D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၇)

by Hla Soewai - Apr 19 2022

ရီဘက်ကာ သည် အရှည်အားဖြင့် ပေ သုံးဆယ်ခန့်ရှိပြီး သင်္ဘောအလယ်တွင် ပဲ့ထိန်းလက်ကိုင်ဘီးကို တပ်ထားသည်၊ အကျယ်အားဖြင့်လည်း လူနှစ်ယောက် ပုခုံးချင်းယှဉ်၍ ရပ်နိုင်သည် ဆိုယုံမျှသာ ရှိသည်။ သင်္ဘော၏ ဘော်ဒီ တခုလုံးနီးပါးသည် ရေပေါ်တွင် ဝမ်းဗိုက်သည် ရေထဲတွင် နစ်ယုံမျှသာ ရှိနေပြီး အင်ဂျင် အား သင်္ဘောဝမ်းဗိုက်ထဲတွင် တပ်ဆင်ထားသည့် inboard အမျိုးအစား ဖြစ်သည်။ လော့ဝုဒ်က ကြိုပြီး ဖုန်းဆက်ထားသဖြင့် သူတို့ ရောက်သည့် အချိန်တွင် အင်ဂျင်ကို အသင့် စက်နှိုးပြီး စောင့်နေသည်။

 

လော့ဒ်ဝု‌ဒ်၊ ဟာရီ၊ ဂျော်ဒန် နှင့် ရို့ခ်ျတို့လည်း မော်တော်ပေါ် လှမ်းတက်လိုက်ကြသည်နှင့် ဆိပ်ခံဘောတံတား မှ ကြိုးကို တယောက်မှ ဖြည်ပေးလိုက်သဖြင့် လော့ဝု‌ဒ်သည် မော်တော်အား အချက်ပြ အမှတ်အသားပြ လမ်းကြောင်းအတိုင်း မောင်းထွက်လာခဲ့သည်။

 

စက်ရှိန်ကို အမြင့်ဆုံး တင်လိုက်သဖြင့် လေထန်နေသော ရေပြင်ကို ခွဲကာ လျပ်တိုက်ပြေးလွှား သွားနေပြီ ဖြစ်သည်။ အရှေ့ဖက် ကောင်းကင်ယံတွင် ည ၏ အမှောင်ထုသည် ‌တဖြေးဖြေး ကွယ်ပျောက်လာနေသည်။ သင်္ဘော၏ ဘယ်ဖက်တွင် စပမ်းလိုက်ကို ခပ်ရေးရေး မြင်လာရသည်။ ပင်လယ်ပြင်တခုလုံးတွင် သူတို့ သင်္ဘော တစီးသာ ရှိနေသည်။

 

ဟာရီသည် ခေါင်းကိုငုံ့ကာ ရေဒီယိုစကားပြောခွက်ကို ကောက်ကိုင်လိုက်ပြီး ဂရင်းစ်ဘီ တွင် ကျန်ခဲ့သော ဗီကာရီ အား နောက်ဆုံး အ‌ခြေအနေများကို သိရရန် ဆက်သွယ်လိုက်သည်။

 

****************************

 

ရီဘက်ကာ ၏ အရှေ့စူးစုး ငါးမိုင် အကွာခန့်တွင် ကော်ဗက် တိုက်ရေယာဉ် ၇၄၅ သည် လှိုင်းထန်သော ပင်လယ်ပြင်တွင် ကွေ့ကာဝိုက်ကာ နှင့် ဖြေးဖြေးခြင်း မောင်းနှင်နေသည်။ ကက်ပတိန် နှင့် ပထမတန်း အရာရှိ တို့ သည် သင်္ဘော ထိန်းချုပ်ရေး မျှော်စင် ပေါ်မှ မှန်ပြောင်းဖြင့် ရှေ့တူရှု သို့ စိုက်ကြည့်နေကြသည်။ အမှောင်က ကြီးစိုးနေသည့် အပြင် မိုးနှင့် အတူ မြူများ ဆိုင်းလာပြန်၍ မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရသော်လည်း တခုခု တွေ့လို့တွေ့ငြား ကြည့်နေကြခြင်းလည်း ဖြစ်သည်။ 

