ယူကရိန်းအား ရုရှားတပ်များ ဝင်ရောက် ကျူးကျော်ပြီး လေးရက်မြောက်နေ့တွင် ရုရှား အမှတ် (၄၉) ကြည်းရေလေ တပ်ပေါင်းစု ၏ တပ်မှုး ဒုတိယ ဗိုလ်ချုပ်ကြီး ယာကော့ ရာဇန်ဆက်ဗ် က ထိုးစစ်ကြီး ပြီးဆုံးလုနီးပြီဟု သူ၏ တပ်များကို အာမခံ ပြောကြားလာခဲ့သည်။
သို့သော် တလအကြာ မတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင် ကာဆန် မြို့အနီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် စုစုပေါင်း ကျဆုံးသွားသည့် ခုနှစ်ယောက်မြောက် ဗိုလ်ချုပ်ကြီး ဖြစ်သည်ဟု သိရသည်။ ဤသည်ကို ကြည့်က ရုရှား စစ်ဗိုလ်ချုပ်ကြီးများ တဖြေးဖြေး လုံးပါး ပါးလာနေသည်မှာ ထင်ရှားနေသည်၊ အဘယ်ကြောင့်ထိုသို့ ဖြစ်ခဲ့ရသနည်းကို အီကောနော်မစ် မဂ္ဂဇင်းကြီးက ယခုလို ရှင်းပြထားခဲ့သည်။
စစ်တပ် အတော်များများတွင် ဗိုလ်မှုးချုပ်၊ ဗိုလ်မှူးကြီး အဆင့် ထက် ရာထူးမြင့်သော စစ်အရာရှိကြီးများသည် တပ်မ တခု သို့မဟုတ် တပ်မ သုံးခု ပေါင်းဖွဲ့ထားသည့် တပ်မကြီးများကို စီမံ အုပ်ချုပ်ကြရသူများ ဖြစ်သည်။ ထိုသို့ စီမံ အုပ်ချုပ်နိုင်ရန် ရှေ့တန်းစစ်မျက်နှာ နှင့် အလှမ်းဝေးပြီး လက်နက်ကြီး ကျည်များ မကျရောက်နိုင်သည့် လုံခြုံစိတ်ချရသော နေရာများတွင် ဌာနချုပ် ဖွင့်၍ ရုံးထိုင် ကွပ်ကဲကြရသည်။
အမေရိကန်သည် နှစ် နှစ်ဆယ်ကျော် ကြာညောင်းခဲ့သည့် ဗီယက်နမ် စစ်ပွဲ အတွင်း ဗိုလ်ချုပ်ကြီး ကိုးယောက် ဆုံးရှုံးခဲ့ရသည်နှင့် နှိုင်းစာလျှင် ရုရှားဖက်မှ ရက်သတ္တပတ် အနည်းငယ် အတွင်း ခုနှစ်ယောက်ဆိုသည့် အရေအတွက်က အတော် များပြားလွန်းနေပြီဟု ဆိုရမည် ဖြစ်သည်။ ကျဆုံးခဲ့ရသည့် အမေရိကန် ဗိုလ်ချုပ်ကြီး အများစုသည် ၎င်းတို့ လိုက်ပါလာသော ရဟတ်ယာဉ်များ ပစ်ချခံခဲ့ရ၍ ဖြစ်သည်။
နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် နီးပါး ကြာမြင့်ခဲ့သည့် အာဖဂန်နစ္စတန် နှင့် အီရတ် စစ်ပွဲ များတွင် အမေရိကန် ဗိုလ်ချုပ်ကြီး တဦးသာ ကျဆုံးခဲ့သည်။ ထိုဗိုလ်ချုပ်ကြီးသည်လည်း ၎င်း၏ လက်အောက် ရှိ အာဖဂန် စစ်သားတဦး၏ ပစ်ခတ်ခြင်း ခံခဲ့ရသောကြောင့် ပင် ဖြစ်သည်။
