ရဲတပ်သား ဂါနာ နှင့် ဆူလီဗန် တို့ နှစ်ဦးသားသည် လောက် မြို့လေး ၏ မှောက်မိုက်သော လမ်းများ အတိုင်း စက်ဘီး ကို ဘေးချင်းယှဉ် ၍ နင်းလာခဲ့ကြသည်၊ ဂါနာသည် ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်း လူလတ်ပိုင်း ဖြစ်ပြီး ဆူလီဗန်ကတော့ ပိန်ပိန်ပါးပါး ဖြစ်သော်လည်း အသက် နှစ်ဆယ်သာ ရှိသေး၍ ကျန်းမာ သန်စွမ်းသူ တဦးလည်း ဖြစ်သည်။ ရဲမှုး လော့ဝုဒ် သည် မြို့တောင်ပိုင်းရှိ လမ်းပိတ်ထားသော နေရာသို့ သွားရောက် ကြည့်ရှု့ရန် နှင့် ရောက်နှင့် ပြီးသား ထဲမှ နှစ်ဦး နှင့် တာဝန်လဲယူရန် ညွှန်ကြားခဲ့၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဂါနာက “လန်ဒန် က ရာဇဝတ်သား တွေ အခုလို မိုးမုန်တိုင်းတွေ ကျနေချိန် ဒီဖက် ကို ဘာကြောင့်များ ထွက်ပြေးလာနိုင်နေရတာတုန်း ဆိုတာ မောင်ရင် ငါ့ကို တဆိတ်လောက် ရှင်းပြပေးနိုင်မလား”၊ ဆူလီဗန်ကတော့ ဂါနာ လို ဗြစ်တောက် ဗြစ်တောက် ဖြစ်မနေသည့်အပြင် အတော်ကို စိတ်အား တက်ကြွနေသည်။ သူ့အဖို့ ပထမဆုံးအကြိမ် လူလိုက်ပွဲကြီး နှင့် ကြုံလာရ၍လည်း ဖြစ်သည်။ ယင်းနှင့်အတူ ပထမဆုံးအကြိမ် အဖြစ် လက်နက် ကိုင်ဆောင်ခွင့်ပါ ရလာခဲ့ပြန်သည်။ သူ့ပုခုံးပေါ်တွင် နှစ်ပေါင်း သုံးဆယ် ကျော် သက်တမ်းရှိ အိုမင်းဟောင်းနွမ်း နေပြီ ဖြစ်သော တလုံးထိုး ရိုင်ဖယ် ကို လွယ်ထားသည်။
ငါးမိနစ် ခန့် အကြာတွင် လမ်းပိတ်ထားရန် သတ်မှတ်ထားသော နေရာသို့ ရောက်လာခဲ့ကြသည်။ သို့သော် ထိုနေရာတဝိုက်တွင် လူသူ ကင်းမဲ့နေသည်။ ဂါနာသည် စက်ဘီးကို ခွပြီး မတ်တတ် ရပ် အကဲခတ်နေသည်၊ ဆူလီဗန်က သူ့စက်ဘီးကို လမ်းပေါ် လှဲချလိုက်ပြီး လက်နှိပ်ဓါတ်မီး နှင့် အနီးအနားကို ထိုးကြည့်နေခဲ့သည်။ သူ့မြင်ကွင်းထဲ ပထမဆုံး ရောက်လာရသည်က ကားဘီး ရာများ ပင် ဖြစ်သည်။ ထို့နောက်တွင်တော့ ကွဲကြေနေသော မှန်ကွဲ အစအနများ မြင်လိုက်ရပြန်သည်။
“ဒီမှာ လာကြည့်ဦး” ဟု ဆူလီဗန်က လှမ်းအော်လိုက်သည်။
ဂါနာသည် စက်ဘီးပေါ်မှ ဆင်းပြီး ဆူလီဗန် ရပ်နေသည့် နေရာသို့ တွန်းလာခဲ့သည်။
“ဘုရားရေ”
