးကပ်လာနေပြီ ဖြစ်သည်၊ ထိုအချိန်တွင် ပြန်ကွေ့သွားသော အခြား သင်္ဘောတစီးကိုပါ လှမ်းတွေ့လိုက်ရသည်၊ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဆီများ နှင့် ပေကျံ ညစ်ပတ်နေသော စက်ပြင် ပစ္စည်းမျိုးစုံ ရှိနေသည်။

 

ထိုအထဲမှ အထစ်များ ပါသည့် ပလိုင်ယာ တစ်ချောင်း နှင့် တူကြီးကြီး တခုကို ဆွဲထုတ်လိုက်သည်။

 

လက်ထဲတွင် ပလိုင်ယာ ကို ကိုင်ပြီး လက်ကောက်ဝတ် က ကြိုးကို ဆွဲလိမ်လိုက်သည်၊ တဖြေးဖြေး နှင့် ကြိုးသည် ပြတ်ထွက်လာပြီး တမိနစ်ခန့် အကြာတွင် သူ့ လက်မှ ပြုတ်ထွက်သွားတော့သည်။ ထို့နောက် ခြေကျင်းဝတ်တွင် ချည်ထားသော ကြိုးများကို ဖြတ်ထုတ်လိုက်ပြန်သည်။

 

ထို့နောက် အင်ဂျင် စက် ရှိရာသို့ ဝမ်းလျားထိုး ပြန်လာခဲ့သည်။

 

ပလိုင်ယာကို ကြမ်းပေါ်ရှိ ကြိုးများ ခွေထားသော အပုံအောက်တွင် ဝှက်ထားလိုက်သည်။ ထို့နောက် တူကြီးနှင့် ပထမဆုံး တွေ့ရသည့် ဆီလိုင်းကို ထုနှက်ပစ်လိုက်သည်။ ဆီလိုင်း ပေါက်ထွက်သွားပြီး ဒီဇယ်များ အပြင်သို့ ယိုစိမ့်ထွက်လာသည်။ နောက်ထပ်လည်း တူနှင့် အချက်ပေါင်း များစွာ တခုမှ မကျန် ပြတ်ထွက်သွားအောင် ရိုက်နှက်လိုက်ပြန်သည်။

 

အင်ဂျင်စက်လည်း ရပ်သွားတော့သည်။

 

အသံပျောက်သွားသည်နှင့် ပင်လယ် မှ လှိုင်းသံ လေသံများကို ကြားလာရသည်၊ အင်ဂျင်ခန်းပေါ်က တံခါးရွက်ကို ပြန်ပိတ်ပြီး ထိုင်ချလိုက်သည်၊ တူ ကိုတော့ သူမ၏ ညာဖက်လက် ဘေးတွင် ချထားသည်။

 

နျုမန် ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် တယောက် မဟုတ် တယောက် ဘာဖြစ်တာလဲ သိရန် အချိန်မရွေး ဆင်းလာကြတော့မည် ဖြစ်သည်၊ ထိုအခါ ဂျင်နီ ကြောင့် စက်ရပ်သွားသည်ကို သိသွားကြတော့မည် ဖြစ်သည်။

 

အပေါ်မှ အောက်သို့ ဆင်းသည့် တံခါး ဗြုန်းဆို ပွင့်သွားပြီး နျုမန် ကသောမျောပါး ပြေးဆင်းလာသည်၊ သူ့မျက်နှာက ကမ်းခြေတွင် တမနက်က တွေ့ခဲ့ရသလိုမျိုး အမောတကော နှင့် ဖြစ်နေသည်။ နျူမန်သည် ဂျင်နီ လက်နှင့် ခြေထောက်များတွင် ကြိုးများပြေနေသည်ကို တွေ့သွားသည်၊ အောက်ကို ငုံကြည့်လိုက်ရာ ဂီယာများ ပြုတ်နေသည်ကို တွေ့လိုက်ရသည်။

 

“ဂျင်နီ .. မင်းဘာတွေ လျှောက်လုပ်ထားတာလဲ”

 

သင်္ဘောသည် ယခုအခါ အထိန်းအကွပ်မရှိ လှိုင်းများပေါ်တွင် ရွေ့လျားနေပြီ ဖြစ်သည်။

 

ဂျင်နီလည်း တူကို ကောင်ကိုင်ကာ မတ်တတ်ထရပ်လိုက်ပြီး တူကို အပေါ်သို့ မြှောက်ကာ စက်ကို ငုံ့ကြည့်နေသော နျူမန် နောက်စေ့ကို အားကုန် လွှဲရိုက်ချလိုက်သည်။ နျုမန် ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားပြီး ကွဲထွက်သွား သော ခေါင်းနောက်က ဒဏ်ရာမှ သွေးများ ယိုစီးကျလာနေသည်။

 

ဂျင်နီလည်း မျက်နှာကို တဖက်သို့ လွှဲပြီး အန်ချလိုက်တော့သည်။

 

                                        ************************

 

