ခြောက်သွေ့သော လမ်းများ ပေါ်တွင် အရှက်ကွဲခဲ့ရ‌သော စစ်အာဏာသိမ်း အဖွဲ့

by Hla Soewai - Apr 14 2022

မြန်မာ နှစ်သစ်ကူး သင်္ကြန်သည် အမြဲလို ပျော်ရွှင် မြူးတူး ကခုန်နေပြီး မြန်မာရိုးရာ ပွဲတော်များထဲတွင် တနိုင်ငံလုံး ကလေး လူကြီး မကျန် ပါဝင်ဆင်နွှဲကြ၍ အစည်ကားဆုံး နှင့် အထင်ရှားဆုံး ပွဲတော်ကြီး လည်း ဖြစ်သည်။

 

ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား နိုင်ငံများတွင် ပျော်ရွှင်စွာ ကခုန်မြူးတူး ရေပက်ကစားနေ ကြသော်လည်း မြန်မာမြေ တွင်ကတော့ ခြောက်သွေ့ကာ ကျီး နှင့် ဖုတ်ဖုတ် ဖြစ်နေလေပြီ။

 

သဲအိတ်များ နှင့် ကာရံထားသော မဏ္ဍပ်များ နောက်တွင် စစ်သားများ၊ ကလေးများ ရေပက် ကစားနေ သည်ကို တွေ့ရပြီး လူများကတော့ လမ်းတဖက်တွင် ခံစားချက် ကင်းမဲ့နေသော မျက်လုံးများနှင့် ငေး ကြည့်နေကြသည်ဟု AFP သတင်းကို ပြင်သစ် France 24 က ဖေါ်ပြထားသည်။ ထို့အပြင် ကမ္ဘာ သတင်းဌာနကြီးများ ဖြစ်သော အေပီ နှင့် ရိုက်တာ သတင်းဌာနကြီးမှ ပေးပို့သော နိုင်ငံ၏ လမ်းများ ခြောက်သွေ့ကာ လူထုတရပ်လုံး တုတ်တုတ်မျှ မလှုပ် ငြိမ်သက်စွာ ဆန့်ကျင် ကန့်ကွက်နေသည့် သတင်းများကို ကမ္ဘာသတင်းစာကြီးများတွင် ဖေါ်ပြလာကြသည်။

 

ယခင်က ကြိတ်ကြိတ်တိုး စည်ကားခဲ့သည့် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်သည်လည်း ကား လေးငါး ခြောက်စီးခန့် သာ ပတ်၍ ရေပက်ခံနေကာ စင်ပေါ်တွင်လည်း လူထု ၏ ချစ်ခြင်းမေတ္တာကို ငွေနှင့်လဲယူ ရန် စိတ်ဝင်စားကြသော ကပ်ပါး အနုပညာရှင် များ လောက်သာ တွေ့ရပြီး ၎င်းတို့သည် ပြည်သူများ၏ ‌ဒဏ်ခတ်ခြင်းကို ခံကြရတော့မည် ဖြစ်၍ သူတို့၏ အနုပညာ ဘဝက ရှင်လျှက်နှင့် သေဆုံးသွား ခဲ့လေသည်။

 

စစ်ကောင်စီ အဖို့ မရှုမလှ အရှက်ကွဲခဲ့ရသည်။ အသံတိတ် သပိတ်ထက် အဆပေါင်းများစွာ ပြင်းထန် သည့် ပြည်သူတို့၏ နှလုံးရည် ထိုးစစ်ကြီး ဒဏ်ကို မရှုမလှ ခံခဲ့ကြရပြီ ဖြစ်သည်။

 

အရှက်တရား ဆိုသည် မိမိတို့ လုပ်ရပ် မှားသည် မှန်သည်ကို ဝေဖန် ပိုင်းခြားနိူင်စွမ်း ရှိသူများက ရှက်တတ်ကြစမြဲ ဖြစ်ပြီး ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိသူများကတော့ ရှက်ရကောင်းမှန်း သိကြမည်လည်း မဟုတ်ပေ။

 

နိုင်ငံတကာတွင် စစ်တပ်က အာဏာသိမ်းမှုများမှာ အထူးအဆန်း မဟုတ်တော့။ သို့သော် အာဏာ သိမ်းပြီး တနှစ်ကျော်ကြာလာသည့် အထိ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိ၊ လူထု၏ ပြင်းထန်စွာ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်အာဏာသိမ်း အဖွဲ့ဟူ၍ မြန်မာတနိုင်ငံ ထဲတွင်သာ တွေ့ရမည် ဖြစ်သည်။

 

ငြိမ်ပိ အဖွဲ့၏ အာဏာသိမ်းခဲ့မှုသည် ယခုအချိန်လောက်နှင့်ပင် ရွေးကောက်ပွဲကို ကမ္ဘာ က အသိ အမှတ်ပြုသည် အထိ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဖြစ်သည် မဟုတ်ပါလား၊ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ် သည် ၎င်းတို့ မျှော်လင့်ထားသလို ဖြစ်မလာ၍ သာ အရှက်ကင်းမဲ့စွာ ကတိ ဖျက်ကာ စစ်ဗိုလ်ချုပ်များ ဆက်၍ အုပ်ချုပ်ခဲ့သည်က တပိုင်းပင်။

