D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၆၂)

by Hla Soewai - Apr 12 2022

အခန်း (၅၉)

 

 

Lincolnshire, England

 

 

အချိန်ကား မနက် သုံးနာရီ ရှိပြီ ဖြစ်သည်၊ လိုင်ဆင်ဒါ လေယာဉ်ငယ်လေးသည် ထူထဲသော တိမ်ဆိုင် တိမ်လိပ်များကို ထိုးဖေါက်ကာ ဂရင်းစ်ဘီး မြို့ပြင်မှ နှစ်မိုင်ခန့် အကွာတွင် ရှိသော ဘုရင့်လေတပ် အခြေစိုက်စခန်းသို့ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ 

 

 

အယ်ဖရက် ဗီကာရီသည် လေယာဉ် နှင့် တခါဖူးမျှ ခရီးသွားခဲ့ဖူးခြင်း မရှိပေ။ ယခုလည်း သူ ပထမဦးဆုံး ရလာခဲ့သည့် အတွေ့အကြုံမျိုးကို နောက်တကြိမ် ပြန်မရပါစေနှင့် ဟု ဆုတောင်းခဲ့ရသည်။ လန်ဒန်မှ စထွက်လာစဉ် ကတည်းက တလမ်းလုံး ဆိုးဝါးလှသော ရာသီဥတုကြောင့် လေယာဉ် သည် ယိမ်းထိုးနေရသည်။ လေယာဉ် ဆင်းသက်ပြီး ကွပ်ကဲရေး ရုံး အဖြစ် ဖွင့်ထားသည် တဲငယ်လေး ရှိရာသို့ ပြေးလမ်းတလျောက် တရွေ့‌ ရွေ့ ချည်းကပ်လာနေစဉ် အတွင်း ဗီကာရီ ဘဝ တလျောက်လုံး တကြိမ်တခါမျှ မဖြစ်ခဲ့ဖူးသည့် ပျော်ရွှင်မှု မျိုး ပေါ်ပေါက်လာခဲ့ရပေသည်။

 

 

လေယာဉ်မောင်းသူက စက်ကို သတ်လိုက်ချိန်တွင် အတူပါလာသည့် ‌ဝန်ထမ်းမှ တံခါးကို လာ ဖွင့်ပေးခဲ့သည်။ ဗီကာရီ၊ ဟာရီ ဒေါလ်တန်၊ ကလိုက် ရို့ခ်ျ နှင့် ပီတာ ဂျော်ဒန် တို့လည်း လွတ်ပြီ ကျွတ်ပြီဆိုကာ ကမန်းကတမ်း ဆင်းလာခဲ့ကြသည်။ သူ့တို့အား လူနှစ်ဦးက အသင့် စောင့်ဆိုင်းနေသည်၊ တယောက်က လေတပ်မှ လေး‌ထောင့်ကျ ပုခုံးပြင်ကျယ် နှင့် လူငယ် အရာရှိတဦး ဖြစ်ပြီး ကျန်တယောက်ကတော့ မျက်နှာတွင် ကျောက်ပေါက်မာ ဗလပွ နှင့် မိုးကာ ကုတ်အင်္ကျီ ကို ဝတ်ထားသည်။

 

 

လေတပ်အရာရှိက လက်ကို ဆန့်တန်းပေးရင်းက မိတ်ဆက်လာသည်။ "ကျွန်တော်က တိုက်လေယာဉ်  အုပ်စုမှုး အက်မွန် ဟူးခ်ျပါ၊ သူက‌ လင်ကွန်းရှိုင်းယား ရဲဌာန စခန်းမှုး ရောဂျာ လော့ဝု‌ဒ်၊ အထဲလာကြပါ၊ အပြင်မှာ ရာသီဥတု ကြမ်းတယ်၊ ခင်ဗျားတို့ အတွက် ယာယီ ကွပ်ကဲရေး စခန်း လုပ်ပေးထားပါတယ်"

 

 

သူတို့ အထဲရောက်သည့် အခါ လေတပ်အရာရှိက "လန်ဒန်က ခင်ဗျားတို့ ရုံးလိုတော့ မသနားဖူးပေါ့ဗျာ"

 

 

