D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၆)

by Hla Soewai - Apr 17 2022

"အခု ပြောလာတာကိုတော့ ခင်ဗျား ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားသင့်တယ် ထင်တာပဲ ဗိုလ်မှူး ဗီကာရီ" 

 

ဗီကာရီ လည်း လော့ဝုဒ် လှမ်းပေးလိုက်သည့် တယ်လီဖုန်း စကားပြောခွက်ကို ဆွဲယူလိုက်သည်၊ တဖက်က လူသည် ကလီသော့စ် မှ အီယန် မက်မန် ဆိုသူ ဖြစ်သည်။

 

"အစကနေ ပြန်ပြောလိုက် အီယန်" ဟု လော့ဝုဒ်က ပြောလိုက်ပြန်သည်။

 

"ဂျက် ကင်ကိတ်ရဲ့ ငါးဖမ်းလှေကို လူနှစ်ယောက် ခိုးပြီး အခု ပင်လယ်ဖက်ကို မောင်းထွက်သွားကြပြီ" 

 

"အိုး မိုင်ဂေ့ါ...ခင်ဗျား အခု ဘယ်က ဆက်နေတာတုန်း"

 

"ကလီသော့စ် က လေ"

 

ဗီကာရီ သည် မြေပုံရှိရာကို စူးစိုက် ကြည့်လိုက်ပြီး "ကလီသော့စ် ဟုတ်လား၊ ကျွန်တော်တို့ လူ အဲ့မှာ ရှိနေတယ် မဟုတ်လား"

 

"ရှိတယ်၊ အခု နှလုံးတည့်တည့် ကို ကျည်ဖေါက်ထွက်သွားတဲ့ ဒဏ်ရာကြီးနဲ့ ရေပေါ်မျောနေလေရဲ့"

 

ဗီကာရီသည် တဖက်လူ မကြားအောင် တိုးတိုး ကျိန်ဆဲလိုက်ရင်းက "ဘယ်နှစ်ယောက် လောက် ရှိလဲ" 

 

"ကျွန်တော် ‌မြင်ခဲ့တာတော့ နှစ်ယောက်ပဲ"

 

"ယောက်ျားတယောက် နဲ့ မိန်းမတယောက်လား"

 

"ကျွန်တော်နဲ့ အရမ်းဝေးပြီး မှောင်လည်း မှောင်နေတော့ ကောင်းကောင်း မသဲကွဲ ဖြစ်နေရတဲ့ ကြားထဲ ကျွန်တော်ကိုပါ လှမ်းပစ်လိုက်တော့ ဝပ်နေရတယ်"

 

"ဒါဆို သူတို့နဲ့ အတူ ကလေးမလေး တယောက်ကို ခင်ဗျား မတွေ့လိုက်ဖူးပေါ့"

 

"မတွေ့လိုက်ဖူး'

 

ဗီကာရီသည် စကားပြောခွက်ကို လက်နှင့် အုပ်လိုက်ပြီး "ဒီအတိုင်းဆို ကောင်မလေး ကားထဲမှာ ကျန်ခဲ့ပုံ ရတယ်၊ ခင်ဗျားတို့ တယောက်‌ယောက်ကို အမြန်ဆုံးလွှတ်ပြီး သွားကြည့်ခိုင်းပေးပါ"

 

လော့ဝုဒ်က ခေါင်းငြိမ့်ပြသည်။

 

ဗီကာရီ က ဖုန်းကို အုပ်ထားသော လက်ကို ဖယ်လိုက်ပြီး "သူတို့ ခိုးသွားတဲ့ သင်္ဘောအကြောင်းလေး တဆိတ်လောက်"

 

"သင်္ဘောက ငါးဖမ်းသင်္ဘော၊ နာမည်က ကမ်မီလာ၊ သင်္ဘောက အခြေအနေ အတော်ဆိုးတယ်၊ ဒီလို သင်္ဘောမျိုး နဲ့ ခုလို မုန်တိုင်းကြားမှာ ကျွန်တော်ဆို မသွားဘူး"

 

"နောက်ထပ် မေးစရာလေး တခု ကျန်သေးတယ်၊ အဲ့ဒီ သင်္ဘောမှာ ရေဒီယို စကားပြောစက် ရှိလား"

 

