D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၃)

by Hla Soewai - Apr 13 2022

ဂျင်နီ ကောဗီး ဖန်တီးလိုက်သော လုပ်ရပ်သည် သူမ ရည်ရွယ်သလို ဖြစ်မလာခဲ့သော်လည်း အနည်းဆုံးတော့ ကက်သရင်း ဘလိတ် ထိုင်သည့် ဘက် ကားတံခါး အနီးတွင် ရပ်နေသော ရဲ တဦး ကိုတော့ ဝေဒနာ မခံစားရပဲ  နှင့် အသက်ထွက်သွားအောင် အကျိုးဆောင်ပေးလိုက်သလို တော့ ဖြစ်သွားခဲ့ရသည် ၊ ရဲက အသံကြားရာဆီသို့ လှည့် အကြည့်တွင် ကက်သရင်း သည် သူမ၏ မော်ဆာ ပစ္စတို နှင့် ပစ်ထဲ့လိုက်သည်။ သေနတ်တွင် တပ်ထားပြီး ဖြစ်သော ဆိုင်လင်စာကြောင့် အသံသည် ကျယ်လောင်စွာ ထွက်မလာပဲ ထပ် ကနဲ ဆိုသည့် အသံသာ ကြားလိုက်ရသည်။ သို့သော် ကျည်ဆံသည် ကားမှန်ကို ကွဲထွက်သွားခဲ့ပြီး ရဲသား၏ မေးရိုး မှ တဆင့် ဦးနှောက် ထဲ အထိ ဖေါက်ထွက်သွားသည်။ ချက်ခြင်းလိုပင် ဗွက်ထနေသော လမ်းပေါ် လဲကျပြီး အသက်ထွက်သွားခဲ့သည်။

 

 

ဒုတိယ အသက်ထွက်သွားသူက နျုမန် အနီး ရပ်နေသော ရဲသားပင် ဖြစ်သည်၊ သူသည် နျူမန် လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း မဟုတ်၊ နျူမန်မှ ညာဖက် လက်နှင့် ပုတ်ထုတ်လိုက်သဖြင့် သူ့လက်ထဲ က ပြောင်းရှည် သေနတ် လွင့်ထွက်သွားချိန်တွင် ကက်သရင်း က လှည့်ပြီး ပွင့်နေသော တံခါးမှ တဆင့် လှမ်းပစ်လိုက်သည်။ ကျည်ဆံသည် ရဲသား၏ နဖူးတည့်တည့် မှ ဖေါက်ဝင်သွားပြီး ခေါင်းနောက်မှ ထုတ်ချင်း ပေါက်ထွက်သွားသည်။ သူလည်း ချက်ခြင်း ဆိုသလို လမ်းပေါ်သို့ နောက်ပြန်လဲကျသွားသည်။

 

 

နျုမန်လည်း ပွင့်နေသော တံခါးမှ လမ်းပေါ်သို့ လှိမ့်ချလိုက်သည့် အချိန်တွင် ကားနောက်ပိုင်းတွင် ရပ်နေသော ရဲမှ သူ့အား ချိန်ရွယ် ပစ်ခတ်လိုက်သော ကျည်သည် ခေါင်းပေါ်မှ ဝှီးကနဲ ကျော်ဖြတ်သွားသည်၊ တဝက်တပျက် ပွင့်နေသော ကားပြတင်းမှန်သည် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားသည်။ နျုမန်လည်း ချက်ခြင်းဆိုသလို လက်ထဲက သေနတ်နှင့် နှစ်ချက်ဆင့်ပစ်လိုက်ရာ ပထမကျည်သည် ရဲ၏ ပုခုံးကို ထိသွားပြီး တပတ်လည်ထွက်သွားချိန်တွင် နောက် ကျည်တံတောင့်က သူ၏ နှလုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။

 

ကက်သရင်းသည် ဗင် ကားထဲမှ ထွက်လိုက်ပြီး လက်ထဲက သေနတ်ကိုလည်း အမှောင်ထဲသို့ ထိုးချိန်လိုက်သည်။ ဗင်ကား၏ အခြား တဖက်တွင်လည်း နျုမန်သည် မှောက်ယက် အနေအထားမှ အသံမပေးပဲ အခြေအနေကို စောင့်ကြည့်နေသည်။

 

 