“ကားဘီးရာတွေ ကြည့်၊ ကားနှစ်စီး ဗျ၊ တစီးက ကျွန်တော်တို့ကား၊ နောက်တစီးက သူတို့ မောင်းလာတဲ့ ကားပဲ ဖြစ်မယ်၊ နှစ်စီးစလုံး ဒီဖက် ပြန်လှည့်မောင်းသွားတာ ပဲ၊ ကတ္တရာ လမ်း ပေါ်မှာ တာယာက ထင်ကျန်တဲ့ ရွှံ့ တွေ ကြည့်ရင် သိနိုင်တယ်၊ ဒီတိုင်းဆို ကျွန်တော်တို့ အတွက် ခြေရာခံ လိုက်လို့ ရမယ့် အခွင့်ကောင်းပဲ”
“အေး...ဒါဆို မင်း အဲ့ဒီအတိုင်း နင်းလိုက်သွား၊ ငါ စခန်းကို ပြန်ပြီး လော့ဝုဒ်ကို အကြောင်းကြားလိုက်မယ်။ ကောင်လေး...ဂရုစိုက်နော်၊ မပေါ့နဲ့”
*************************
ဆူလီဗန်လည်း လမ်းအတိုင်း နင်းလိုက်လာခဲ့သည်။ လက်တဖက်က လက်နှိပ်ဓါတ်မီးနှင့် ထိုးပြီး ကားဘီး ရာ များကို ကြည့်လာခဲ့သည်၊ ကားဘီးရာများက တဖြေးဖြေး နှင့် မှိန်လိုက်လာနေသည်၊ လမ်းပိတ်ထားသည့် လမ်းဆုံမှ ကိုက်တရာခန့် အရောက်တွင် ဘီးရာများ ပျောက်သွားသည်၊ ဆူလီဗန်သည် နောက်ထပ် နှစ်ဖာလုံခန် ဆက်နင်းပြီး သူတို့ဌာနက ကား တွေ့လိုတွေ့ငြား ရှာကြည့်မိသည်။
နောက်ထပ် အနည်းငယ် ထပ်သွားကြည့်လိုက်သည့် အခါတွင်တော့ နောက် ထပ် ကားဘီး ရာများကို တွေ့သည်၊ ဘီးရာများက ပို၍ ထင်ရှားလာပြီး ရှေ့အနည်းငယ် ဆက်နင်းလာသည့်အခါတွင်တော့ ကားသည် အခြား တဖက် မှ မောင်းလာခြင်း ဖြစ်သည်ဟု တွက်ဆလာနိုင်ခဲ့သည်။
ဘီးရာများ အတိုင်း ဆက်နင်းလာရာ သစ်ပင်များကြားက လူသွားလမ်း မှ ထွက်လာသည် ကို တွေ့လိုက်ရသည်။ ဓါတ်မီးကို အောက်စိုက် ထိုးကြည့်လိုက်ရာ ကားနှစ်စီး မှ ဖြစ်ဖွယ်ရှိသည့် ကားဘီး ရာ လတ်လတ်ဆတ်ဆတ် နှစ်စုံကို တွေ့လာရသည်။ သစ်ပင်များကြား ဓါတ်မီးကို လှမ်းထိုးကြည့်လိုက်ပြန်သည်၊ ဓါတ်မီးသည် အမှောင်ထုကို ထိုးဖေါက်နိုင်လောက်အောင် အား မကောင်းလှ။ လမ်းက ဆိုးနေသည့်အပြင် ဗွက်ထနေ၍ ရှေ့ဆက်နင်း၍ မရအောင် ဖြစ်လာ၍ စက်ဘီး ပေါ်မှ ဆင်းပြီး အနားရှိ သစ်ပင်တပင်တွင် ထောင်ထားခဲ့ရင်း ဆက်လျှောက်လာခဲ့သည်။