ဆိုဗီယက် တို့ အာဖဂန်နစ္စတန် အား သိမ်းပိုက်ခဲ့သည့် ၁၉၇၉-၈၉ ကာလ အတွင်း မူဂျာဟီဒင်များနှင့် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သောလည်း စစ်ပွဲ၏ ပထမ ခြောက်လအတွင်း ဗိုလ်ချုပ်ကြီး ခြောက်ဦး ထက် မနည်း ကျဆုံးခဲ့ရပြန်သည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကို လေ့လာကြည့်မည်ဆိုက ထိုသို့ စစ်ဗိုလ်ချုပ်ကြီးများ တိုတောင်းသော ကာလအတွင်း ဆုံးရှုံးခဲ့ရမှုများကို တွေ့ကြရမည် မဟုတ်ပေ။
ဒုတိယ ကမ္ဘာစစ် အတွင်း ဆိုဗီယက် တို့ဖက်မှ ဗိုလ်ချုပ်ကြီး စုစုပေါင်း ၂၃၅ ဦး တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး နောက်ထပ် ၂၀၀ ကျော်သည် တိုက်ပွဲ ပြင်ပတွင် အကြောင်းအမျိုးမျိုး ဖြင့် သေဆုံးခဲ့ရသည်ဟု အလက်ဇန်းဒါး မာစလော့ ၏ "Fallen Soviet Generals" စာအုပ်တွင် အသေးစိတ် ဖေါ်ပြထားခဲ့သည်။
ဂျာမဏီမှ ဆိုဗီယက်ကို စတင် ကျုးကျော်ခဲ့သည့် ၁၉၄၁ ဇွန်လ မှ ၁၉၄၂ နိုဝင်ဘာလ (တပ်နီ များက စတာလင် ဂယက် တွင် ဂျာမန် တပ်များကို နောက်မှ ပြန်လည် ပိတ်ဆို့လာနိုင်ခဲ့သည့် အချိန်) အတွင်း တလလျှင် ပျှမ်းမျ ခြောက်ယောက်နှုန်းဖြင့် ကျဆုံးခဲ့သည်မှာ ယခု နှုန်း နှင့် တူညီနေသည်။
ယူကရိန်းတွင် ရုရှား စစ်ဗိုလ်ချုပ်များ အကျအဆုံးများခဲ့ရသည့် အကြောင်းရင်းတခုသည် ရှေ့သို့ ဆက်၍ ထိုးစစ် မဆင်နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် ယူကရိန်း မြောက်ပိုင်း ဒေသများ တွင် ဖြစ်သည်။
ဤသည်မှာလည်း ရုရှားတပ်များသည် ခေတ်သစ် စစ်ပွဲကြီးများ၏ ပူးပေါင်း စစ်ဆင်ရေး နည်းဗျုဟာ နှင့် အကျွမ်းတဝင် မရှိခဲ့ကြသောကြောင့်ပင်၊ ဥပမာ အားဖြင့် လက်နက်ကြီး ပစ်ကူ မရှိပဲ တင့်ကားများ ရှေ့သို့တိုး ချီတက်လာခဲ့ခြင်းတို့ ဖြစ်သည်။ ထောက်ပံ့ နှင့် ပို့ဆောင်ရေး ဖက်တွင်လည်း အားနည်းလာပြီး အကျအဆုံးလည်း များပြားလာနေသဖြင့် စိတ်ဓါတ်များ ကျဆင်းလာကြပြန်သည်။
ထိုသို့ လက်အောက်ခံ တပ်များ အကြား အရှုံးနှင့် ရင်ဆိုင်လာနေရသည့် အတွက် ရုရှား ဗိုလ်ချုပ်ကြီးများ ကျည်ကွယ် မျက်ကွယ်မှ အမိန့်ပေးနေ၍ မရတော့၊ ကိုယ်တိုင် ကိုယ်ကျ စစ်မြေပြင်သို့ ထွက်လာခဲ့ရပြီ ဖြစ်သည်။
