D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၅)

by Hla Soewai - Apr 15 2022

နျူမန်သည် အခန်းထဲမှ ပြန်ထွက်လာပြီး ဗင်ကားထဲ ပြန်ဝင်ထိုင်လိုက်သည်။

 

“ကျွန်တော်တို့ မာလိန်မှုးကတော့ သင်္ဘောကို မောင်းနိုင်မယ့် အနေအထား မရှိတော့ဘူး၊ ဒေါင်ချာ စိုင်းနေပြီ”

 

“သင်္ဘောကကော”

 

“သင်္ဘောနာမည်က ကမ်မီလာ၊ ဆိပ်ကမ်း မှာ ကပ်ထားတယ် ပြောတာပဲ”

 

“အဲ့ဒီဖက်မှာလည်း တခုခု တွေ့နေရတယ်”

 

“ဘာလဲ”

 

“ခဏနေ တွေ့လာလိမ့်မယ်”

 

နျုမန် ကြည့်နေစဉ်မှာပင် ရဲသား တဦး က မြင်ကွင်းထဲ ဝင်လာသည်။

 

“ဒီတိုင်းဆို ကမ်းခြေတလျှောက် ကို စောင့်ကြည့်နေပြီး ဖြစ်မယ်” ဟု နျုမန်က ပြောလိုက်သည်။

 

“မလိုအပ်ပဲ လူတယောက် အသက် သတ်ရဦးတော့မှာပေါ့၊ မကောင်းလိုက်တာများ”

 

“ကဲ..လုပ်စရာ ရှိတာ လုပ်လိုက်ကြဦးစို့၊ မနေ့ညက တင် ကျွန်တော် သတ်ခဲ့တာ ဆို လေထီး တပ်ထဲ မှာ အမှုထမ်းခဲ့တဲ့ ကာလတလျောက်လုံးထက်တောင် များနေပြီ”

 

“ရှင်ကို အခြား ဘာအတွက်နဲ့များ ဗိုဂဲလ်က ဒီကို လွှတ်လိုက်တယ် ထင်နေလို့လဲ”

 

နျူမန်က ဘာမှ ပြန်မပြောသော်လည်း “ဂျင်နီကိုကော ဘယ်လို လုပ်ကြမလဲ” ဟု မေးလိုက်သည်။

 

“အတူတူ ခေါ်လာရတော့မှာပေါ့”

 

“ကျွန်တော့် သဘောကတော့ ဒီမှာပဲ ထားခဲ့စေချင်တယ်၊ ကျွန်တော်တို့ အတွက် ရှေ့လျောက် အသုံးမှ မဝင်တော့တာပဲ”

 

“ကျွန်မ သဘောမတူဘူး၊ ထားခဲ့လို့ သူ့ကို ရှာတွေ့သွားရင် ကျွန်မတို့ အကြောင်း အကုန်ပြောနိုင်တဲ့ လူ ဖြစ်နေတယ်၊ ပြီးတော့ ကျမတို့နဲ့ အတူ သင်္ဘောမှာ ဓါးစာခံ တယောက် အတူပါသွားတယ် ဆိုတာ သိရင် ကျွန်မတို့ကို တားလား ဆီးလား လုပ်မယ့် ကိစ္စတွေကို နှစ်ခါပြန် စဉ်းစားလာကြလိမ့်မယ်”

 

“ခင်ဗျား ဆိုလိုတာက ဗြိတိသျှ အရပ်သား တယောက် ပါလာလို့ ကျွန်တော်တို့ကို ပစ်လားခတ်လား လုပ်မယ့် အရေး တုန့်နှေးနေမယ်ပေါ့၊ ခင်ဗျား အကြီးအကျယ် မှားသွားပြီ၊ သူတို့ အတွက် က ကျွန်တော်တို့ကို ဘယ်နည်းနဲ့မှ အလွတ်ခံမှာ မဟုတ်ဘူး၊ လိုအပ်ရင် အားလုံးကို သတ်ပစ်ကြမှာ ကြိမ်းသေတယ်”

 

“အဲ့ကျ လည်း သတ်ပလေ့စေပေါ့၊ သူ့ကိုတော့ ခေါ်ကို လာရမှာပဲ၊ ရေငုပ်သင်္ဘောပေါ် ရောက်မှပဲ ကောင်မလေးကို သင်္ဘော မှာ ထားခဲ့တော့မယ်၊ ဗြိတိသျှ တွေက အဲ့ကျ ကယ်လိမ့်မယ်၊ ကလေးမလေး လည်း အန္တရာယ် ဖြစ်စရာ အကြောင်း မရှိဘူး”

