ပြည်ပ‌ ကြွေးမြီ မဆပ်နိုင်တော့သော သီရိလင်္ကာ

by Hla Soewai - Apr 17 2022

သီရိလင်္ကာသည် ၁၉၄၈ တွင် ဗြိတိသျှ တို့ထံမှလွတ်လပ်ရေး ရပြီးချိန်မှစ၍ နှစ်ပေါင်း သုံးဆယ်နီးပါး ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြီး ကြားမှအခက်အခဲ အကြပ်အတည်း ပေါင်း မျိုးစုံ ရင်ဆိုင်ခဲ့ရသော နိုင်ငံ တနိုင်ငံ လည်း ဖြစ်သည်။ သို့သော် တခါဖူးမျှ ပြည်ပကြွေးမြီကို မဆပ်နိုင် ဖြစ်ခဲ့ရသည့် အခြေအနေမျိုး မရောက်ခဲ့ဖူးပေ။ 

 

သို့သော် ထိုသို့ တောက်လျောက် ရပ်တည်လာခဲ့သည့် အနေအထားသည် ဧပြီ လ ၁၂ ရက်နေ့တွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့တွင် သီရိလင်္ကာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ နိုင်ငံ၏ ပြည်ပကြွေးမြီများ ပေးဆပ်နေမှု များကို ရပ်ဆိုင်းလိုက်ကြောင်းနှင့် မြီးရှင် နိုင်ငံများနှင့် ကြွေးပြန်ဆပ်နိုင်‌ေ ရေး အတွက် ချေးငွေအပေါ် အတိုးနှုန်း သက်သာစေရန် သဘောတူညီမှု ရအောင် ဆွေးနွေးသွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

 

မိမိတို့သည် ယခုကဲ့သို့ ပျက်ကွက်ခဲ့ဖူးသည့် ရာဇဝင် မရှိခဲ့သော်လည်း လက်ရှိ အနေအထားတိုင်းဆိုက ဆက်၍ ပေးနိုင်စွမ်း မရှိတော့ဟုလည်း ဖေါ်ပြခဲ့သည်၊ ထိုသို့ ဖြစ်ရခြင်းမှာ ကိုဗစ် ကပ်ရောဂါ ကြီးနှင့် ယူကရိန်း စစ်ပွဲ၏ အကျိုးဆက်များ ကြောင့် စီးပွားရေး ပြိုလဲသွားခဲ့ရခြင်း ဖြစ်သဖြင့် အကြွေးများ ဆပ်ရန် "မဖြစ်နိုင်" တော့ဟုလည်း ပါရှိလာခဲ့သည်။

 

ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းသည် တိုင်းပြည်၏ နက်ရှိုင်းစွာ ဖြစ်ပေါ်လာနေသော စီးပွားရေး အကျပ် အတည်းကို အရေးတကြီး ဖြေရှင်းရန် လိုအပ်လာသည့် အစီအစဉ် တခုလည်း ဖြစ်သည်။

 

အစိုးရမှ ထိုသို့ ဝန်ခံလိုက်ခြင်းသည် ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့ကြီးမှ သီရိလင်္ကာ၏ နိုင်ငံခြားငွေကြေး အရံငွေများ တဖြေးဖြေး လျော့နည်း ကျဆင်းလာနေသည် ဟု ထောက်ပြပြောဆိုခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

 

ဧပြီ  ၇ ရက်နေ့တွင် အစားထိုး ခန့်အပ်လိုက်သော ဗဟိုဘဏ် ဥက္ကဌ အသစ် မှ ထိုသို့ ပြည်ပကြွေးမြီများ ပေးဆပ်ခြင်းကို ဆိုင်းငံ့ထားမှသာ အရေးပါသော စားသောက်ကုန်များနှင့် လောင်စာဆီများ ပြည်ပမှ ဝယ်ယူ တင်သွင်းနိုင်မည် ဖြစ်သည်ဟု ထုတ် ဖေါ်ပြောဆိုလာခဲ့သည်။

 

ယခုလို ကြွေးမြီ ဆပ်ရန် ပျက်ကွက်မှု default ဟု ပြောလို့ရသည့် အခြေအနေ ရောက်လာခဲ့ရခြင်းသည် လူဦးရေ ၂၂ သန်းသာ ရှိသော ကျွန်းနိုင်ငံလေးတွင် နှစ်ပေါင်းများစွာ တဖြေးဖြေး ဆူပွက်လာနေသည့် စီးပွားရေး အကျပ်အတည်းသည် ယခုအခါ မဖုံးနိုင် မဖိနိုင် ထွက်ပေါ်လာခဲ့ခြင်း‌ ကြောင့် ပင် ဖြစ်သည်။