 

ယခုလို အ‌ခြေအနေမျိုးတွင် သူတို့ ရှာနေသော ဂျာမန် ယူဘုတ်သည် ကိုက်တရာခန့်တွင် ရှိနေသည့် တိုင် မြင်ရမည် မဟုတ်ပေ။ ကက်ပတိန်သည် ရေကြောင်းပြ မြေပုံ ဖြန့်ချထားသည့် စားပွဲရှိရာသို့ လျှောက်လာပြန်သည်၊ ရေကြောင်းပြ အရာရှိသည် တကုန်းကုန်းဖြင့် သွားရမည့် လမ်းကြောင်းကို အကွက်ချနေသည်။ ယခုအခါ ကက်ပတိန်၏ အမိန်ုဖြင့် တိုက်ရေယာဉ် ၇၄၅ သည် ညာဖက်သို့ ၉၀ ဒီဂရီ လှည့်ပြီး ပင်လယ်ပြင် အတွင်းပိုင်းသို့ ရောက်အောင် ဦးတည် မောင်းနှင်နေသည်။ ထို့နောက် ရေကြောင်းလမ်းပြ အရာရှိ မှ ရေငုပ်သင်္ဘော ခြေရာခံ စောင့်ကြည့်သည့် စခန်းသို့ သွားနေသည့် လမ်းကြောင်းသစ် ကို သတင်းပို့လိုက်သည်။

 

****************************

 

လန်‌ဒန် တွင်လည်း အာသာ ဘရိတ်ဝိတ်သည် စားပွဲပေါ်ရှိ  မြေပုံကားချပ်ကြီးကို လက်တဖက်က လက်ကိုင် ကြိမ်လုံးကို အားပြု၍ ရပ်ကာ စူးစိုက် ကြည့်နေသည်။ ရေတပ် နှင့် လေတပ်မှ သတင်းရလျှင် ရခြင်း သူ့အား အမြန်တင်ပြရန်လည်း အသေအချာ မှာကြားထားခဲ့ပြီး ဖြစ်သည်။ အခုလို ရာသီဥတု မျိုး နှင့် ယူဘုတ်တစင်းသည် ရေပြင်ပေါ်ပေါ်လာသည့် တိုင်အောင် ရှာတွေ့နိုင်ဖို့ ဆိုသည်က အတော်ကို မဖြစ်နိုင်မှန်းကို စိတ်ထဲက သိနှင့်ပြီး ဖြစ်သည်။ ရေအောက်တွင် ငုပ်လျိုးနေမည်ဆိုက ရှာတွေ့ဖို့ အခွင့်အလန်းက သုံည ရာနှုန်းသာ ရှိပေတော့မည်။

 

သူ၏ လက်ထောက်က ကော်ဗက် ၇၄၅ လမ်းကြောင်း ပြောင်းပြီး အရှေ့ဖက်ကို ဦးတည်သွားနေပြီ ဆိုသည့် သတင်းပို့ချက် ကို လာပေးခဲ့သည်။ ‌ဒုတိယ ကော်ဗက် ၁၂၈ သည် ၇၄၅ နှင့် နှစ်မိုင်ခန့် အကွာအဝေးတွင် ရှိနေပြီး တောင်ဖက်သို့ ရွေ့လျားနေသည်။ ဘရိတ်ဝိတ်သည် စားပွဲကို မှီလိုက်ပြီး မျက်လုံးကို မှိတ်ကာ မည်သို့မည်ပုံ ရှာရမည်ကို စိတ်ကူးဖြင့် ပုံဖေါ်ကြည့်နေမိသည်။ စိတ်ထဲက လည်း ပျောက်ခြင်းမလှ ပျောက်နေသော မက်စ် ဟော့ဖ်မင်းကို ကျိန်ဆဲလိုက်ပြန်သည်။

 

************************

 