 

နျူမန် က ဆက်၍ အတိုက်အခံ ပြောနေလည်း အချိန်ကုန်ယုံသာ ရှိတော့မည်ဟု ယူဆလိုက်သည်။ ကက်သရင်းက ဂျင်နီရှိရာ ကားနောက်ခန်းဖက် လှည့်ပြီး အင်္ဂလိပ်လို “နောက်ထပ် သူရဲကောင်း လုပ်ဖို့ မကြိုးစားနဲ့နော်၊ လှုပ်လိုက်တာနဲ့ မျက်နှာတည့်တည့် ကို ပစ်ပြီးသားလို့ မှတ်”

 

နျုမန်က ခေါင်းကိုသာ ရမ်းပြလိုက်သည်၊ ကားစက်ကို နှိုးလိုက်ပြီး ကားကို ကမ်းနားဖက်သို့ မောင်းလာခဲ့သည်။

 

                                        ***********************

 

ဆိပ်ကမ်းတွင် ရောက်နေသော ရဲသားက ကားသံကြားလိုက်၍ သွားနေရာမှ ရပ်လိုက်ပြီး အသံလာရာဖက်သို့ လှမ်းကြည့်နေသည်။ သူ့ရှိရာဖက်သို့ မောင်းလာသော ရဲ ဗင်ကားကို တွေ့လိုက်ရသည်။ စိတ်ထဲတွင်လည်း ထူးဆန်းသလို ဖြစ်သွားခဲ့သည်၊ သူနှင့် တာဝန်ချိန်းမည့်သူသည် ရှစ်နာရီ ကျမှ ရောက်လာမည်ကို သိထားသောကြောင့် ဖြစ်သည်။ သူ့နားအရောက်တွင် ဗင်ကားသည် ထိုးရပ်သွားပြီး လူနှစ်ယောက် ကားပေါ်မှ ဆင်းလာသည်။ အမှောင်ထဲတွင် ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲ မမြင်ရ၊ သို့သော် စက္ကန့်အနည်းငယ် အတွင်းမှာပင် ထိုလူများသည် ရဲအရာရှိများ မဟုတ်သည်ကို သိလိုက်သည်၊ အမျိုးသား တဦး နှင့် အမျိုးသမီးတဦး ဖြစ်နေသည်၊ ဒီအတိုင်းဆို ဝါးရမ်းပြေးများ သာ ဖြစ်နိုင်သည်။

 

သူ့စိတ်ထဲတွင် ကြောက်စိတ်များ လွှမ်းလာခဲ့သည်၊ သူ့လက်ထဲတွင် စစ်ကြိုခေတ်က ခြောက်လုံးပြူးသာ ရှိပြီး မကြာခဏ ဆိုသလို ဂျမ်း ဖြစ်နေတတ်သည်၊ အမျိုးသမီးက သူ့ဆီ လျှောက်လာနေသည်၊ လျှောက်လာရင်းက သူမ လက်သည် အပေါ်ကို မြှောက်လိုက်ပြီး နောက် မီးတချက် လက်ကနဲ ပွင့်သွားသလို မြင်လိုက်ရသည်၊ ခပ်အုပ်အုပ် အသံမျိုးသာ ထွက်လာသည်၊ တပြိုင်ထဲ လို သူ့ရင်ပတ်ထဲ ကျည်ဆံ စိုက်ဝင်သွားသလို ခံစားလိုက်ရပြီး ဟန်ချက်ပျက်ကာ ယိုင်ကျသွားသည်။

 

သူ့နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းက ဟမ်းဘား မြစ်ရှိ ညိုညစ်ညစ် ရေများ သူ့ထံ ဒလဟော စီးဝင်သွားလာနေခြင်းပင် ဖြစ်သည်။

 

                                        *************************

 

အီယန် မက်မန်းသည် တံငါသည် တဦး ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် Celtic သွေးသက်သက် လည်ပတ်စီးဆင်းနေသည်ဟူသော ယုံကြည်ချက် တခုတည်းဖြင့် သူ့တွင် သာမန်လူများထက် အစွမ်းအစရှိနေသည်ဟု ယုံကြည်နေသူလည်း ဖြစ်သည်။ သူသည် မြောက်ပင်လယ် ကမ်းစပ်တွင် လူဖြစ် ကြီးပြင်းလာသည်မှာ နှစ်ပေါင်း ခြောက်ဆယ် ရှိခဲ့ပြီး ဖြစ်၍ အန္တရာယ်တခုခု ဖြစ်လာမည့် အရေးကို သူအနေဖြင့် ကြိုမြင်တတ်သည်မှာလည်း အဆန်းတော့ မဟုတ်။