 

၂၀၁၉ တွင် အခွန်များ မစဉ်းစား မဆင်ခြင်ပဲ လျော့ချပေးခဲ့မှု နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော ကိုဗစ် ကပ်ရောဂါ ကြီးကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ပြိုလဲသွားခဲ့ရပြီး အစိုးရ၏ ငွေချေး စာချုပ် ကို ပြည်ပ အေဂျင်စီ များက ၂၀၂၀ တွင် တန်ဖိုး အဆင့် လျော့ချပစ်ခဲ့သဖြင့်  နိုင်ငံတကာမှ  ငွေချေးငှား နိုင်ခြင်း မရှိတော့ပေ။

 

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှ ဝင်ရောက် အကူအညီပေးရန် ကမ်းလှမ်းခြင်းကို လွန်ခဲ့သည့် လ က အထိ လက်ခံခြင်းမရှိသေးပဲ မရှိမဲ့ ရှိမဲ့ နိုင်ငံခြားငွေများဖြင့် မျက်စိမှိတ်ကာ ရူပီး‌ ငွေ တန်ဖိုး မကျဆင်းအောင် ထုတ်ရောင်းခြင်း၊ ကြွေးမြီပေးဆပ်ခြင်းများ ပြုလုပ်နေခဲ့သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း အခြေအနေများ ပို၍ ဆိုးဝါးလာခဲ့သည်၊ လျပ်စစ်ဓါတ်အားကို တနေ့ ၁၃ နာရီ အထိ ဖြတ်တောက်ပစ်ခဲ့ရပြီး ဓါတ်ဆီ နှင့် ဟင်းချက် ရာတွင်သုံးသည် ဓါတ်ငွေ့အိုးများ ရနိုင်မည့် နေရာများတွင် လူတန်းရှေ ကြီး ဖြစ်လာခဲ့သည်။ စားကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သဖြင့် ဒေါသအမျက်ချောင်းချောင်း ထွက်လာကြသော နိုင်ငံသား များသည် လမ်းမ‌များပေါ် ထွက်လာကုန်ကြပြီး အစိုးရ အဖွဲ့ နှုတ်ထွက်ရန် အုံနှင့်ကျင်းနှင့် တောင်းဆိုလာခဲ့ကြတော့သည်။

 

သမ္မတ ရာဂျာပစကာသည် ကန့်ကွက် ဆန္ဒပြမှုများကို ပထမပိုင်းတွင် နှိမ်နှင်းရန် ကြိုးစားသည့် အနေဖြင့် အရေးပေါ် အခြေအနေ ကြေညာလာခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းပြီး ဝန်ကြီး အသစ်များ ဖြင့် အစားထိုး ခန့်အပ်လာခဲ့သည်။

 

ရာဂျာပစကာ ၏ လူကြိုက်များမှုသည် တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး လူထုအား ခြိမ်းချောက်ရန် ကြိုးစားမှု ပျက်ပြားသွားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အခွင့်အာဏာများ တိုက်စားခြင်း ခံခဲ့ရသည်။

 

၎င်းမှ ဗဟိုဘဏ် ဥက္ကဌ နှင့် ဘဏ္ဍာရေးဝန်ကြီးများ အစားထိုး ခန့်အပ်ပေးလာရသည်ကို ကြည့်ခြင်းအားဖြင့် အခြေအနေသည် မည်မျှထိ ဆိုးဝါးလာနေသည်ကိုလည်း ခန့်မှန်းနိုင်သည်။

 

ပြည်ပ ကြွေးမြီ များ မဆပ်နိုင်တော့ဟု မကြေညာမီ လေးရက် အလို ‌ဧပြီလ ၈ ရက်နေ့တွင် ငွေကြေးဖောင်းပွမှုများ ထိန်းချုပ်နိုင်ရန် ဘဏ် အတိုးနှုန်းကို အလီလီ တိုးမြှင့်ပေးလာခဲ့ရာ ၁၄.၅% အထိ ရောက်ရှိလာခဲ့သည်။

 