ထိုသို့ ဖြစ်ပျက်နေသည်များကို ဟော့စ် နျုမန် တယောက် ရိပ်စားမိခြင်း မရှိသော်လည်း သူ၏ ကမ်မီလာသည် အရှေ့စူးစူးရှိ စပမ်းဟက်သို့ ရောက်ရန် ခုနှစ်မိုင် ခန့် သာ လိုတော့သည်ဟု  တွက်ဆလိုက်သည်။ ရာသီဥတု အနေအထား က တမိနစ်ပြီး တမိနစ် ပိုဆိုး၍ လာနေသည်။ မိုးများ က သဲသဲမဲမဲ ရွာချနေသဖြင့် ရှေ့တွင် လိုက်ကာကြီး ချထားသလား ထင်နေရသည်။ သူတို့ ရှိရာ ပဲထိန်းဘီး ထားရာ အခန်း၏ ပြတင်းပေါက် မှန်ကို မိုးသီးမိုးပေါက်များက တဝုန်းဝုန်း နှင့် ရိုက်ခတ်နေသည်။ မြောက်ဖက်မှ လေနှင့် အတူ ပါလာသော ရေစီးကြောင်းသည် သူတို့ သင်္ဘောအား လမ်းကြောင်းမှ ဘေးသို့ တွန်းထုတ်နေပြန်သည်။ နျုမန်သည် လမ်းညွန်အိမ်မြှောင် ကိုသာ အားပြု၍ သင်္ဘောကို အရှေ့အရပ်သို့ ဦးတည် မောင်းနှင်နေရသည်။

 

အကြီးမားဆုံး ပြဿနာက ပင်လယ်ပြင်ကြီးပင် ဖြစ်သည်။ ပြီးခဲ့သည့် နာရီဝက် က အတိုင်း အခြေအနေများသည် တကျော့ပြန်လည်လာပြန်သည်။ သင်္ဘောသည် လှိုင်းထိပ် ပေါ်သို့ မြောက်တက်လာပြီး တခဏ အတွင်းမှာပင် အောက်သို့ တောက်လျောက် ထိုးဆင်းကျလာပြန်သည်။ အောက်ရောက်ပြန်လည်း စိမ်းညို့ညို့ အရောင်သမ်းနေသော ပင်လယ်ရေများက ဝါးမြိုသွားမတတ် ထင်ရလောက်အောင် မြုပ်ဆင်းသွားရပြန်သည်။ ကုန်းပတ်သည် အမြဲလို ရေအောက်ရောက်နေတတ်သည်။ 

 

နျုမန်သည် သူ့‌ခြေထောက် နှင့် အာရုံကြောများ အဆက်ပြတ်နေသယောင် ထင်မြင်လာမိ၍ ပထမဆုံး အကြိမ် အဖြစ် အောက်သို့ ငုံ့ကြည်လိုက်မိရာ သူ့ခြေ‌ထောက်သည် ရေခဲတုံးအလား ‌ထင်ရအောင် အေးစိမ့်နေသည့် ရေများအောက်တွင်  ရပ်နေရသည့် အဖြစ်ကို သတိပြုမိသွားခဲ့သည်။

 

သို့သော် သူ့စိတ်ထဲတွင်တော့ ကံကောင်းထောက်မစွာ အဆင်ချောနေဆဲ ဖြစ်သည်ဟု ယူဆနေသည်။ သူတို့ သင်္ဘောလေးသည် ပင်လယ်ပြင်၏ ဒဏ်ခတ်လာမှု မှန်သမျှ ကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေပုံရသည်။ 

 

အချိန်ကား မနက် ငါးနာရီ ခွဲ ရှိနေပြီ ဖြစ်သည်။ သူတို့ဖက် တွင် ရေငုပ်သင်္ဘော နောက်ဆုံးထား စောင့်နေမည့် အချိန်ရောက်ရန် နောက်ထပ် နာရီဝက်ကြီးများပင် ရ‌နေဆဲ ဖြစ်သည်။ နျုမန်သည် သင်္ဘောကို သတ်မှတ်ထားသည့် ဦးတည်ရာ အတိုင်း ‌သွားရန် ပဲ့ကိုင် မောင်းနှင်နေရင်းက အချိန်းအချက် လုပ်ထားသည့် နေရာမှန်သို့ ဦးတည်နေသည်ဟု အပြည့်အဝ ယုံကြည်လျက်ပင် ရှိသည်။ ယခုအချိန်အထိ လည်း သူတို့အား ဟန့်တားမည့် အရာဟူ၍ အရိပ်အယောင်ပင် မတွေ့ရသေးပေ။