အခန်းငယ်လေး တခုမျှသာ ဖြစ်ပြီး လေယာဉ်ကွင်း ကို လှမ်းမြင်နေရသည့် ပြတင်းပေါက် တပေါက် ရှိသည်။ လင်ကွန်းရှိုင်းယား နယ်မြေပြ မြေပုံ အကြီးစားကြီးအား နံရံတွင် ပင်အပ်များနှင့် ထိုးကာ ချိတ်ဆွဲပေးထားသည်။ တယ်လီဖုန်း တလုံးစီ တင်ထားသော စားပွဲ နှစ်လုံးကို မျက်နှာခြင်းဆိုင်၍ ချထားသည်။ "ဒီလောက်ဆို အဆင်ပြေပါတယ်" ဟု ဗီကာရီက ပြောလိုက်သည်။ 

 

"ကျွန်တော်တို့မှာ ဝိုင်ယာလက်စ် စက် နဲ့ တယ်လီပရင်တာလည်း ရှိပါတယ်၊ ခင်ဗျားတို့ ကြည့်ရတာ ဆာလာကြပုံရတယ်၊ ကျွန်တော် လ္ဘက်ရည်နဲ့ အသားညှပ် မုန့်တွေ စီစဉ်ပေးပါဦးမယ်"

 

 

"ကျေးဇူးပါဗျာ၊ တနေ့လုံး လိုလိုပါပဲ"

 

 

ဟူးခ်ျ က အပြင်သို့ ထွက်သွားသည့် အခါတွင်တော့ စခန်းမှုး လော့ဝုဒ်က အနားကပ်လာသည်။

 

 

"ကျွန်တော်တို့ လူတွေ အားလုံး ဒီကနေ ဝပ်ရှ် ကြားထဲက အဓိက ကျတဲ့ လမ်းတိုင်းလိုလို ကို ပိတ်ဆို့ ထားပြီးပါပြီ" ဟု ပြောရင်း မြေပုံပေါ်တွင် သူ့လက်ညိုး နှင့် ထောက်ပြလိုက်သည်။ "အဲ..ရွာလေးတွေမှာတော့ ဘိုင်စကယ် နဲ့ပဲ သွားလာနေကြတဲ့ တပ်ဖွဲ့ဝင်တွေ ပဲ ရှိတယ်၊ သူတို့ အဖို့ တရားခံ ပြေးတွေကို တွေ့ရင်တောင် ဘာမှ လုပ်နိုင်ကြမယ် မထင်ဘူး၊ ဒါပေမယ့် ဒီကောင်တွေ ကမ်းခြေ နဲ့ နီးလာလေ ဒုက္ခတွေ့ဖို့ များလေလေပဲ၊ ဒီနေရာ...ဒီနေရာ...ဒီနေရာ တွေ အားလုံး ပိတ်ဆို့ထားပြီးသွားပြီ၊ ကျွန်တော်မှာ ရှိသမျှ အတော်ဆုံးလူ‌တွေ၊ ရှိသမျှ ပတ္တရောင် ကင်းလှည့်ကားတွေ၊ လက်နက်တွေ အကုန်ထုတ်သုံးထားတယ်"

 

 

"ကောင်းပါပေ့ဗျာ၊ ဒါနဲ့ ကမ်းခြေ မှာကော ဘယ်လို စီစဉ်ထားတုန်းဗျ"

 

 

"လင်ကွန်းရှိုင်းယား ကမ်းခြေ က‌ နေ ဟမ်းဘားကြား က ဆိပ်ခံဘောတံတားတွေ၊ စက်လှေ၊ သင်္ဘော ကပ်လို့ ရမယ့် နေရာတိုင်း လူတယောက်စီ ချထားပြီးပြီ၊ ဒီကောင်တွေ သင်္ဘောတစီးစီး ခိုးဖို့ ကြိုးစားလို့ကတော့ ချက်ခြင်းကို သိမှာပဲ"

 

 

"ဒါဆို ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကမ်းခြေတလျောက်ကော"

 

 