 

‌ဤသည်ကို ကြည့်လျှင် ၎င်းတို့၏ အာဏာသိမ်းမှုသည် ကာလကြာမြင့်စွာ ကတည်းက အောင်မြင် ခဲ့ခြင်း မရှိ ပျက်ပြားသွားခဲ့ပြီး ဖြစ်သည်။ လက်နက်ပြ၍ အတင်း အဓမ္မ တွယ်ကပ် အုပ်ချုပ်နေကြ သူများသာ ဖြစ်သည်ကို အိမ်နီးချင်း နိုင်ငံများ အပါအဝင် မြန်မာအား လေ့လာစောင့်ကြည့်နေသည့် နိုင်ငံတိုင်းက သိထားကြပြီး ဖြစ်သည်။

 

ယမန်နေ့က သင်္ကြန်အား သပိတ်မှောက်ခဲ့မှုသည် ၎င်းတို့ကို မိမိတို့မှ လိုလားခြင်း မရှိကြောင်း ပြည်သူ တရပ်လုံးက ကျယ်လောင် မြည်ဟီးစွာ စစ်အာဏာသိမ်း အဖွဲ့ကို အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

 

စစ်တပ်သည် PDF များ၏ ခြိမ်းခြောက်မှုကြောင့် လူထုက မထွက်ရဲဟု ကိုယ့်ဖာသာ ကိုယ် ဖြေသိမ့် ကြပေဦးမည်။ ထိုအယူအဆအတိုင်း ပြောရမည်ဆိုက လူထုသည် ၎င်းတို့၏ လုံခြုံရေး အား အကာ အကွယ် ပေးနိုင်မည့် အစိုးရ မဟုတ် ဟု ယူဆလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။ လူထု၏ အသက် အိုးအိမ်ကို အကာအကွယ် မပေးနိုင်ပါဘဲနှင့် ငါတို့ လုံခြုံလျှင် ပြီးရော ဆိုကာ အတင်းအဓမ္မ အုပ်ချုပ် နေသူများဟု သတ်မှတ်၍ ရနေပေသည်။

 

ထိုသို့ အကာအကွယ် မပေးနိုင်သည့်အပြင် အထက်ဗမာပြည်တွင် ကျေးရွာများကို သင်္ကြန်ကာလပင် မရှောင် ဆက်လက် မီးတိုက်နေကြဆဲပင် ဖြစ်သည်။ (ပုံတွင် မကွေးတိုင်း ပေါက် မြို့နယ် အတွင်းရှိ ရွာတရွာကို မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့နိုင်သည်)

 

စစ်တပ်သည် ၎င်းတို့သာ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိသည်၊ လူထုသည် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိသူများ မဟုတ်ဟု အမြဲလို မောက်မာစွာ ယူဆထားပြီး ထိုအတိုင်းပင် စစ်အရာရှိ များအား ခေတ် အဆက်ဆက် ပုံသွင်းပေးခြင်း ခံခဲ့ကြသည်။

 

၁၉၆၂ မတိုင်မီ အာရှတွင် အချမ်းသာဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့ရာမှ ၎င်းတို့၏ ကျေးဇူးကြောင့် အဆင်းရဲဆုံး နိုင်ငံ အဖြစ် လာအိုနှင့် ဘင်္ဂလားဒေ့ရှ် အောက်သို့ပင် ထိုးဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

ထိုအဖြစ်ကိုလည်း ရှက်ရကောင်းမှန်း မသိကြပြန်၊ မိမိတို့ လုပ်ရပ် မှားလား မှန်လားကို သုံးသပ် ဆုံးဖြတ်နိုင်စွမ်း မရှိသူ များ ဖြစ်နေသည်က ထင်ရှားလာပြီးရင်း လာနေရသည်။

 

ထို့အတွက်လည်း စစ်တပ်သည် မြန်မာပြည်သူ တရပ်လုံးက သူပုန် အဖြစ် သတ်မှတ်လိုက်ကြကာ မောင်းထုတ်ပစ်ရန် ကြိုးပမ်းလာကြခြင်းပင် ဖြစ်သည်။

 

၎င်းတို့ကို မဖယ်ရှားနိုင်သရွေ့ မြန်မာပြည်သူများ အဖို့ သားစဉ်‌‌ မြေးဆက် ကမ္ဘာအလယ်တွင် လူတန်း စေ့ နေနိုင်ကြရတော့မည် မဟုတ်၊ လက်ရှိရထားသော အဆင့်အတန်းမှ တဖြေးဖြေး ယုတ်လျော့လာ ကြဖို့သာ ရှိသည်။

 

၎င်းတို့အဖို့က တတိုင်းပြည်လုံး ကျွမ်းထိုး မှောက်ခုံ ဖြစ်နေစေဦး အသင့်ရပ်ထားသော လေယာဉ်များ ပေါ် တက်ပြီး မပြေးရမချင်း ကုပ်ကပ်နေကြမည်သာ ဖြစ်သည်။

 

ပြည်သူများ အနေဖြင့် ယခုလို စည်းလုံးညီညွတ်စွာ အတူ ရပ်တည်ပြီး ခုခံ တွန်းလှန်သွားကြရဖို့သာ ရှိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!