၎င်းးတို့ နှစ်ဦးစလုံးမှ ကြွေးမြီများ မဆပ်နိုင်တော့ဟု ကြေညာလိုက်ခြင်းသည် ယာယီ အသက်ရှု ချောင်နိုင်ယုံသာ ရှိမည် ဖြစ်သည်ကို သိထားကြပြီး ဖြစ်၍ ဧပြီ ၁၈ ရက်နေ့တွင် ၎င်းတို့အား အကူအညီပေးရန် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှ ချေးငွေ ဒေါ်လာ ၄ ဘီလီယံရရန် စတင်ဆွေးနွေးဖို့ ရှိနေသည်။ ကြွေးမြီများ ဆပ်နိုင်မှသာ ရှေ့လျောက် ငွေတိုက်စာချုပ်များ နိုင်ငံတကာ ဈေးကွက်တွင် တဖန် ထုတ်ရောင်းနိုင်ခွင့် ရရှိပြီး လိုအပ်သော ငွေများ ချေးငှား စုဆောင်း နိုင်မည်လည်း ဖြစ်သည်။

 

သီရိလင်္ကာသည် စုစု‌ပေါင်း ဒေါ်လာ ၃၅ ဘီလီယံ တန်ကြေးရှိ ငွေတိုက်စာချုပ်များအား ပြည်ပဈေးကွက်တွင် ထုတ်ရောင်းထားပြီး ဖြစ်နေသည်။ ထိုအထဲတွင် တရုတ် နှင့် ဂျပန်သည် စုစုပေါင်း၏ ၁၀% စီ ပိုင်ဆိုင်ထားကြ၍ ကြွေးရှင် အကြီးစားများ ဖြစ်နေသည်။

 

ကြွေးမြီများ ပြန်ဆပ် နိုင်ရန် ထိုနှစ်နိုင်ငံမှ အကြွေး အချို့ကို လျော်ပစ်ပေးဖို့ လိုအပ်လာနေသည်။ သို့မဟုတ်ပါက နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှ အရေးပေါ် ထုတ်ချေးမည့် ငွေများသည် ထိုနှစ်နိုင်ငံ လက်ထဲ ထည့်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

 

ထိုသို့ လျှော်ပစ်ရန် ယခုထိ တရုတ်ဖက်မှ အရိပ်အ‌ယောင် မပြသေးပေ၊ တရုတ်သည် ဈေးကွက် ဖွံ့ဖြိုးစ နိုင်ငံငယ်များကို အလုံးအရင်း နှင့် ငွေများ ထုတ်ချေးထားပြီးသား ဖြစ်၍ သီရိလင်္ကာကို လျော်ပစ်မည်ဆိုက ရှေ့လျောက် အစဉ်အလာတရပ်လို ဖြစ်လာမည်ကို စိုးရိမ်နေပုံရသည်။ သီရိလင်္ကာမှ ထိုသို့ အချို့ကို လျှော်ပစ်ပေးရန် ဇန်နဝါရီ လ ကတည်းက တောင်းဆိုခဲ့မှုကို ယခုအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

 

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ကလည်း ၎င်းတို့ ချေးရမည့် ငွေများ ပြန်ရနိုင်ရေး အတွက် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ လုပ်ရန် စည်းကမ်းချက်များ ကို ထုံးစံအတိုင်း ချမှတ်လာခဲ့ပြီ ဖြစ်သည်။

 

ထိုအထဲတွင် အခွန်နှုန်းထား တိုးမြှင့်ကောက်ခံရန်၊ လောင်စာဆီ ဈေးနှုန်းများ မြှင့်တင်ရန်၊ အစိုးရ အသုံးစရိတ်များ လျော့ချရန်၊ အရှုံးပေါ်နေသော အစိုးရပိုင် လုပ်ငန်းများတွင် မလိုအပ်သည့် အလုပ်သမား အင်အား လျော့ချပစ်ခြင်း အပါအဝင် ပြန်လည် မွမ်းမံ ပြင်ဆင်မှုများ စတင်ရန်တို့ ပါဝင်လာခဲ့သည်။

 

ရေတိုတွင် နိုင်ငံသားများ အတွက် ထိခိုက်နစ်နာစရာများ ဖြစ်သွားနိုင်သော်လည်း ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်သွားနိုင်မည့် အစီအမံများလည်း ဖြစ်သည်။

 

သို့သော် ညွှန်ပေါင်း အစိုးရ အဖွဲ့အတွင်းရှိ ပါတီများက ထွက်ကုန်ကြပြီ ဖြစ်သဖြင့် လွှတ်တော်တွင် အစိုးရသည် လူနည်းစု ဖြစ်သွားခဲ့ပြန်၍ လူကြိုက်နည်းမည့် ထိုအစီအမံများကို လွှတ်တော်မှ အတည်ပြုနိုင်ရန် ခက်ခဲနေရပြန်သည်။

 

ရည်ညွန်း - "Going for broke" from April 16, 2022 Edition of the Economist.

 

Photo - Al Jazeera