နောက်ဆုံး ကျန်နေသည့် ရဲသားလည်း မဟန်မှန်းသိ၍ နောက်လှည့်၍ ပြေးဖို့ ကြံလိုက်သော်လည်း ခြေလှမ်း အနည်းငယ် အတွင်းမှာပင် နျုမန်၏ ပစ်ကွင်းသို့ တန်းတန်း မတ်မတ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၍ နျုမန်က အသေအချာ ချိန်ရွယ်ပြီး နှစ်ချက်ဆင့် ပစ်လိုက်သည်၊ ပြေးလွှားသွားသည့် ခြေသံများ ရပ်တန့်သွားပြီး လက်ထဲက သေနတ်သည် မြေကြီး ကတ္တရာ လမ်းပေါ်သို့ ကျသွားသံကို အတိုင်းသား ကြားလိုက်ရသည်။ ရဲလေးဦး၏ အသက်မဲ့ ခန္ဓာကိုယ်များသည် မိုးရေများနှင့် စိုစွတ်နေသော လမ်းပေါ်တွင် ငြိမ်သက်စွာ လဲလျှောင်း ကျန်ခဲ့ပေတော့သည်။

 

                                        ***************************

 

နျုမန်သည် အလောင်းများကို ကောက်ယူကာ ကားနောက်ခန်းထဲ ထည့်လိုက်သည်။ ကက်သရင်း က တံခါးကို လက်နှင့် ကိုင်ပေးထားသည်၊ ဂျင်နီ မျက်နှာက ကြောက်လန့်စိတ်များကြောင့် ပြူးကျယ်နေသည်၊ မျက်နှာကိုလည်း လက်နှင့် ကာထားသည်။ ကက်သရင်းက သူ့လက်ထဲက သေနတ် နှင့် ဂျင်နီ မျက်နှာကို ဖြတ်ရိုက်လိုက်၍ မျက်လုံး အထက်နား တွင် ကွဲထွက်သွားသည်။ “မင်း ဒီလို မျိုး မဖြစ်ချင်ဘူး ဆိုရင်တော့ ဒါမျိုး နောက်ထပ် လုပ်ဖို့ ယောင်လို့တောင် စိတ်မကူးလေနဲ့”

 

နျုမန်သည် ဂျင်နီကို ပွေ့ချီလိုက်ပြီး လမ်းပေါ် ချထားလိုက်သည်။ ထို့နောက် ကက်သရင်း နှင့် အတူ အလောင်းများကို ကားနောက်ခန်း တွင် အစီအရီ ထပ်လိုက်ပြန်သည်။  ထို့နောက် သူ့ခေါင်းထဲတွင် အတွေးတခု ချက်ခြင်းဆိုသလို ဝင်ရောက်လာခဲ့သည်၊ ရဲများသည် ဒီနေရာသို့ ရောက်အောင် သူ့တို့ ကားနှင့် သူတို့ ရောက်လာကြမည်သာ ဖြစ်သည်။ ကားသည် လမ်းဘေး နှင့် ကိုက်အနည်းငယ် အကွာတွင် ရပ်ထားသည်၊ နျူမန်သည် အလောင်းများ ထည့်ထားသော သူတို့ ဗင်ကားကို မမြင်အောင် ဝှက်ထားပြီး ရဲများ၏ ကားနှင့်ပင် ကမ်းခြေသို့ ရောက်အောင် သွားတော့မည်၊ သူ့တို့လူများ ပျောက်နေမှန်း သိဖို့က နာရီပေါင်း အတော်ကြာမှ သိနိုင်မည် ဖြစ်သည်၊ ထိုအချိန်လောက် ဆိုလျှင် သူတို့လည်း ယူဘုတ်ဖြင့် ဂျာမဏီသို့ ခရီးနှင်နေလောက်ပြီ ဖြစ်သည်။

 

 

နျူမန်သည် ဂျင်နီကို ပွေ့ချီကာ ရဲကားနောက်ခန်းတွင် ထည့်လိုက်သည်။ ကက်သရင်းက ဒီတကြိမ်တွင်တော့ ဒရိုင်ဘာ ခုံတွင် ဝင်ထိုင်ပြီး စက်နှိုးလိုက်သည်။ နျူမန်က သူ့တို့ စီးလာသော ကားထဲ ဝင်ပြီး နောက်ပြန်ဆုတ်ကာ မောင်းသွားသည်။ ကက်သရင်းက သူ့နောက်မှ မောင်းလိုက်လာခဲ့သည်။ နျုမန်သည် သူ့နောက် ဖက် လက်မ အနည်းငယ် အကွာတွင် ပါလာသော လူသေအလောင်းများ ကို မေ့ထားဖို့ ကြိုးစားခဲ့ရသည်။