ကက်ပတိန် မက်စ် ဟော့ဖ်မင်းသည် လှိုင်းထန်နေသော ရေပြင်ပေါ်တွင် အထိန်းအကွပ်မဲ့စွာ မျောနေသော ကမ်မီလာကို မြင်သွားသည်၊ သင်္ဘောသည် အချိန်မရွေး မှောက်သွားနိုင်၍ သူ့အနေနဲ့ အမြန်လှုပ်ရှားနိုင်မှ ဖြစ်တော့မည်၊ မှောက်သွားပါက သင်္ဘောပေါ်ရှိ ဂျာမန်အေးဂျင်များ ရေခဲတမျှ အေးစိမ့်နေသော မြောက်ပင်လယ်ထဲတွင် မိနစ်ပိုင်း အတွင်း သေဆုံးကြရဖို့သာ ရှိသည်။

 

“နံပတ်ဝမ်း..အဲ့ဒီတည့်တည့်ကို မောင်း၊ ပြီးရင် သင်္ဘောပေါ်ကို တက်ဖို့ လုပ်ပါ”

 

“ဟုတ်..ဟား ကက်ပတိန်”

 

ယူဘုတ်၏ ဒီဇယ် အင်ဂျင်သည် တဒုတ်ဒုတ်နှင့် လှုပ်ရှားလာပြီး သင်္ဘောရှိရာကို ဖြေးဖြေးချင်း ချည်းကပ်လာနေသည်။

 

                                        ******************

 

ဂျင်နီသည် နျုမန် သေများ သွားပြီလားဟု စိုးရိမ်စိတ်များ ဝင်လာပြန်သည်၊ သို့သော် နျုမန် ကိုယ်ကြီးသည် လှုပ်ရှားစ ပြုလာပြီး ဒယီးဒယိုင်နှင့် မတ်တတ်ထရပ်ဖို့ ကြိုးစားနေသည်၊ နောက်ထပ် တူ နှင့် ရိုက်ချလိုက်လို့ ရသော်လည်း ထိုသို့ လုပ်ရန် စိတ်က မရဲ ဖြစ်နေပြန်သည်၊ နျုမန်သည် အခန်းနံရံ ကို မှီလိုက်သည်၊ ဒဏ်ရာမှ ထွက်လာသော သွေးများက သူ့မျက်နှာ နှင့် လည်ဂုတ်ပေါ်ကို စီးကျလာနေသည်၊ မျက်လုံးထဲ စီးဝင်လာသော သွေးများကို လက်နှင့် သုတ်လိုက်ရင်းက “မင်း ဒီမှာပဲနေ၊ အပေါ်ကို တက်မလာနဲ့၊ တက်လာရင် မင်းကို ပစ်သတ်လိမ့်မယ်၊ ငါပြောသလို လုပ် ဂျင်နီ”

 

နျုမန်သည် ယိုင်တိယိုင်းထိုး နှင့် လှေကားမှ တဆင့် အပေါ်သို့တက်သွားသည်၊ ကက်သရင်းသည် သူ့ အဖြစ်ကို မြင်လိုက်ရသည့် အခါတွင်တော့ အထိတ်တလန့် ဖြစ်သွားသည်။

 

“သင်္ဘော စောင်းသွားတုန်း ခေါင်းနဲ့ ဆောင့်မိသွားတယ်၊ စက်ကတော့ သေသွားပြီ”

 

ပဲ့ကိုင်ဘီး အနားတွင် ချထားသော ဓါတ်မီးကို ကောက်ယူလိုက်ပြီး ကုန်းပတ်ရှိရာဖက် ထွက်လာခဲ့သည်၊ ယူဘုတ်၏ မျှော်စင်ရှိရာသို့ ဓါတ်မီးနှင့် အခက်အခဲ တွေ့နေရပြီ ဆိုသည့် သင်္ကေတ နှင့် အချက်ပြလိုက်သည်။ ရေငုတ်သင်္ဘောက သူတို့ ရှိရာသို့ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် နှေးကွေးသော အရှိန်ဖြင့် ချည်းကပ်လာနေသည်၊ သူလည်း ချက်ခြင်းလို ကက်သရင်း ဖက် လှည့်ပြီး သူ့အနားလာဖို့ လက်ပြခေါ်လိုက်သည်။ မိုးရေကြောင့် သူ့မျက်နှာပေါ်က သွေးများ ဆေးပြီးသား ဖြစ်နေသည်။ သို့သော် မျက်နှာကို မော့လိုက်ချိန်တွင် သွေးများက ဆက်ပြီး စီးကျလာနေမှန်း သိလိုက်သည်၊ ယူဘုတ်ရှိရာသို့ လက်နှင့် ဝှေ့ရမ်းပြလိုက်ပြန်သည်။

 

ကက်သရင်းလည်း ကုန်းပတ်ပေါ် ရောက်လာသည်၊ သူတို့ အဖြစ်ကိုလည်း မယုံနိုင်အောင် ဖြစ်နေရသည်၊ မနေ့ နေ့လည်ကပင် MI-5 က လူများ အပြင်က ဝိုင်းထားသည့် ကြားမှ မေဖဲယား လ္ဘက်ရည်ဆိုင်ထဲတွင် သူတို့ နှစ်ဦး ထိုင်နေခဲ့ကြသည်၊ ယခုအခါ သူတို့ ကံအားလျှော်စွာပင် ဂျာမန် ယူဘုတ် ပေါ်သို့ လှမ်းတက်ရန် အသင့်အနေအထား ရောက်လာခဲ့ပြီ ဖြစ်သည်။