"အဲ့တာက နောက်ထပ် ပြောစရာ ရှိလာတဲ့ ကိစ္စတခု ဖြစ်လာတယ်၊ ကျွန်တော်လည်း ရှိသမျှ လူအင်အားနဲ့ အကွက်စေ့အောင် လုပ်နေရတယ်၊ အရင်တုန်းက ရှိတဲ့ လူတွေလည်း စစ်ထဲ ရောက်ကုန်ကြပြီ ဆိုတော့၊ ကျွန်တော်က အပျော်တမ်း သင်္ဘောလိုက်ဖူးတော့ ‌ပင်လယ်အကြောင်းကို တီးမိ ခေါက်မိတော့ ရှိထားပါတယ်၊ အခုလို ညမျိုးမှာ ကျွန်တော်ကို ကမ်းစပ်ကနေ သင်္ဘောတစီး နဲ့ ပင်လယ်ထွက်မလား လာမေး၊ မထွက်ရေးချ မထွက်ပဲ"

 

 

"အင်း...ဒီညတော့ ရာသီဥတု က ကျွန်တော်တို့ရဲ့ မိတ်ဆွေကောင်းကြီး ဖြစ်လာနေပြီပေါ့"

 

 

"အား..နောက်တခု ပြောဖို့ ကျန်သေးတယ် ‌ဗိုလ်မှူး ဗီကာရီ၊ ဒီကောင်တွေဟာ သာမန် ဝရမ်းပြေးတွေ ဖြစ်ပါတယ်လို့ ကျွန်တော်တို့ ဆက်ပြီး ဟန်ဆောင်နေဖို့ လိုသေးလား"

 

 

"အင်း ပြောရမယ်ဆိုရင်တော့ လို ကို လိုနေတုန်းပါပဲ လို့ ဆိုပါရစေ စခန်းမှုးကြီး"

 

 

***************

 

A-16 လမ်းမကြီး နှင့် လမ်းငယ်ကလေး ဖြစ်သော B လမ်း ဆုံ သည် လောက် မြို့ပြင် အလွန်လေးတွင် ရှိနေသည်။ နျူမန်က ထို B လမ်း သို့ ချိုးကွေ့ဝင်ပြီး ကမ်းခြေ ဖက်သို့ သွားမည်၊ ပြီးမှ တဆင့် နောက်ထပ် လမ်းတလမ်းမှ တဆင့် ထပ်မောင်းပြီး ကလိသော့စ် ရှိရာ မြောက်ဖက်သို့ ဦးတည်မည်ဟု ကြံရွယ်ထားခဲ့သည်။ သို့သော် လောက် မြို့ရှိ ရဲအင်အား တဝက်ကျော်ကျော်က ထိုလမ်းဆုံတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ အနည်းဆုံး လေးယောက်ခန့်ကို သဲသဲကွဲကွဲ မြင်နေရသည်။ သူ အနားသို့ ချည်းကပ်လာသည့် အခါတွင်တော့ သူတို့ လက်ထဲရှိ လက်နှိပ်ဓါတ်မီးများက သူရှိရာဖက် လှမ်းထိုးလိုက်ကြပြီး ကားကို ရပ်ရန် အချက်ပြနေသည်။

 

ကက်သရင်းက အိပ်ပျော်နေရာမှ လန့်နိုးလာပြီး အလန့်တကြား “ဘာ ဖြစ်တာလဲ” ဟု မေးလိုက်သည်။

 

“လမ်းဆုံးသွားပြီ လို့ ပြောရတော့မှာပဲ။ သူတို့ အားလုံး ကျွန်တော်တို့ကို စောင့်နေကြပုံရတယ်၊ ဘယ်လို လှည့်ပတ် ပြောပြော လွတ်နိုင်မယ် မထင်ဘူး”

 

ကက်သရင်းက သူမ၏ မောဆာ သေနတ်ကို ကောက်ကိုင်လိုက်ပြီး “နေပါဦး ဘာလို့ များ စကားပြောနေဖို့ လိုမှာလဲ”

 

ရဲသားတဦးက ပြောင်းရှေ သေနတ်ကို ကိုင်ကာ သူတို့ ကားရှိရာ လျှောက်လာပြီး နျူမန် မှန်တံခါးကို လက်နှင့် ခေါက်လိုက်သည်။

 

နျူမန်က မှန်ကို ချပေးလိုက်ပြီး “ဂွတ် အီဗင်နင်း၊ ဘာပြဿနာများ ရှိလို့လဲဗျ”

 

“တဆိတ်လောက် ကားထဲက ထွက်ပေးပါ၊ စိတ်မရှိပါနဲ့”

 

