နိုင်ငံတော် အတိုင်ပင်ခံ မှ တိုက်တွန်းမှု နောက်ကွယ်

by Hla Soewai - Apr 20 2022

အကြမ်းဖက် စစ်တပ်၏ လီဆယ်ဖန်တီးထားသော ပြစ်မှု မျိုးစုံဖြင့် တရားရင်ဆိုင်နေရသော နိုင်ငံတော် အတိုင် ပင်ခံ မှ ပြည်သူများ အချင်းချင်း ညီညွတ်ကြရန် တိုက်တွန်းလိုက်ကြောင်း သူမ၏ ‌ရှေ့နေ အဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက် တခု မှ သတင်းထွက်ပေါ်လာခဲ့သည်။

အသက် ၇၆ နှစ် ရှိနေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများ ညီညွတ်မှု ရရှိရေး အတွက် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြရန်၊ လူတိုင်းတွင် အမြင် တူညီမှု မရှိကြ၍ စိတ်ရှည်လက်ရှည် ထားပြီး ပြောဆို နှီးနှောကြရန် လိုသည် ဟု မှာကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ တရားခွင် နှင့် ပတ်သက်သော မည်သည့် သတင်းမျိုးကိုမှ အပြင်သို့ မပေါက်ကြားရန် စစ်တပ်မှ တားမြစ်ထားသည့်ကြားမှ ယခုလို ရှားရှားပါးပါး ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံ သည် အဘယ်ကြောင့် ထိုသို့ တိုက်တွန်းခဲ့သည့်အပေါ် အသေးစိတ် ပြောဆိုမှု မရှိ သော် လည်း စစ်တပ်နှင့် ဆွေးနွေး ရန် တောင်းဆိုခဲ့ခြင်း မဟုတ်ဟု အဆိုပါ သတင်းရပ်ကွက်မှ ထပ်မံ ရှင်းလင်း ပြော ဆို ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် လက်ရှိတွင် စစ်တပ်၏ မြောက်ကိုရီယား ပုံစံအုပ်ချုပ်ရေး စနစ် အောက်တွင် နေထိုင်သွားမည် ဆိုသည့် အများအခေါ် “မြောက်မြန်မာ ပြည်သူများ” နှင့် ဆွေးနွေး ညှိနှိုင်း ကြရန် ပြောလိုခြင်း ဖြစ်ပုံရသည်ဟု ယူဆရသည်။ ထိုသို့သော လူများကို ဝေဖန်ရှုတ်ချ နေခြင်းသည် ညီညွတ်မှု ရဖို့ ဖြစ်မလာဘဲ ပို၍ သွေးကွဲစေပြီး တဖက်ကလည်း မုန်းတီးစိတ်ဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို မျက်စိမှိတ် ထောက်ခံနေကြမည်သာ ဖြစ်သည်။

လက်ရှိ အနေအထားသည် ပါတီ နိုင်ငံရေး မဟုတ်ဘဲ တမျိုးသားလုံး ရင်ဆိုင် နေရသော ပြည်ဖျက် အန္တရာယ် ဆိုးကြီး ကို အတူ တွန်းလှန် တိုက်ဖျက်သွားရမည့် အချိန် ရောက်နေပြီ ဖြစ်၍ အနီနှင့် အစိမ်းဟူ၍ ခွဲခြား ပြောဆို နေခြင်းမျိုးကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နှစ်သက်ပုံ မရသည်မှာလည်း ထင်ရှားနေသည်။ ထိုသို့ဖြစ်နေလောက်သည်ကို သိမြင်နေ၍ မိမိတို့ အင်အားများကို များသည်ထက်များအောင် စည်းရုံးရန် ဆိုလိုခြင်း ဖြစ်မည်။

ဥပမာ အား ဖြင့် ဦးသိန်းစိန်လက်ထက်က ဝန်ကြီး အဆင့် ရာထူး ရရှိထားသူပင် ထိုစဉ်က ပြိုင်ဖက် ပါတီကို အပြစ်ရှာ ဝေဖန်ခြင်းသည် သူ့အနေဖြင့် ပါတီ နိုင်ငံရေး သဘောဖြင့် မဖြစ်မနေ လုပ်ရခြင်း ဖြစ်သော်လည်း ယခုအခါ တိုင်းပြည် ချောက်ထဲ ထိုးဆိုက် ဆင်းလာနေသည့် အဖြစ်ကို သူတတ်နိုင်သည့်ဖက် မှ အမျိုးသား နိုင်ငံရေး အသွင်တရပ် အနေဖြင့် ပါဝင် တိုက်ပွဲဝင်နေခြင်း ဖြစ်၍ ပြည်သူများက လက်ကမ်းကြိုဆိုရမည်သာ ဖြစ်သည်။ ဤသည်ကိုပင် သံသယ ဖြင့် အပြစ်ရှာ ဝေဖန် နေမှုများက တိုင်းပြည်အတွက် နစ်နာဖို့သာ ရှိပေ သည်။ ထိုသို့သော ဖြစ်ရပ်မျိုးကို ကာကွယ်ရန် တိုက်တွန်းသွားခဲ့ခြင်းပင် ဖြစ်မည်။

လက်ရှိတွင် ပြည်သူများ အပေါ် သတ်ဖြတ် နှိပ်စက်ညှင်းပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကိုပင် ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာမည် ဆိုက ဆုလာဘ်များ ရက်ရက်ရောရော ပေးမည်ဟူ၍ အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြောဆိုလာခဲ့ပြီ မဟုတ်ပါလား။

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရမှ ထိုကြေညာချက် နှင့် ပတ်သက်၍ စစ်ဖက်မှ အသေးစိတ် စုံစမ်း စစ်ဆေးမှု နှစ်ဒါဇင်ခန့် လက်ခံရရှိခဲ့ပြီး ဖြစ်သည်ကို ထုတ်ဖေါ်ပြောဆိုလာခဲ့ပြီး ဖြစ်သည်။

အကယ်၍သာ လေယာဉ် ဆင်းရမည့် ကွင်း ပြင်ဆင်ပေးထားမည် ဆိုလျှင် လေယာဉ် ပါ တခါတည်း ယူဆောင် လာမည် ဖြစ်ကြောင်း ပြောဆိုမှုများ ရှိလာသည်ဟု သတင်း ပြန်ကြားရေး တာဝန်ခံ ဦးနေဘုန်းလတ်က ဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တပ်တွင်း တွင် အက်ကွဲကြောင်းများ ထလာနေသည့် အရေးနှင့် အကြီးအကျယ် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် Bamar People’s Liberation Army (BPLA) မှ မိမိတို့သည် စစ်တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများ ဖြစ်သော ရခိုင် တပ်တော် AA, TNLA နှင့် MNDAA တို့ဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်း မဟာမိတ် အဖွဲ့ကြီးမှ အတူ လက်တွဲ တိုက်ပွဲဝင်သွား မည်ဟူ သော ကတိပြုချက်ကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်ဟု BPLA ၏ ပြောခွင့်ရ ကဗျာဆရာ မောင်ဆောင်းခက တပ်မ တော် တည်ထောင်သည့် တနှစ်မြောက် အခမ်းအနားတွင် ထုတ်ဖေါ်ပြောဆိုသွားသည်။

အဆိုပါ တပ်မတော်သည် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်တွင် မရှိဘဲ သီးခြား ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသား ညီညွတ်ရေး အစိုးရမှ သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Credit - Original Artist