နှစ်မိနစ်ခန့် လျှောက်လာခဲ့ပြီး နောက် ဗင်ကား၏ နောက်ပိုင်းကို လှမ်းတွေ့လာရသည်။ အသံပေးလိုက်သော်လည်း ပြန်၍ တုန့်ပြန်သံ ထွက်မလာ၊ ပို၍ နီးအောင် ရှေ့ကို တိုးကြည့်လိုက်သည့်အခါတွင်တော့ သူတို့ ဌာန ကား မဟုတ်ပဲ လန်ဒန်က နံပတ်ပြားနှင့် မိုဒယ်ခြင်း လည်း မတူသည့် အခြား ကားတစီး ဖြစ်နေသည်၊ ဆူလီဗန်သည် တဖြေးဖြေး နှင့် ရှေ့သို့ တိုးကပ်လာခဲ့သည်၊ ပါဆင်ဂျာ ဘက်ခြမ်းမှ ပတ်ကာ ကားရှေ့ပိုင်းသို့ လှည့်ကြည့်ရင်း အထဲသို့ ဓါတ်မီး နှင့် ထိုးကြည့်လိုက်သည်၊ ရှေ့ခန်းတွင် ဘာမှ မတွေ့ရ၊ နောက်ဖက်ရှိ ပစ္စည်းများ ထည့်သည့် နေရာ သို့ ထိုးကြည့်လိုက်သည့်အခါတွင်တော့ အစီအရီ ထပ်ထားသည့် အလောင်းများကို တွေ့လိုက်ရသည်။
***********************
ဆူလီဗန်သည် လောက် မြို့ဖက်သို့ အားကုန် နင်းကာ အမြန် ပြန်လာခဲ့သည်၊ စခန်းသို့ ပြန်ရောက်လာသည်နှင့် လေတပ်စခန်း ရှိ ရဲမှုး လော့ဝုဒ်ထံ အကြောင်းကြားလိုက်သည်။
“လေးယောက်စလုံး သေကုန်ပြီ” ဟု ဟောဟဲ ဟောဟဲ ဖြစ်နေသည့် ကြားမှ ပြောလိုက်သည်၊ “အလောင်းတွေ ကို ကားနောက်ခန်းထဲ ထည့်ထားတယ်၊ ကြည့်ရတာ ဝရမ်းပြေး တွေက ကျွန်တော်တို့ ကားကို ယူသွားပုံပဲ၊ လမ်းပေါ်က ကားဘီးရာ တွေကို ကြည့်ရင် သူတို့ “လောက်” ဖက်ကို ပြန်လာတယ်လို့ ကျွန်တော် ပြောရဲတယ်”
“အလောင်းတွေက အခု ဘယ်မှာလဲ”
“ကျွန်တော် တောထဲမှာ ဒီအတိုင်းပဲ ထားခဲ့တယ်”
“မင်း အခု အဲ့ဒီနေရာကို ပြန်သွား၊ ငါတို့ ဆီက လူတွေ လာတဲ့ အထိ စောင့်နေ”
“Yes, sir”
လော့ဝုဒ်က ဖုန်းချလိုက်ရင်း “ မိုင်ဂေါ့ လေးလောင်းတောင် ဆိုပါလား”
“ဆောရီးပဲ ရဲမှုးကြီး၊ ကျွန်တော်လည်း တွေးမိသမျှ သီအိုရီတွေ လျှောက်ပြောနေမိတယ်၊ ဒီတိုင်းဆို သူတို့ အခု ဒီနယ်ထဲ ရောက်နေပြီ ဆိုတာ သေချာသွားပြီ၊ ဒီကောင်တွေ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြေးကြမှာပဲ။ အခုပဲ ကြည့် ခင်ဗျားလူ လေးယောက်ကို သွေးအေးအေး နဲ့ သတ်သွားကြပြီ”
“ကျွန်တော်တို့ အခု နောက်ထပ် ပြဿနာ ထပ်တက်လာပြီ၊ ကျွန်တော်တို့ ရဲကားကို မောင်းယူသွားပြီ၊ ဒီအကြောင်းကို လမ်းတလျောက်မှာ ပိတ်စောင့်နေတဲ့ အဖွဲ့တွေကို အကြောင်းကြားဖို့ကလည်း အချိန် ယူရဦးမယ်။ သူတို့သိအောင် ပြောနေတုန်း ခင်ဗျား စပိုင်တွေက ကမ်းခြေကို ရောက်လာကြတော့မယ့် အန္တရာယ် ရှိနေပြီ” ဟု ပြောရင်း လော့ဝုဒ်သည် မြေပုံရှိရာ လျှောက်သွားပြီး..