 

ကုန်ကုန် ပြောရလျှင်တော့ ပင်လယ်ပြင်တွင် အသက်ဆုံးရှုံး သွားသူများ၏ အရိပ်တစ္ဆေ များကို ဆိပ်ခံ ဘောတံတား များ နှင့် ဆိပ်ကမ်းတလျှောက်တွင် သူမြင်ခဲ့ရသည်ဟုပင် ပြော၍ ရသည်။ အချို့သင်္ဘောများသည် သူရဲ ခြောက်သည်ဟု သူ့စိတ်ထဲမှာ အလိုလို သိနေ၍ သူလည်း အနားသို့ သီရန်ပင် စိတ်မကူးခဲ့။ ကလီသော့စ် ရှိ လူတိုင်းလည်း သူပြောသည်ကို အမှန်ဟုပင် လက်ခံခဲ့ကြသည်၊ သို့သော် သူ့ကွယ်ရာတွင်တော့ အီယန် မက်မန်းသည် ပင်လယ်ပြင်တွင် ညပေါင်းများစွာ အချိန်ဖြုန်းခဲ့သူဟူ၍ တော့ တီးတိုး ပြောသည်များ တော့ ရှိခဲ့သည်။

 

မက်မန်းသည် အမြဲလို မနက် ငါးနာရီ ထိုးလျှင် အိပ်ယာမှ ထစမြဲ ဖြစ်သည်၊ ရာသီဥတု ဆိုးဝါး၍ သင်္ဘောများ ပင်လယ်သို့ မထွက်နိုင် ဖြစ်နေသည့် အခါမျိုးတွင်ပင် သူ့အိပ်ယာထသည့် အချိန်က ပုံမှန်ပင်၊ ကမ်းစပ်မှ အသံတသံ ကြားလိုက်ရသည့် အချိန်တွင် သူသည် မီးဖိုချောင်ရှိ စားပွဲတွင် ထိုင်၍ မနက်စာ ဆန်ပြုတ် တခွက်ကို သောက်နေခိုက် ဖြစ်သည်။

 

မိုးသံလေသံများ ကြောင့် အခြား အသံဗလံများကို မခွဲခြားနိုင်သာ ဖြစ်ရမည်၊ လူတယောက် သို့မဟုတ် တစုံတခု ‌ရေထဲ ကျသွားသံ ကို ကြားရသည်ကိုတော့ သူကျိန်တွယ်၍ပင် ပြောရဲသည်။ အပြင်တွင် ရဲသားတဦး တာဝန်နှင့် ရောက်နေသည်ကိုလည်း သူ သိထားပြီး ဖြစ်သည်။ မနေ့ညက သူအိပ်ယာ မဝင်မီကလေးတွင်ပင် သူ့အတွက် လ္ဘက်ရည် နှင့် ကိတ်မုန့်ကို သွားပေးခဲ့ပြီးလည်း ဖြစ်သည်။ မက်မန်းသည် သူဘာကြောင့် ရောက်လာရသည်ကို လည်း သိထားခဲ့သည်၊ ရဲအဖွဲ့သည် လန်ဒန်မှ လူသတ်တရားခံ နှစ်ဦး ကို အပူတပြင်း ရှာဖွေနေသည်ဟု ဆိုသည်၊ မက်မန်းသည် ထိုတရားခံ ပြေးများသည် သာမန် လူသတ်တရားခံများ မဟုတ်မှန်းတော့ ရိပ်စားမိသည်၊ သူသည် ကလီသော့စ် တွင် နေလာခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ပင် ရှိလာခဲ့ပြီ ဖြစ်သော်လည်း ကမ်းစပ်တွင် ရဲတယောက် လာရောက် စောင့်ကြပ်နေရသည့် အဖြစ်မျိုး တခါဖူးမှ မကြုံခဲ့ဖူးပေ။

 