 

 

နှစ်မိနစ် ခန့်အကြာတွင် နျုမန်သည် လူသွားလမ်း လေး တခုသို့ ချိုးကွေ့ချလိုက်ပြီး ကိုက် နှစ်ရာခန့် ရှေ့သို့ ဆက်မောင်းလာခဲ့သည်။ ထို့နောက် ကားစက်ကို သတ်ကာ ဆင်းလာခဲ့ပြီး လမ်းမကြီးဖက်သို့ ပြန်လျှောက်လာခဲ့သည်၊ ထို့နောက် ကက်သရင်း ဘေးတွင် ဝင်ထိုင်ပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်သည်၊ သူတို့ ဗင်ကားသည်လည်း လေးညို့မှ ပစ်လိုက်သော မျှားတစင်းအလား တဟုန်ထိုး မောင်းထွက်လာခဲ့သည်။

 

 

စောစောက လမ်းပိတ်ထားသည့် နေရာသို့ ဖြတ်လာခဲ့ပြီး သွားရန် ရည်ရွယ်ထားသည့် ဘီ လမ်းထဲသို့ ချိုးဝင်လိုက်သည်၊ မြေပုံ တွင် ပြထားသည့် အတိုင်းဆိုက ကမ်းခြေ ရောက်ဖို့ ဆယ်မိုင်ခန့်သာ လိုတော့သည်၊ ထိုမှ တဆင့် နောက်ထပ် မိုင် နှစ်ဆယ် ခန့် မောင်းလိုက်လျှင် ကလိသော့စ် သို့ ရောက်ပြီ ဖြစ်သည်။ လန်ဒန်တွင် MI-5  လက်က လွတ်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် သူတို့ ခရီးစဉ် အောင်မြင်တော့မည်ဟု အတွေးဝင်လာခဲ့ပြီ ဖြစ်သည်။

 

                                        *****************************

 

ဂရင်စ်ဘီးလ် မြို့ပြင်ရှိ လေတပ်စခန်းထဲရှိ သူ၏ ရုံးခန်းထဲတွင် ဗီကာရီသည် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပြန်သည်။ ဟာရီ ဒေါ်လ်တန် နှင့် ဂျော်ဒန်တို့က စားပွဲတွင် ထိုင်နေပြီး စီးကရက်ကို ရှိုက်ဖွာနေကြသည်။ ရဲမှုး လော့ဝုဒ် သည် သူတို့ ဘေးတွင် ထိုင်နေပြီး မီးခြစ်ဆံများဖြင့် ဂဲသြမေတြီ ပုံသဏ္ဍန်များ ဖေါ်ကြည့်နေသည်။

 

 

“အခု အနေအထားကို မကြိုက်လှဖူးဗျာ၊ ဒီအချိန်လောက်ဆို သူတို့ က တနေရာရာ မှ တဖွဲ့ဖွဲ့ က တွေ့သင့်နေလောက်ပြီ”

 

ဟာရီက “လမ်းမကြီးတွေ အားလုံး ပိတ်ထားပြီးပြီဆိုတော့ ဒီလူတွေ တနေရာ မဟုတ် တနေရာ တော့ ဝင်တိုးမှာ ကြိမ်းသေတယ်”

 

 

“ဒါမှမဟုတ် ဒီဖက်ကိုများ မလာပဲ နေလေ့ရော့သလား၊ ကျွန်တော်တို့ဖက်က အတွက်အချက်တွေ မှားကုန်ပြီလားမသိ၊ ဟမ်တမ်ဆင်း ရဲ့ တောင်ဖက်ကိုများ ဦးတည်သွားကြတာများလား၊ ဒါမှမဟုတ်လည်း လှည့်စားတဲ့ အနေနဲ့ ယူဘုတ်လာဖို့ အချက်ပြ ပြီး တကယ်တမ်းကျ အိုင်ယာလန်ဖက်ကို ဖယ်ရီနဲ့များ ကူးသွားကြသလား”

 

 