“လောက်”က ဒီနေရာမှာ ရှိတယ်၊ ကျွန်တော်တို့ အခု နေရာကနေ ဆို တောင်ဖက်မှာ၊ အဲ့ဒီကနေ လမ်းမကြီး မဟုတ်တဲ့ အခြား ဘယ်လမ်းက မဆို ပင်လယ်ဖက်ကို ရောက်အောင်သွားလို့ ရနေပြီ”
“ခင်ဗျား လူတွေကို ပြန်ပြီး နေရာချဗျာ၊ အားလုံးကို လောက် နဲ့ ကမ်းခြေ အကြား လမ်းတိုင်း မှာ ချထား”
“အဲလိုပဲ လုပ်ရတော့မှာပဲ၊ အချိန်တော့ ယူရမယ်၊ ခင်ဗျား စပိုင်တွေက လက်ဦးမှု ရနေပြီ”
“နောက်ထပ် တခု ကျန်သေးတယ်၊ သေသွားတဲ့ လူတွေရဲ့ အလောင်းတွေကို ဒီကို တတ်နိုင်သမျှ သိုသိုသိပ်သိပ် ပြန်သယ်လာစေချင်တယ်၊ အားလုံးပြီးသွားတဲ့ အခါကျမှ သူတို့ ဘာကြောင့် အသတ်ခံရလည်း ဆိုတာ ရှင်းပြဖို့ တခုခု ရှာကြံပြောရတော့မှာပဲ”
“ဒါဆို သူတို့ မိသားစု တွေကို ကျွန်တော်က ဘယ်လို ပြောရမှာလဲ” ဟု လော့ဝုဒ်က ဒေါသတကြီး ဖြင့် ပြောရင်း ဆောင့်ကြီးအောင့်ကြီး နှင့် လှည့်ထွက်သွားသည်။
ဗီကာရီက တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး လန်ဒန်ရှိ MI-5 ရုံးချုပ် နှင့် ချိတ်ပေးရန် အော်ပရေတာ ကို ပြောလိုက်သည်။ တဖက်မှ ဌာနချုပ်ရှိ အော်ပရေတာ သံကို ကြားလိုက်ရသည်နှင့် ဗီကာရီက ဘုသီ နှင့် ချိတ်ပေးရန် ပြောပြီး စောင့်နေလိုက်သည်။
ဘုသီ အသံကြားလိုက်ရသည်နှင့် “ဟဲလို.... ကျွန်တော်တို့ ဒီမှာ ပြဿနာ အကြီးအကျယ် တက်နေပြီဗျ” ဟု ပြောချလိုက်သည်။
********************
ကလီသော့စ် တဝိုက်ရှိ ရေပြင်ကို ဖြတ်သန်း တိုက်ခတ်လာနေသော လေသည် မိုးကိုပါ တပါတည်း သယ်ဆောင်လာသည်၊ နျူမန်သည် ကားအရှိန် ကို လျော့ချလိုက်ပြီး ကုန်လှောင်ရုံ များ အစီအရီ တွေ့နေရသည့် ဖက်သို့ ကွေ့ဝင်လိုက်သည်။ ကားကို ရပ်ပြီး စက်သတ်လိုက်သည်။
မကြာခင် အာရုံကျင်း၍ အလင်းရောင်ထွက်လာတော့မည် ဖြစ်သည်။ ဖျော့တော့တော့ ဖြစ်နေသော အလင်းရောင်အောက်တွင် ဆိပ်ခံ ဘောတံတား ခပ်သေးသေး တခုကို လှမ်းမြင်နေရပြီး အနီးတဝိုက်တွင် ငါးဖမ်း သင်္ဘောများ ဆိုက်ကပ်ထားသည်၊ လှေလေးများလည်း ရေပေါ်တွင် နိမ့်ချီ မြင့်ချီ နှင့် ဖြစ်နေသည်။ သူတို့ အခု ရောက်သည့် အချိန်သည် တကယ့် အချိန်ကောင်းပင် ဖြစ်သည်။