“အဲ့တာတော့ ကျွန်တော် စိတ်ရှိတယ် ပြောရမယ်၊ ရာသီဥတုက လည်း ဆိုးနေပြီး လူကလည်း ပင်ပန်းနေတယ်ဗျာ၊ ကျွန်တော် သွားလိုတဲ့ နေရာ သွားဖို့ပဲ စိတ်စောနေတယ်”

 

“ခင်ဗျားက ဘယ်သွားမှာ မို့လိုလဲ”

 

“ကင်းစတန်” ဟု နျုမန်က ပြန်ဖြေလိုက်သော်လည်း ရဲသား၏ မျက်နှာတွင် သူ့စကားအပေါ် အယုံအကြည် မရှိသည့် အမူအယာက အထင်းသား ပေါ်နေသည်။ နောက်ထပ် ရဲတယောက် က ကက်သရင်း ထိုင်နေသည့် ဖက် ထပ်ရောက်လာပြီး နောက်နှစ်ယောက်က ကားနောက်ပိုင်းတွင် နေရာယူလိုက်သည်။

 

ရဲသားက နျူမန်၏ ကားတံခါး ကို ဆွဲဖွင့်လိုက်ပြီး သူ့လက်ထဲက ပြောင်းရှေ သေနတ် နှင့် မျက်နှာတည့်တည့်ကို ထိုးချိန်လိုက်သည်။ “ကောင်းပြီ...လက်ကို မြင်ရအောင် အပေါ်ကို မြှောက်ထား။ ကားထဲက ဖြေးဖြေး နှင့် မှန်မှန် ထွက်လာခဲ့”

 

                                        *********************

ဂျင်နီ ကောဗီးလ်သည် မှောင်မဲနေသော ဗင်ကားနောက်တွင် ပါလာခဲ့သော်လည်း သူမ၏ လက် နှင့် ခြေထောက် ကို ကြိုးနှင့် တုပ်နှောင် ခံထားရပြီး ပါးစပ်ကိုလည်း အဝတ် နှင့် စည်းနှောင်ထားသည်။ သူမ၏ လက်ကောက်ဝတ်များသာမက လည်ပင်း တဝိုက် နှင့် ကျော ကပါ  နာကျင်လာနေပြီလည်း ဖြစ်သည်။ ဗင်ကား၏ ကြမ်းပြင်ပေါ်တွင် ထိုပုံစံအတိုင်း မည်မျှ ကြာကြာ လိုက်လာခဲ့ရသည် ဆိုသည်ကို မမှန်းဆနိုင်တော့၊ နှစ်နာရီလား၊ သုံးနာရီလား၊ လေးနာရီ လည်း ဖြစ်နိုင်သည်။ သိတ်မကြာခင် ပြီးဆုံးကောင်း ပြီးဆုံးသွားနိုင်မည်ဟုလည်း မျှော်လင့်နေမိသည်။

 

ဗင်ကားသည် တဖြေးဖြေး အရှိန်လျော့သွားသည့် အခါတွင်တော့ သူမ၏ မျှော်လင့်ချက် များ ရုတ်ခြည်း မြင့်တက်လာခဲ့သည်။ သူတို့ အလိုရှိရာ ရောက်သွားသည်နှင့် သူလည်း ဟမ်တမ်ဆင်းသို့ ပြန်ရတော့မည် ဖြစ်သည်။ မေရီ၊ ရှောင် နှင့် သူမအဖေတို့နှင့်လည်း ယခင်အတိုင်း ပြန်နေနိုင်မည်။ အားလုံးက အိမ်မက်ဆိုးများသာ ဖြစ်မည်၊ သို့သော် ထိုအတွေးများကို ချက်ခြင်းလို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး လက်ရှိ အခြေအနေကို အမှန်တိုင်း မြင်နိုင်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။  ဖြစ်နိုင်ခြေ ရှိသည်များကို စဉ်းစားနိုင်မှ ဖြစ်ပေမည်။

 