 

သူတို့တွင် ဆက်သွယ်ရန် ရေဒီယို စကားပြောစက် ရှိမနေခြင်းက နောက်ထပ် ပြဿနာတခု ဖြစ်လာပြန်သည်။ ကက်သရင်း၏ ရေဒီယိုသည် လန်ဒန်တွင် လက်လွှတ် ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်သည်။ နောက်ထပ် သူ၏ ရေဒီယို သည်လည်း ဟမ်တမ်ဆင်းတွင် မာတင် ကောဗီးလ်၏ ပြောင်းရှေ သေနတ်စာ မိသွား၍ ပျက်ဆီးသွားခဲ့ရပြန်သည်။ အစကသင်္ဘောတွင် ပါပြီး ဖြစ်လိမ့်မည်ဟု နျုမန်က ယူဆထားခဲ့သည်။ ယခုအခါ တွင်တော့ ရေဒီယို မရှိသည့် အတွက် သူတို့လာနေပြီ ဆိုသည်ကို ယူဘုတ် အား လှမ်း၍ အကြောင်းကြား‌‌၍မရ ဖြစ်နေသည်။

 

နျုမန် အဖို့က သင်္ဘောရှိ မီးအားလုံးကို ဖွင့် မောင်းမှသာ ဖြစ်ပေတော့မည်။

 

ဤသည်ကလည်း မလုပ်၍ မဖြစ်လို့သာ လုပ်ရသည့် စွန့်စားမှု မျိုးလည်း ဖြစ်သည်။ သူတို့ သတ်မှတ်ထားသော နေရာသို့ လာနေပြီ ဆိုသည်ကို ယူဘုတ်က လှမ်းမြင်နိုင်ဖို့က ထိုနည်းသာလျှင် ရှိပေတော့သည်။ သို့သော် မီးများဖွင့်၍ မောင်းမှ ယူဘုတ်က မြင်မည်ဆိုလျှင် အနီးအနားရှိ ‌ဗြိတိသျှ တိုက်ရေယာဉ်များနှင့် ကမ်းခြေစောင့် သင်္ဘောများကလည်း မမြင်ပဲ နေကြမည် မဟုတ်။

 

သူတို့ သင်္ဘောသည် ချိန်းဆိုထားသော နေရာနှင့် နှစ်မိုင်လောက် အကွာအဝေးတွင် ရောက်နေပြီဟု နျုမန်က တွက်ဆကြည့်လိုက်သည်။ နောက်ထပ် ငါးမိနစ်လောက် ဆက်သွားဖို့သာ ကျန်တော့သည်၊ နျူမန်သည် မီးခလုတ်ကို လက်လှမ်းပြီး ဖွင့်လိုက်သဖြင့် ကမ်မီလာသည် ချက်ခြင်းပင် မီးထိန်ထိန် လင်းသွားခဲ့ရပေတော့သည်။

 

***************

 

ဂျင်နီ ကော်ဗီး အဖြစ်ကလည်း မသက်သာလှ၊ ရေပုံးထဲသို့ ငုံ့ကာ အန်ခဲ့ရသည်မှာ သုံးကြိမ်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ ဝမ်းဗိုက်ထဲတွင်လည်း နောက်ထပ် အန်စရာ အစာမှ ကျန်ပါ‌သေးလားဟုပင် တွေးမိခဲ့သည်။ နောက်ဆုံး စားခဲ့သည့် အချိန်ကို ပြန်စဉ်းစားနေမိသည်။ မနေ့ညက အဖေကို စိတ်ဆိုးပြီး ဘာမှ မစားပဲ အိပ်ယာဝင်ခဲ့သည်၊ နေ့လည်စာလည်း မစားခဲ့၊ မနက်စာ တော့ စားကောင်း စားနိုင်သည်။ ဤသည်ကလည်း ဘီစကစ် နှင့် လ္ဘက်ရည်‌လောက် ထက် ပိုမည် မထင်။

 