 

သူမ၏ စိတ်ပင်ပန်းကြီးစွာ ဖြင့် အထီးကျန် နေခဲ့ရသည့် ခြောက်နှစ်ကာလက နောက်ဆုံးတွင် ကုန်လွန်သွားရတော့မည် ဖြစ်သည်၊ ဒီလို နေ့မျိုး ကြုံရလိမ့်မည်ဟု သူမစိတ်ထဲ တခါမှ ယုံကြည်ခြင်း မရှိ‌ခဲ့ပေ၊ စိတ်ကူးနှင့်ပင် မတွေးမိအောင် ကြိုးစားနေခဲ့ရသည်။ ယခုအခါ သူမစိတ်များ ကလေးတယောက် လို လွတ်လပ်ပေါ့ပါးလာပြီး ပျော်ရွှင်မြူးတူးစွာ ဟစ်အော်နေမိသည်။ နျုမန်လည်း သူ့လိုပင် အော်ဟစ်ရင်း လက်ကို ဝှေ့ရမ်းပြနေသည်။

 

ရေငုပ်သင်္ဘော၏ သံမဏိ ထိပ်ဖျားသည် ကမ်မီလာ၏ ဦးပိုင်းကို ထိကပ်လာသည်၊ သူတို့အား ကြိုဆိုရန် ရေငုပ်သင်္ဘောမှ လူများ ကုန်းပတ်အတိုင်း ပြေးလာနေကြသည်၊ ကက်သရင်းသည် နျူမန်ကို လက်နှင့် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

 

“ကျမတို့ လွတ်ပြီ ကျွတ်ပြီရှင့်၊ အိမ်ပြန်ကြရတော့မယ် သိလား”

 

                                        ****************

 

ဟာရီ ဒေါ်လ်တန် သည် ရီဘက်ကာ၏ ပဲ့ခန်းထဲတွင် ရပ်နေရင်း မြင်နေရသည်များကို ဂရင်းစ်ဘီးလ်ရှိ ဗီကာရီထံ အစီရင်ခံနေသည်။ ဗီကာရီကလည်း တဖန် ရေငုပ်သင်္ဘော ခြေရာခံ စခန်းရှိ အာသာ ဘရိတ်ဝိတ်ထံ ပြန်ပြောပြနေသည်။

 

“ဒမ်းမစ် ကွန်မန်ဒါ၊ ခင်ဗျား ကော်ဗက် ဘယ်မှာလဲ”

 

“အဲ့ဒီနေရာ မှာ ရောက်နေပါပြီ၊ ရာသီဥတု ဆိုးနေလို့ မမြင်ရ ဖြစ်နေတယ် ပြောတယ်”

 

“အဲ့ဒါဆိုလည်း သင်္ဘော ကက်ပတိန်ကို တခုခု လုပ်ဖို့ လှမ်းပြောပါ၊ ကျွန်တော့် လူတွေ ဘာမှ မတတ်နိုင်ဖူး ဖြစ်နေပြီ”

 

“ကျွန်တော်က ဘယ်လို လုပ်ဖို့ ညွှန်ကြားပေးရမှာလဲ”

 

“သင်္ဘောကို အမြှောက်နဲ့ လှမ်းထုပြီး စပိုင်တွေကို အပျောက်ရှင်းပစ်လို့”

 

“ဗိုလ်မှုး ဗီကာရီ၊ ခင်ဗျား မေ့နေတယ်ထင်တယ်၊ သင်္ဘောပေါ်မှာ အပြစ်မဲ့တဲ့ ကလေးမလေး တယောက် ရှိနေသေးတယ်လေဗျာ”

 

“ဘုရားသခင် တပည့်တော်ကို ဒီလို ပြောရလို့ ခွင့်လွှတ်ပေးတော်မူပါ။ ဒီမှာ ကျွန်တော်ပြောမယ်၊ အခုလို သေရေးရှင်ရေး အရေးကြီးနေတဲ့ အချိန်မှာ အဲ့ဒီအတွက် စိုးရိမ်နေလို့ မဖြစ်တော့ဖူး ကွန်မန်ဒါ ဘရိတ်ဝိတ်၊ ကော်ဗက် ကက်ပတိန်ကိုသာ ပြောလိုက်ဗျာ၊ ကမ်မီလာကို သူ့မှာ ရှိသမျှ နဲ့ တစစီ ဖြစ်အောင် လုပ်ပစ်လို့”

 

“နားလည်ပါပြီ”

 

ဗီကာရီသည် တယ်လီဖုန်းကို ချလိုက်ပြီး “ဘုရား..ဘုရား ငါ ဟာ ရက်စက် ယုတ်မာတဲ့ လူတယောက် လုံးလုံး ဖြစ်သွားပါပေါ့လား” ဟု တွေးလိုက်မိတော့သည်။

 

                                        ************************