ပရော်ဖက်ရှင်နယ် စစ်တပ်များတွင် အတွေ့အကြုံရင့်ကျက်နေပြီ ဖြစ်သော တပ်ကြပ်ကြီးများ၊ ပြန်တမ်းဝင် အရာရှိ မဟုတ်သေးသည့် အရာခံ ဗိုလ် အဆင့်သည် တပ်များကို အုပ်ချုပ်ကြရပြီး စစ်ပွဲကာလတွင် တပ်စု အဆင့်ကို ဦးဆောင် တိုက်ခိုက်ကြရသည်။ နေတိုးတပ်များသည် ထိုကဲ့သို့သော အရည်အချင်း ရှိသူများ ဖြစ်အောင် အဓိကထား လေ့ကျင့်ပေးခဲ့သော်လည်း ရုရှားတပ်များတွင် ထိုကဲ့သို့ ဆင့်ကဲဆင့်ကဲ ဦးဆောင်မှု ပေးနိုင်စွမ်း မရှိကြ၍ အဆင့်မြင့် အရာရှိများ ကိုယ်တိုင် မဖြစ်မနေ ထွက်၍ ဦးဆောင် တိုက်ခိုက်ခဲ့ကြရသည်။ ၎င်းတို့ကိုယ်တိုင် တိုက်ပွဲ အခြေအနေများကို သုံးသပ်ပြီးမှ လက်အောက်ခံ အရာရှိများကို လိုအပ်သလို အတင်းအကျပ် အမိန့်ပေး ကွပ်ကဲခဲ့ကြရသည်။
ထိုအနေအထား ဖြစ်လာသည်ကိုလည်း ဆိုးသည်ဟုတော့ ပြော၍ မရ၊ တပ်မှုးကောင်းမှန်သမျှသည် တကယ်တမ်း ဖြစ်ပေါ်နေမှုများကိုကိုယ်တိုင်ကိုယ်ကျ သိရှိထားမှသာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်လည်း ဖြစ်သည်။
သို့သော် ပြဿနာ ဖြစ်လာရသည်က ထိုသို့ ကိုယ်ကျ စွန့်စွန့်စားစား ရှေ့တန်း စစ်မျက်နှာသို့ ဆင်းခဲ့ရကြရသည့် ဗိုလ်ချုပ်ကြီးများ၏ လုံခြုံရေး အတွက် လျော့တိလျော့ရဲ ဖြစ်ကတတ်ဆန်း စီမံခဲ့ကြသည်။ ရုရှား တပ်များတွင် ကြားဖြတ် ဖမ်းယူ နိုင်ခြင်း မရှိအောင် စီမံထားသည့် ခေတ်မှီ Azart ရေဒီယိုစက်များ ရှိသော်လည်း အရည်အတွက်အားဖြင့် အနည်းငယ်သာ ရှိသည်။ ဤသည်ကလည်း ရုရှားတွင် အကျင့်ပျက် ခြစားမှူ များ ရှိနေသောကြောင့် ဗြိတိသျှ တွေးခေါ် မျှော်မြင်ရေး အဖွဲ့ Royal United Service Institute ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထို့အတွက် ရုရှား စစ်သားများသည် အလွယ်တကူ ကြားဖြတ် နားထောင် နိုင်သည့် အရပ်သားသုံး လမ်းလျှောက်စကားပြောစက်များ နှင့် မိုဘိုင်း ဖုန်းများကိုသာ အသုံးပြုကြရသည်။
ထိုအခါတွင်တော့ ထိုသို့ ဆက်သွယ်မှုများကို တဖက်မှ ကြားဖြတ် နိုင်ယုံသာမက အီလက်ထရောနစ် နှင့် ဆိုက်ဘာ နည်းပညာများ သုံး၍ တည်နေရာ ကို ရှာဖွေ နိုင်ခဲ့ကြသည်။ ရုရှားသည် အလားတူ နည်းပညာများဖြင့် ၂၀၁၄ တွင် ဒွန်ဘာစ် ရှိ ယူကရိန်းတပ်များကို အနိုင်ယူခဲ့ကြသည်။ ယခုအခါ ယူကရိန်း အလှည့် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ယူကရိန်း စနိုက်ပါ လက်ဖြောင့်တပ်သားများက အဆင့်မြင့် အရာရှိကြီးများကို ပစ်ခတ် နိုင်ခဲ့ကြယုံမက သူတို့ ရှိရာ နေရာများကို လက်နက်ကြီးများ ဖြင့် တိုက်ခိုက်နိုင်ခဲ့ကြသည်။