သူ့ရင်ထဲမှ အော်ဂလီ ဆန်လာပြန်သည်။ ဒီတကြိမ်တော့ ပါးစပ်ထဲမှ ဘာမှ ထွက်မလာခဲ့၊ သူမသည် ပင်လယ်ပြင်ကို အိမ်နီးနားချင်း လုပ်၍ လူဖြစ်ကြီးပြင်းလာခဲ့သူ ဖြစ်သော်ငြားလည်း တကြိမ်သာ ကျောင်းမှ သူငယ်ချင်း တယောက်၏ အဖေ နှင့် ဝပ်ရှ် ဖက်သို့ သင်္ဘော လိုက်စီးဘူးသည်။ သို့သော်ယခုလို အတွေ့အကြုံမျိုး က တသက်နှင့် တကိုယ် တခါဖူးမျှ ကြုံခဲ့ဖူးခြင်း မရှိပေ။

 

သူ့အဖို့ လှိုင်းမူးသည့် ဒဏ်ကြောင့် တကိုယ်လုံး လုံးဝ နီးပါး မလှုပ်နိုင်အောင် ဖြစ်နေရသည်။ သူမဖို့ အခုနေ သေသွား ကောင်းမှာပဲ ဟု ပင် အတွေးများ ဝင်လာခဲ့သည်။ လေကောင်းလေသန့် ရှုခွင့်ရလျှင် ကောင်းမှာပဲဟုလည်း တောင့်တနေမိသည်။ သင်္ဘောသည် တချိန်လုံး လူးလာခပ် ယိမ်းထိုးနေသည့်ဒဏ်ကို လှိမ့်ခံနေရသည်။ လက်နှင့် ခြေထောက်များလည်း သင်္ဘောနံရံနှင့် ဆောင့်မိသည့် ဒဏ်ရာဒဏ်ချက်များ နှင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် အသံတခု ကြားလိုက်ရသည်၊ တချိန်လုံး ဆူညံစွာ ခုတ်မောင်းနေသော အင်ဂျင်စက်သံသည် ယခုအခါ ဖွတ်ချက် ဖွတ်ချက်ဟု အသံထွက်လာသည်။

 

သင်္ဘောအင်ဂျင်သည် သူမရှိရာနေရာ၏ အောက်တည့်တည့် တွင် ရှိနေသည်ကို သိလိုက်ရသည်။

 

သူမအဖို့က သင်္ဘောပေါ်မှ ဖြစ်နိုင်သမျှ အမြန်ဆင်းပြီး ကုန်းပေါ် သို့ ခြေချနိုင်ဖို့ကိုသာ အတောင့်တဆုံး ဖြစ်နေသည်။ ယခုတကြိမ် အသက်ရှင်ခွင့် ရဦးမည်ဆိုလျှင် နောက် ဘယ်တော့မှ သင်္ဘော မစီးတော့ဟုလည်း သံဓိဋ္ဌာန် ချပြီး ဖြစ်သည်။ 

 

အခု ဘာတွေ ဖြစ်ကုန်ပြီလည်း၊ သူတို့ ဘယ်ကို သွားနေကြတာလဲ ဟု အတွေးက ခေါင်းထဲရောက်လာပြန်သည်။ ဒီလို သင်္ဘော မျိုး နှင့် တော့ ဂျာမဏီသို့ အရောက် သွားကြလိမ့်မည် မဟုတ်ဆိုသည်က သေချာသည်။ နောက်ထပ် သင်္ဘောတစီးစီး ရှိရာသို့ သွားနေကြခြင်းသာ ‌ဖြစ်မည်။ ထိုအခါကျ သူ့ အတွက် ဘာတွေ ဖြစ်လာနိုင်သလဲ၊ သူ့ကို တပါတည်း ခေါ်သွားမည်လား၊ ဒါမှ မဟုတ် ဒီသင်္ဘောပေါ်မှာပဲ ပစ်ထားခဲ့လေမလား။ သူ့ကိုသာ ဒီအတိုင်းပစ်ထားခဲ့မည် ဆိုလျှင် မည်သူမျှ ရှာတွေ့လိမ့်မည် မဟုတ်သဖြင့် ယခုလို မုန်တိုင်းကြားတွင် မြောက်ပင်လယ်ထဲတွင် အသက်ဆုံရှုံးသွားရဖို့သာ ရှိသည်။