“သူတို့ ဒီဖက်ကို လာကို လာမှာပါ”

 

 

“ဒါမှမဟုတ်လည်း လောလောဆယ် ဘယ်မှ မသွားသေးပဲ လမ်းမနဲ့ ဝေးတဲ့ ရွာတရွာ မှာ မှာ ခိုနေကြပြီလား၊ သူတို့ ကို လိုက်ရှာနေတာတွေ လက်လျော့သွားလောက်မှ ထွက်လာကြမလား”

 

 

“သူတို့ ရေငုပ်သင်္ဘော ကို ခေါ်ထားပြီးပြီလေ၊ လာကို လာရတော့မှာ”

 

 

“သူတို့ အခု ဘာမှ မဖြစ်မနေ တခုခု လုပ်စရာ အကြောင်းကို မရှိဘူး၊ လမ်းတွေ ပိတ်ဆို့ထားတာ တွေ မြင်သွားတော့ စောင့်ဖို့ ဆုံးဖြတ်သွားနိုင်တယ်၊ အခွင့်သာမှ ရေငုပ်သင်္ဘောကို ထပ်ခေါ်လို့လည်း ရတယ်”

 

 

“အာစရိ တခု မေ့နေပြီ ထင်တယ်၊ သူတို့မှာ ရေဒီယို စက် မရှိတော့ဖူးလေ”

 

 

“အဲ့တာက ကျုပ်တို့ ထင်နေတာလေဗျာ၊ မောင်ရင် က တခုကို အရယူထားနိုင်ခဲ့တယ်၊ နောက်တလုံး ပျက်စီးနေတာကို သွန်မဆင်က တွေ့ခဲ့တယ်၊ သူတို့ဆီမှာ နောက်ထပ် တလုံး ရှိမရှိ ဆိုတာ ကျုပ်တို့ အသေအချာ မသိသေးဘူး”

 

 

“အာစရိ ပြောသလို အသေအချာ တော့ မသိဖူး ဆိုတာ မှန်ပေမယ့် ကျွန်တော်တို့ဖက်က ဖြစ်နိုင်ချေ အရှိဆုံးကို ဦးနှောက်သုံးပြီး ခန့်မှန်းထားပြီး သွားပြီလေ”

 

ဗီကာရီက လမ်းလျှောက်ရင်းက တယ်လီဖုန်း ရှိရာသို့ မကြာမကြာ လှမ်းကြည့်နေသည်။ ဖုန်း မြည်လာစမ်း... မြည်လာစမ်း ဟု စိတ်ထဲက ကြိတ်၍ ရေရွတ်နေပြန်သည်။

 

 

တခုခု လုပ်မှ ဖြစ်မည်ဟု ပိုင်းဖြတ်လိုက်ပြီး တယ်လီဖုန်း ကို ကောက်ကိုင်ပြီး လန်ဒန်ရှိ ရေငုပ်သင်္ဘော ခြေရာခံသည့် စခန်း နှင့် ဆက်သွယ်ပေးရန် အော်ပရေတာကို ပြောလိုက်သည်။ တဖက်မှ အာသာ ဘရိတ်ဝိတ် အသံကို ကြားလိုက်ရသည့် အခါတွင်တော့ သူ့အသံသည် တော်ပီဒို ဗုံး ထည့်ထားသည့် ဆလင်ဒါ အခေါင်းထဲ ရောက်နေသည့် အသံမျိုး ပေါက်နေသည်။

 

 

“ဘာထူးလဲ ကွန်မင်ဒါ” ဟု ဗီကာရီက မေးလိုက်သည်။

 

 

“ကျွန်တော် ဘုရင့် ရေတပ် နဲ့ ကော ကမ်းခြေစောင့် တပ်နဲ့ကော စကားပြောပြီးသွားပြီ၊ ကျွန်တော်တို့ အခု ပြောနေတုန်းပဲ ရေတပ်က ကောဗက် တိုက်ရေယာဉ် အမှတ် ၇၄၅ နဲ့ ၁၂၈ ကို အဲ့ဒီ ဒေသထဲ မောင်းလာနေကြပြီ၊ နောက်တနာရီ လောက်ဆို စပမ်းဟက် ကို ရောက်မယ်၊ သူတို့ ရောက်တာနဲ့ ချက်ခြင်းကို ပိုက်စိတ်တိုက် ရှာကြလိမ့်မယ်၊ ကမ်းခြေစောင့် တပ်ကတော့ ကမ်းနဲ့ နီးတဲ့ နေရာတွေ ကို ရှာဖို့ တာဝန်ယူထားကြလေရဲ့၊ လေတပ်ကလည်း အလင်းရောင် ထွက်လာပြီ ဆိုတာနဲ့ ကောင်းကင်ကနေ ကင်းလှည့် စောင့်ကြည့်နေမယ်”