ထိုသို့ တည်နေရာ ရှာဖွေ နိုင်ရန် အနောက်တိုင်း ထောက်လှန်းရေး အေဂျင်စီ များ နှင့် လက်နက်ကိုင် တပ်များက အကူအညီ ပေးနေကြသည်ဟု အတွင်း သတင်းများအရ သိရသော်လည်း အနောက်တိုင်း မှ အရာရှိကြီးများက မသိချင်ယောင် ဆောင်နေကြပြီး တစုံတရာ ဝေဖန် ပြောကြားရန် ငြင်းဆိုခဲ့ကြသည်။ အမေရိကန် ထောက်လှန်းရေး အရာရှိ ဟောင်းတဦး၏ အဆိုအရ စီအိုင်အေသည် ကာလကြာမြင့်စွာ ကတည်းက ယူကရိန်း ပြည်သူ့စစ် များကို စနိုက်ပါ ပစ်ခတ်နိုင်အောင် နှင့် အခြား လျို့ဝှက် စစ်ဆင်ရေး အတတ်ပညာများကို လေ့ကျင့်ပေးခဲ့ခြင်း၏ အကျိုး ကျေးဇူးများ ရရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ဗိုလ်ချုပ်ကြီးများ အများအပြား ကျဆုံးနေရခြင်းသည် ရုရှားစစ်တပ် အတွက် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရသည်။ စစ်ပွဲ၏ ပထမ လ အတွင်းမှာပင် ရုရှားတပ်များ၏ နည်းဗျူဟာ အမှားများကို စံနမူနာ တင်လောက်အောင် အသုံးချခဲ့ကြသည်။ တပ်မှူး အမြောက်အမြား ရာထူးက ဖယ်ရှားခံခဲ့ကြရပြန်သည်။ ရုရှားတို့၏ ဆုတံဆိပ် ချီးမြှင့်ခံထားရသည့် စစ်အရာရှိကြီးများ ဆုံးရှုံးသွားခဲ့ရမှုသည် အဆိုးဆုံး အနေအထား ဟု ပြော၍ မရသေး၊ ထို့ထက် ဆိုးသည်များက ရှိနေပေသေးသည်။
မတ်လ ၂၉ ရက်နေ့တွင် အမှတ် (၂၀၀) မော်တော်ယဉ် ရိုင်ဖယ် သေနတ်ကိုင် တပ်၏ တပ်ရင်းမှုး ဗိုလ်မှုးကြီး ဒင်းနစ် ကူရီလို အား ကာကိဗ် မြိုစွန် တွင် ယူကရိန်းဖက်မှ သုတ်သင်နိုင်ခဲ့သည်ဟု ပြောခဲ့သည်။
ထိုကဲ့သို့ သော တပ်မှုးများသည် ရုရှား၏ စစ်ယန္တရား ကြီးတွင် လွန်စွာ အရေးပါသော ခွေးသွားစိတ်များ ဖြစ်နေကြသောကြောင့်ပင်။ အဆိုပါ အရာရှိများ ဆုံးရှုံးသွားမှုများသည် ဗိုလ်ချုပ်ကြီးများထက်ပင် ရုရှား အဖို့ ပို၍ ထိခိုက် နစ်နာနေရသည်။ တပ်ရင်းမှုး အဆင့် ရှိသူများသည် ၎င်းတို့ စီမံ ကွပ်ကဲနေသော တပ်များ၏ အသေးစိတ် အခြေအနေကို ကောင်းစွာ သိရှိထားကြသူများ ဖြစ်ပြီး အလွယ်တကူ ပြန်၍ အစားထိုးရန်မှာ မလွယ်ကူလှသော ကြောင့်ပင် ဖြစ်သည်။
ရည်ညွှန်း - Why are so many Russian generals dying in Ukraine? From The Economist (March 31st 2022)