"နိုး၊ ရှိတယ်လို့ မကြားဖူး"

 

ဗီကာရီ က ဘုရားမပေလို့ပဲ ဟု တွေးလိုက်ရင်း "အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ" ဟု ပြောလိုက်သည်။

 

ဗီကာရီ က ဖုန်းကို ချလိုက်သည်၊ လော့ဝုဒ်သည် မြေပုံ ရှေ့တွင် ရပ်နေဆဲ ဖြစ်သည်။ "အင်း..အခုတော့ သူတို့ ဘယ်နေရာ ရောက်နေပြီ ဆိုတာ အတိအကျသိလာရတာ သတင်းကောင်းပဲ၊ ပင်လယ်ကို မရောက်မီ ဟမ်ဘား မြစ်ဝ ကနေ ထွက်နိုင်မှ ဖြစ်မယ်၊ ဆိပ်ကမ်းကနေ ဆို တမိုင်သာသာ လောက် တော့ သွားရမယ်၊ ဒီကြားထဲတော့ ကျွန်တော်တို့ ဘယ်လို နည်းနဲ့မှ တားနိုင်မယ် မထင်ဘူး၊ ရေတပ်က ကော်ဗက်တွေ ကို စပမ်းဟက် အလွန်မှာ နေရာယူခိုင်းထားရင် ဒင်းတို့ စီးနေတဲ့ ငါးဖမ်း သင်္ဘောလောက် နဲ့ ဘယ်လိုမှ  ဖေါက်ထွက်နိုင်မှာ မဟုတ်ဘူး"

 

"ကျွန်တော်တို့ ကိုယ့် သင်္ဘောနဲ့ ကိုယ်သာ လိုက်လို့ရရင် ကောင်းမှာပဲ ဗျာ"

 

"အဲ့တာကို စီစဉ်ပေးလို့ ရပါတယ်"

 

"တကယ် ပြောတာလား"

 

"လင်ကွန်းရှိုင်းယား စီရင်စုပိုင် ရဲဌာနပိုင် မော်တော် အသေးစားလေး ရှိတယ်ဗျ၊ မော်တော် နာမည်က ရီဘက်ကာ တဲ့၊ အခု ဂရင်းစ်ဘီ မှာ ကပ်ထားတယ်၊ ဒီမော်တော်နဲ့က ပင်လယ်ထိ သွားဖို့လောက်ထိ ရည်ရွယ်ဆောက်ထားတာ မျိုး မဟုတ်ပေမယ့် မဖြစ်မနေ လိုအပ်လာရင်တော့ သုံးလို့ရပါတယ်၊ ဒီကောင်တွေ စီးသွားတဲ့ ငါးဖမ်းလှေ အဟောင်းအနွမ်းထက်တော့ ပိုမြန်သေးတယ်၊ ကျွန်တော်တို့ အခုလောက်က စထွက်မယ် ဆိုရင် သိပ်မကြာဖူး မှီသွားနိုင်တယ်"

 

"ရီဘက်ကာ မှာကော ရေဒီယို ပါလား"

 

"ပါပါ့ဗျာ၊ အခုတောင် ပြောလို့ရသေး"

 

"လက်နက်ကကော"

 

"ကျွန်တော် ဂရင်းစ်ဘီး ဌာနက နေ ရိုင်ဖယ် အဟောင်း နှစ်လက် လောက်တော့ ယူလာခဲ့လို့ ရတယ်၊ အလုပ် ဖြစ်အောင်တော့ အသုံးဝင်သေးတယ်"

 

"ကဲ ..ဒါဆို လိုက်မယ့်လူပဲ လိုတော့တယ်၊ ကျွန်တော့် လူတွေကို ခင်ဗျားနဲ့ တပါတည်း ခေါ်သွားဗျာ၊ ကျွန်တော်ကတော့ လန်ဒန် နဲ့ ဆက်သွယ်ဖို့ ဒီမှာ ကျန်ခဲ့မယ်၊ ဒီလို ရာသီ‌ဥတုမျိုး နဲ့ ကျွန်တော် သင်္ဘောပေါ် ပါလာရင်ကို ခင်ဗျား တို့‌ ဒုက္ခများ ဖို့သာ မှတ်"

 