 

 

“အဲ့တာ ဘယ်တော့လောက် ဖြစ်မလဲ”

 

 

“မနက် ခုနှစ်နာရီ လောက်ပေ့ါ၊ နဲနဲလည်း နောက်ကျချင် ကျနိုင်တယ်၊ ကောင်းကင်မှာ တိမ်တွေက ထူနေတုန်းပဲဆိုတော့”

 

 

“အဲ့လောက်ဆိုရင် အတော်ကို နောက်ကျနေပြီဗျာ”

 

 

“သူတို့ဖက်က ကြည့်တော့လည်း ဒီထက် စောသွားလို့ မဖြစ်နိုင်ပြန်ဖူးဗျ။ သူတို့က အောက်ကို မြင်ရမှ ဖြစ်မယ်လေ၊ အခုနေ ထွက်သွားလို့ ဘာမှ မမြင်ရလည်း ဘာထူးမလဲ၊ သတင်းကောင်း လည်း ပြောရဦးမယ်၊ အာရုံမတက်မီ ရာသီဥတု ပြန်ကောင်းလာဖို့ ရှိနေတယ်၊ တိမ်တွေတော့ ရှိနေဦးမယ်၊ မိုး နဲ့ လေ တော့ ပါးသွားမယ် ပြောတယ်၊ ကျွန်တော်တို့ဖက်က ရှာရ ဖွေရ ပိုလွယ်သွားတာပေါ့ဗျာ”

 

 

“အေးဗျာ.. ရာသီဥတု ကောင်းလာမယ့် အရေးကို ဝမ်းသာလို့ မဖြစ်သေးဘူးဗျ၊ ကမ်းခြေတဝိုက် မုန်တိုင်းလာစုနေတာမျိုး ဖြစ်စေချင်တယ်၊ ရာသီဥတု ကောင်းရင် ဂျာမန် အေးဂျင့်တွေနဲ့ ယူဘုတ် တို့ လှုပ်ရှားရ လွယ်သွားလိမ့်မယ်”

 

 

“သဘောပေါက်ပြီဗျာ”

 

 

“ရေတပ်နဲ့ လေတပ်ကို အဲ့ဒီဒေသတဝိုက်ကို သိုသိုသိပ်သိပ် နဲ့ ရှာလားဖွေလား လုပ်ဖို့ သာ ညွှန်ကြားပေးထားပါ၊ အဲ့လို လုပ်ဖို့ မဖြစ်နိုင်မှန်း တော့ သိပေမယ့် ပုံမှန်အတိုင်း ကင်းလှည့်တဲ့ ပုံမျိုး ဖြစ်အောင်တော့ အတတ်နိုင်ဆုံး လုပ်ပါလို့၊ နောက်ပြီး ရေဒီယို နဲ့ စကားပြောရင်လည်း သတိထား ပြောဖို့။ ဘာလို့လည်း ဆိုတော့ ဂျာမန်တွေဖက်က နားထောင်နေမှာမို့လို့။ ကျွန်တော် ဒီထက်တော့ ပိုပြီး မပြောနိုင်တာကိုတော့ ခွင့်လွှတ်ပါ ကွန်မန်ဒါ ဘရိတ်ဝိတ်”

 

 

“ကျွန်တော် နားလည်ပါတယ်ဗျာ၊ ခင်ဗျား မှာတာတွေ ကျွန်တော် ပြောလိုက်ပါမယ်”

 

 

“ကျေးဇူးတင်ပါတယ်”

 

 

“ပြီးတော့ စိတ်အေးအေး ထားစေချင်တယ် ဗိုလ်မှုး ဗီကာရီ၊ ခင်ဗျား စပိုင်တွေသာ ဒီည ရေငုပ်သင်္ဘောာဆီ အရောက်လာပါစေ ကျွန်တော်တို့ မိအောင် ဖမ်းပြပါမယ်”

 

                                        ***********************