 

သင်္ဘောသည် နောက်ထပ် ဝင်လာသော ဧရာမ လှိုင်း လုံးကြီး နှင့် အတူ မြောက်တက်သွားပြီးနောက် ပြန်ကျလာသည့် အခါ တွင်တော့ ဂျင်နီလည်း ရှေ့ကို မှောက်ရက် လဲကျသွားပြီး ဦးခေါင်းသည် တခုခု နှင့် ဆောင့်မိသွားသည်။

 

သူမရှိနေသည့် အခန်းတဘက်တချက်တွင် အပြင်ကို ကြည့်လို့ရသည့် အပေါက်နှစ်ပေါက် ရှိသည်။ သူမသည် လက်နှစ်ဖက်ကို ကြိုးချည်ခံထားရသော် ငြားလည်း အပေါက်ကို ကာထားသည့် မှန်တွင် ကပ်နေသည့် ရေခိုး ရေငွေ့များကို လက်နင့် ပွတ်သပ်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ ပင်လယ်ပြင်ကြီးက ကြောက်စရာ ကောင်းလွန်းနေသည်၊ စိမ်းပြာရောင် ပင်လယ်ရေ များသည် တောင်ကြီးများ အလား တလိမ့်လိမ့် မြင့်တက်လာနေသည်။

 

ထိုသို့ အသဲယားစရာ မြင်ကွင်းကြားမှ တစုံတခုကို လှမ်းမြင်လိုက်ရပြန်သည်။ ပြောင်လက်နေသော မဲမဲ သဏ္ဍန်တခုသည် ပင်လယ်ရေအောက်မှ တဖြေးဖြေး ထိုးထွက်လာနေသည်။ ကလေး ပုံပြင် စာအုပ်များထဲက မကောင်းဆိုးဝါး ပင်လယ် သတ္တဝါကြီး လို ပင်လယ်ရေများက သူ့ကိုယ်ပေါ်မှ စီးကျလာနေသည်။ 

 

***************

 

ကက်ပတိန် မက်စ် ဟော့ဖ်မန်းသည် ဆယ်မိုင် ပတ်လည် အမှတ်အသားအတွင်း နေနေ ရသည်ကို စိတ်မရှည်နိုင် ဖြစ်လာ၍ စွန့်စားပြီး ကမ်းခြေဖက်သို့ နောက်ထပ် တမိုင် နှစ်မိုင် ခန့် ပိုနီးအောင် ချည်းကပ်လာခဲ့သည်။ ယခုအခါ ကမ်းခြေမှ ရှစ်မိုင် အကွာတွင် ရောက်ရှိလာနေပြီ ဖြစ်၍ အပြင်သို့ ကြည့်လိုက်ရာ မှုန်မှုန် မှိုင်းမှိုင်း ကြားမှ ငါးဖမ်းသင်္ဘောငယ် လေးတစီးအား မီးတလက်လက် နှင့် ခုတ်မောင်းလာနေသည်ကို တွေ့လိုက်ရသည်။ 

 

ဟော့မင်း သည် ချက်ခြင်းလို ယူဘုတ်ကို ရေမျက်နှာ ပြင်ပေါ်သို့ တက်ရန် အော်ဟစ် အမိန့်ပေးလိုက်သည်။ နှစ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ သူသည် မိုးများသည်းထန်စွာ ရွာသွန်းနေသည့် ကြားမှ ထိန်းကွပ်စင်ပေါ်တွင် မတ်တပ်ရပ်လျက်သား ရှိနေသည့် အဖြစ်ကို သတိထားမိလာခဲ့သည်။ အေးမြပြီး သန့်စင်သော လေများက သူ၏ နှာဖျားသို့ တိုးဝင်လာနေသည်၊ သူ့လက်ထဲက ဇိုက်စ် မှန်ပြောင်းနှင့် ငါးဖမ်းသင်္ဘောရှိရာသို့ လှမ်းကြည့် လိုက်သည်။ 

 

*******************