သူ့စကားကြောင့် လော့ဝုဒ် က ပြုံးဖြစ်အောင် ပြုံးလိုက်သေးသည်။ ထို့နောက် ဗီကာရီ ကျောကို တချက် ပုတ်ကာ ထွက်သွားတော့သည်။ သူ့နောက်သို့ ဟာရီ ဒေါ်လ်တန်၊ ကလိုက် ရို့ခ်ျ နှင့် ပီတာ ဂျော်ဒန်သို့ လိုက်သွားကြသည်။ သူတို့ ထွက်သွားကြသည်နှင့် ဗီကာရီလည်း လန်ဒန် ရှိ ဘုသီအား သတင်းကို ဖေါက်သည် ချနိုင်ရန် တယ်လီဖုန်းကို ကောက်ကိုင်လိုက်တော့သည်။ 

 

****************** 

 

နျုမန်သည် ဟမ်ဘား မြစ်ဝ အရောက်တွင် လှိုင်းထန်လာပြီ ဖြစ်၍ ကမ်မီလာအား အန္တရာယ်ကင်း ရေကြောင်းပြ အမှတ်အသားများ အကြားတွင် ထိန်းကျောင်း မောင်းနှင်နေသည်။ သင်္ဘောသည် ပေ လေးဆယ် ခန့် အရှည်ရှိပြီး ဖင်ပိုင်းက အိကျနေသည်။ ဆေးသားများလည်း ကွာကျနေပြီ ဖြစ်သည်။

 

ဂျင်နီ ကို ပဲ့ပိုင်းရှိ ကေဘင်လေး တွင် ထဲ့ထားသည်၊ ကက်သရင်းက ဦးပိုင်းရှိ ဆလင်ခန်းထဲတွင် ပဲ့ထိန်းဘီးကို ကိုင်ကာ မောင်းနှင်နေသည့် နျုမန် ဘေးတွင် ရပ်နေသည်။ ကောင်းကင်သည် အရှေ့ဖက်တွင် အနည်းငယ် ကြည်လင်စ ပြုလာသည်။ သို့သော် မိုးစက်များက သူတို့ရှိရာ ဆလင်ခန်း၏ ပြတင်းမှန်များကို စည်းချက်ညီညီ ရိုက်ခတ်နေဆဲပင် ဖြစ်သည်။ သူတို့၏ လက်ဝဲဖက်တွင်တော့ စပမ်းဟက်ကို ရိုက်ပုတ်နေသည့် လှိုင်းလုံးများကို လှမ်းတွေ့နေရသည်။ ထိုနေရာတဝိုက်တွင် အမှောင်ချထားပြန်၍ နျူမန်သည် ပဲ့ထိန်းဘီး ဘေးတွင် တပ်ထားသော သံလိုက် အိမ်မြှောင် အား အရှေ့စူးစူးသို့ ချိန်လိုက်ပြီး  ပင်လယ်ပြင် ဆီသို့ စက်ကုန်ဖွင့်ကာ မောင်းလာခဲ့သည်။

 

************************

 

အခန်း (၆၀) 

 

THE NORTH SEA, OFF SPURN HEAD

 

ယူဘုတ် ၅၀၉ သည် ရေပြင်ပေါ်သို့ ‌တက်လာခဲ့သည်။ အချိန်ကား မနက် ငါးနာရီ ခွဲ ရှိနေပြီ ဖြစ်သည်။ ကက်ပတိန် မက်စ် ဟော့မင်းသည် ထိန်းချုပ်ရေး ခန်းထဲမှ ကော်ဖီခွက်ကို ကိုင်ထားရင်းက ပယ်ရီစကုပ် ဖြင့် လှမ်းကြည့်နေသည်။ တညလုံး လိုလို ထိုသို့ ကြည့်နေရပါများ၍ သူ့မျက်လုံးများပင် နာကျင်လာနေသည်။ ခေါင်းကလည်း ကိုက်လာသည်၊ သူ့အဖို့ တနာရီ နှစ်နာရီ လောက် အိပ်နိုင်ဖို့ အတော်ကို လိုအပ်နေပြီ ဖြစ်သည်။

 

ပထမ အရာရှိ ရောက်လာပြီး "ကျွန်တော်တို့ နောက် နာရီဝက်ပဲ အချိန်ရတော့မယ် ဟား ကက်ပတိန်"