ရှေ့ခန်းတွင် ထိုင်နေသော သူတို့ နှစ်ယောက်ကို အကဲခတ်လိုက်သည်။ သူတို့ နှစ်ယောက် ဂျာမန်လို စကားဖေါင်ဖွဲ့လာကြာသည်မှာ အတော် ကြာသွားပြီ ဖြစ်သည်။ ထို့နောက်တွင်တော့ အမျိုးသမီးသည် အိပ်ပျော်သွားဟန်ရှိသည်။ ယခုအခါ နျုမန်သည် အမျိုးသမီးအား မရမက လှုပ်နှိုးနေပြန်သည်။ ကားရှေ့မှန်မှ တဆင့် အလင်းရောင်တန်းများကို လည်း မြင်လာရသည်။  ရဲအရာရှိများက လမ်း ပိတ်ထားယုံမျှ နှင့် ဆိုလျှင် လက်နှိပ်ဓါတ်မီးများ ကိုင်လာစရာ အကြောင်းမရှိ။ သူတို့ ဂျာမန် စပိုင်များ ဆိုသည်နှင့် သူမအား အတင်းအဓမ္မ ခေါ်လာသည်များကို သိထားကြပြီလော၊ သူမကို ရှာနေကြခြင်းများလော။

 

ဗင်ကားသည် ရပ်တန့်သွားပြီ ဖြစ်သည်။ ကားရှေ့ပိုင်းတွင် ရဲအရာရှိ နှစ်ဦးကို တွေ့လိုက်ရသည်။  ကား၏ နောက်ဖက်မှလည်း ခြေသံများ နှင့် နောက်ထပ် လူနှစ်ယောက်၏ စကားပြောသံများကိုပါ ကြားလာရသည်။ ရဲသားတဦးက ကားရှေ့မှန်တံခါး ခေါက်နေသည်ကို သိလိုက်သည်။ သူ့လက်ထဲတွင် သေနတ်ကို ကိုင်ထားသည်၊ ဂျင်နီက အမျိုးသမီးအား ကြည့်လိုက်ရာ သူ့လက်ထဲတွင် လည်း သေနတ်ကို တင်းတင်းဆုပ်ထားသည်ကို တွေ့လိုက်ရသည်။

 

ထိုနောက်တွင်တော့ ဂိုဒေါင်ထဲ ဘာတွေ ဖြစ်ခဲ့သည်ကို အမှတ်ရလာသည်၊ သူမ၏ အဖေ နှင့် ရှောင် ဒိုရသီတို့ နှစ်ဦးအား သူတို့ အလုပ်ထဲ ဝင်ရှုပ်လာ၍ ပစ်သတ်ခဲ့ကြပြီး ဖြစ်သည်။ မေရီကိုလည်း သတ်ပြီး လောက်သည်။ သူတို့နှစ်ဦးစလုံးသည် တောရွာဖက်က ရဲများ ကြောင့်တော့ လက်နက်ချ ကြမည့် လူများ မဟုတ်၊  ထိုရဲများကို သူ့အဖေ နှင့် ရှောင်လို သတ်ပစ်ကြမည်သာ ဖြစ်သည်။

 

ရဲအရာရှိ၏ အော်ငေါက်သံ နှင့် အတူ ကားတံခါး ဖွင့်သံ ကြားလိုက်ရသည်။ ဘာတွေ ဆက်ဖြစ်လာတော့မည်ကို စိတ်က အလိုလို သိလာခဲ့သည်။ သူတို့ နှစ်ဦးစလုံး ကားပြင်သို့ ထွက်ကြမည် မဟုတ်ပဲ စပစ်တော့မည် ဖြစ်သည်။ ထိုအခါတွင် ရဲများ အားလုံး ထိမှန်သေဆုံးကုန်ပြီး ဂျင်နီသည်လည်း သူတို့နှင့် အတူ ကျန်ခဲ့ရပေတော့မည်။

 

ရဲများကို သတိပေးမှ ဖြစ်တော့မည်။

 

သို့သော် ဘယ်လို ပုံစံနှင့် သတိပေးရပေမည်နည်း။
 

သူမ ပါးစပ်ကို နျုမန်က တင်းကျပ်စွာ စည်းနှောင်ထား၍ စကားပြောလို့ မရ ဖြစ်နေသည်။

 

သူမ လုပ်နိုင်သည်က တခုတည်းသာ ရှိသည်။

 

သူမ ခြေထောက်ကို မြှောက်ပြီး ကားဘေးနံရံကို အားကုန်သုံးပြီး ကန်ထဲ့လိုက်သည်။

 

                                        *****************************