မက်မန်းသည် သူ့အိမ်ရှိ မီးဖိုချောင် ပြတင်းပေါက်မှ ဆိပ်ကမ်းကိုသာမက ဟမ်ဘား မြစ်ဝအထိပင် ကောင်းစွာ လှမ်းမြင် နေရသည်။ မက်မန်း သည် ထိုင်ရာမှ ထလာပြီး လိုက်ကာ ကို ဖယ်ကြည့်လိုက်သည်၊ ရဲသား၏ အရိပ်အယောင် ကို တော့ မတွေ့ရတော့။ မက်မန်းသည် အောက်ခံ ဆွယ်တာ နှင့် ဆီစိမ် ကုတ်အင်္ကျီကို ကောက်စွပ်လိုက်ပြီး တံခါးဘေးတွင် ချထားသော လက်နှိပ်ဓါတ်မီးကို ဆွဲယူကာ ထွက်လာခဲ့သည်။

 

ဓါတ်မီးကို ထိုးပြီး လျှောက်ထွက်လာခဲ့သည်၊ ခြေလှမ်း အနည်းငယ် လျှောက်လာခဲ့ပြီး နောက် သူ့နားထဲတွင် သင်္ဘော တစီး၏ ဒီဇယ် အင်ဂျင် စက်နှိုးသံ ကို ကြားလာရသည်။ ဘယ်သင်္ဘောများ ထွက်မလို့ လဲ ဟု သိချင်ဇောဖြင့် ခပ်သွက်သွက် လှမ်းပြီး ကြည့်လိုက်ရာ ဂျက် ကင်ကိတ်၏ ကမ်မီလာ ဖြစ်နေသည်။

 

သူ့စိတ်ထဲတွင်လည်း ဒီလို မုန်တိုင်းထဲတွင် သင်္ဘော နှင့် ထွက်ရအောင် ဒီကောင် ရူးများ ရူး နေသလားဟု တွေးလိုက်မိသည်။

 

သူလည်း အပြေးအလွှား နှင့် “ဟေ့ကောင်...ဂျက်.. မသွားနဲ့၊ ရပ်လိုက်၊ မင်း ဘယ်သွားမလို့ ကြံနေတာတုန်း” ဟု လှမ်းအော်လိုက်သည်။

 

ချက်ခြင်းဆိုသလိုပင် ကမ်မီလာ သင်္ဘော ကြိုးကို ဖြုတ်ပြီး သင်္ဘော အမြီးပိုင်း သို့ လှမ်းခုံ တက်သွားသူသည် ဂျက် ကင်ကိတ် မဟုတ်ပဲ အခြား လူတယောက် ဖြစ်နေမှန်း သိလိုက်သည်။ တစုံတယောက်က သူ့သင်္ဘောကို ခိုးနေပြီ ဖြစ်သည်၊ သူက ရဲသားကို အနီးအနားတွင် တွေ့လို တွေ့ငြား လှည့်ပတ်ကြည့်လိုက်သော်လည်း အရိပ်အယောင်မျှပင် မတွေ့ရ။ စောစောက လူသည် ပဲ့ခန်း ထဲသို့ ဝင်သွားပြီး စက်ရှိန်ကို မြှင့်ကာ ဆိပ်ကမ်းမှ တဟုန်ထိုး မောင်းထွက်သွားသည်။

 

မက်မန်း က အတင်း ပြေးသွားပြီး “ဟေ့လူ...ပြန်လာခဲ့စမ်း” ဟု လှမ်းအော်လိုက်ပြန်သည်။

 

ထိုအချိန်တွင် နောက်ထပ် လူတယောက် ပဲ့ခန်းမှ ထွက်လာပြီး သေနတ် ပြောင်းဝမှ အလင်းတန်း တခု မှ ထွက်လာသည်ကို မြင်လိုက်ရသော်လည်း အသံတော့ မကြားရ။ ကျည်ဆံက သူ့ခေါင်းနားမှ ကပ်ကာ ဝှီးကနဲ ဖြတ်သွားသည်ကို သိလိုက်သည်၊ သူလည်း အနီးရှိ စည်ပိုင်း နှစ်လုံး နောက်သို့ ပစ်လှဲချလိုက်သည်။ နောက်ထပ် ကျည်ဆံ နှစ်တောင့် သည် ဆိပ်ခံဘောတံတားကို ထိမှန်သွားပြီးနောက် အသံဗလံများ တိတ်ဆိတ်သွားသည်။

 

သူလည်း ဝပ်နေရာမှ ထရပ်လိုက်ပြီး ကြည့်လိုက်ရာ ကမ်မီလာ ၏ အမြီးပိုင်းကိုသာ လှမ်းမြင်လိုက်ရတော့သည်။

 

ထိုအချိန်ကျမှ ဆိပ်ကမ်းတဝိုက် ရှိ ဆီများ ဝေ့နေသော ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် တစုံတခု ကို တွေ့သွားခဲ့သည်။

 

                                        ************************