 

"ကျွန်‌ တော် သိပါတယ် နံပတ်ဝမ်း"

 

"ကျွန်တော်တို့ကို ခုချိန်ထိ အပ်ဗဲယား အေးဂျင့်ဆီက ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး ဟား ကက်ပတိန်၊ သူတို့ အဖမ်းခံရပြီလား ဒါမှမဟုတ် အသတ်ခံလိုက်ရပြီလား ဆိုတာကို ထည့်စဉ်းစားရတော့ မယ် ထင်တယ်"

 

"ဒါကိုလည်း ကျွန်တော် ထည့်တွက်ထားပြီးသားပါ နံပတ်ဝမ်း"

 

"အလင်းရောင် မကြာတော့ဘူး ထွက်လာတော့မယ် ဟား ကက်ပတိန်"

 

"မှန်တယ်၊ ဒီလို အလင်းရောင် ထွက်လာတာ နေ့တိုင်းလို ‌ဒီအချိန်မှာ ဖြစ်နေကျ၊ ဗြိတိန်မှာလည်း အတူတူပဲ နံပတ်ဝမ်း"

 

"ကျွန်တော် ပြောချင်တာက အင်္ဂလိပ် ကမ်းရိုးတန်းနဲ့ နောက်ထပ် အကြာကြီး ထပ်နေမယ်ဆိုရင် ကျွန်တော် တို့အတွက် စိတ်မချရတော့ဘူး ဆိုတာပဲ၊ ဗြိတိသျှ ရေမြုပ်ဗုံးတွေ ရန်က မလွတ်နိုင်တဲ့ ရေအနက် ကို ရောက်နေတယ်၊"

 

"ဒါကိုလည်း ကျွန်တော်ကောင်းကောင်း သိထားပြီးပါပြီ နံပတ်ဝမ်း၊ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာ မှာ ‌စောင့်မယ်လို့ ပြောထားတဲ့ အချိန်အထိတော့ ရှိနေမှကို ဖြစ်မယ်၊ ပြီးတော့ စိတ်ချရသေးတယ်လို့ ယုံကြည်ရ‌လောက်ရင် ခဏလောက် ဖြစ်ဖြစ် ဆက်နေပေးလို့ ရရင် နေပေးရဦးမယ်"

 

"ဒီလို ရှိပါတယ် ဟား ကက်ပတိန်...."

 

"ဒီမှာ ကျွန်တော် ပြောမယ်၊ သူတို့လာနေပြီ ဆိုတာ ကို ကျွန်တော်တို့က ဝိုင်ယာလက်စ် စက်ကနေ တဆင့် ဆက်သွယ် အကြောင်းကြားခဲ့ပြီးပြီ၊ သူတို့ လာမယ် ဆိုလည်း သင်္ဘော တစင်းစင်းကို ခိုးယူလာတာပဲ ဖြစ်မယ် လို့ ကျွန်တော်တို့ဖက်က ယူဆထားရမယ်၊ ပြီးတော့ ဒီလို ခိုးပြီး ရလာတဲ့ သင်္ဘောမျိုးကလည်း ပင်လယ်ထဲ သွားဖို့ မသင့်တာမျိုး ကော ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ အေးဂျင့်တွေလည်း ဒဏ်ရာရလာတာတို့၊ အားအင်ကုန်ခမ်း နေတာမျိုးတို့လည်း ဖြစ်လာနိုင်တယ်၊ ဒီတော့ သူတို့ ရောက်လာတဲ့ အထိ ကျွန်တော်တို့ စောင့်မှ ဖြစ်မယ်၊ ဒါမှ မဟုတ် လုံးဝ ပေါ်မလာနိုင်တော့ဖူး လို့ သံသယ ဖြစ်စရာ မလိုအောင် ကျွန်တော် သဘောပေါက်လာတဲ့ အထိ နေမယ်၊ ကျွန်တော်ပြောတာ ရှင်းတယ်နော်"

 

"ဟုတ် ..ဟား ကက်ပတိန်"

 

ပထမ အရာရှိ ပြန်လှည့်ထွက် သွားသည်ကို ကြည့်ပြီ းဟော့ဖ်မင်းက ပြဿနာကောင်ပါလားဟု တွေးလိုက် မိသည်။

 

 

****************