လမ်းတွင် တားဆီး စစ်ဆေးနေသည့် နေရာ နှစ်ခုကို တွေ့ခဲ့ရပြီး ရဲကား ဖြစ်နေ၍ နှစ်နေရာစလုံးပင် သူတို့ကားအား လက်ပြပြီး ဆက်သွားခိုင်းခဲ့သည်။
ဂျင် ကင်ကိတ်၏ အိမ်သည် ကုန်လှောင်ရုံ တခု အပေါ်ထပ်တွင် ရှိမှန်း သိထားပြီး ဖြစ်သည်။ သစ်သားလှေကား တခု နှင့် အပေါ်တွင် တံခါးပေါက် တပေါက် ရှိသည့် နေရာသည် သူ့အခန်း ပင် ဖြစ်မည်။ နျူမန်က လှေကား အတိုင်း အပေါ်ကို တက်လာခဲ့ပြီး တံခါးနား ရောက်သည်နှင့် သူ၏ မော်ဆာ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။ တံခါးကို ခပ်ဖြေးဖြေး ခေါက်လိုက်သော်လည်း အထဲက အသံမကြားရ၊ တံခါး ဂျက်ကို ဖွင့်ကြည့်လိုက်ရာ ပွင့်သွား၍ အထဲသို့ လှမ်းဝင်ခဲ့သည်။
အထဲရောက်သည်နှင့် ဆိုးဝါးလှသော အနံ့အသက်ပေါင်းစုံက သူ့အား ဆီးကြိုနေသည်။ ပုတ်သိုးဆွေးမြေ့နေသော အမှိုက်ပေါင်းစုံ၏ အနံ့များ၊ စီးကရက် အတို များမှ ထွက်နေသော အနံ့များ၊ ချွေးနံများ၊ အရက်နံ့များ က သူ့နှာခေါင်းထဲ အလုအယက် တိုးဝင်လာနေသည်၊ မီးခလုတ်ကို ဖွင့်ကြည့်လိုက်သော်လည်း မီးမလင်း၊ အိပ်ထဲမှ လက်နှိပ်ဓါတ်မီးကို ဆွဲထုတ်ပြီး ထိုးကြည့်လိုက်သည်။ မွေ့ယာတခုပေါ်တွင် အိပ်နေသော လူထွားထွားကြီး တယောက်ကို တွေ့ရ၍ နျူမန်က သူ့အနား တိုးကပ်သွားပြီး ဖိနပ်ဦး နှင့် ထိုးကာ နှိုးလိုက်သည်။
“ခင်ဗျား ဂျက် ကင်ကိတ် ဆိုတာလား”
“ဟုတ်တယ်၊ မင်းက ဘယ်သူလဲ”
“ကျွန်တော် နာမည် ဂျိမ်း ပေါ်တာ၊ ခင်ဗျား ကျွန်တော်ကို သင်္ဘောနဲ့ လိုက်ပို့မယ်ဆို”
“အား..ဟုတ်သားပဲ” ဟု ပြောရင်း ကင်ကိတ်က ထထိုင်ဖို့ ကြိုးစားလိုက်သည်၊ နျူမန်က ဓါတ်မီးနှင့် သူ့မျက်နှာ တည့်တည့်ကို ထိုးထားသည်၊ သူ့ကြည့်ရသည်မှာ အသက် ခြောက်ဆယ် ခန့် ရှိပြီး မျက်နှာက အရက်ဖေါ ဖေါနေသည်။
“မနေ့ညက နဲနဲ များသွားပုံရတယ် ထင်တယ် ဂျက်”
“နဲနဲပါးပါးပါ”
“ခင်ဗျား သင်္ဘောက ဘယ်ဟာလဲ”
“ကမ်မီလာ”
“အခု ဘယ်မှာ ဆိုက်ထားလဲ”
“ဆိပ်ခံ ဘောတံတား အစွန်းဖက်မှာ၊ သွားရင် သေချာပေါက် တွေ့လိမ့်မယ်”
ကင်ကိတ်က အိပ်ယာပေါ် ပြန်လဲသွားပြန်သည်။
“ခင်ဗျား သင်္ဘောကို ခဏ ယူသုံးရင် ဖြစ်တယ်မဟုတ်လား ဂျက်”
ကင်ကိတ်ထံ မှ ဟောက်သံကြီးသာ ထွက်လာသည်။
“ကျေးဇူးပဲ ဂျက်”
**********************