ကန်-လိပ် ကုန်သည်ကြီးများ ကန့်ကွက်၊ ကန် အထက်တန်း အရာရှိကြီး နှင့် NUG ဆွေးနွေး

by Hla Soewai - Apr 10 2022

စစ်ကောင်စီ မှ အဆင်ခြင် ကင်းမဲ့စွာ ဂမူးရှုးထိုး ထုတ်ပြန်လိုက်သော ဒေါ်လာ အား ကျပ်ငွေ ပြောင်းလဲရမည် ဆိုသည့် ဥပဒေ အား နိုင်ငံတွင်းရှိ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ဩစတေးလျှ ကုန်သည်ကြီးများ အသင်းက ပြင်းထန်စွာ ပြစ်တင် ဝေဖန်လိုက်သည်။

 

ထိုလုပ်ရပ်သည် နိုင်ငံသားတို့၏ လူနေမှု အဆင့်အတန်းကို ဆွဲချ ပစ်သလို ဖြစ်သွားမည်သာ မက ပြည်တွင်း နှင့် ပြည်ပမှ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု များ လျော့နည်း အောင် လုပ်သလို ဖြစ်လိမ့်မည်၊ ပြည်ပကုန်သွယ်ရေးတွင်လည်း တင်းမာမှုများ ဖြစ်လာမည်ဟု သတိပေးခဲ့သည်။

 

တကယ်တမ်းတွင် ထိုသို့ ပြောဆိုနေကြသူများသည် စစ်ကောင်စီ မှ တိုင်းပြည်ကို အစိုးရ ပုံစံ အုပ်ချုပ် နေကြသည် ဆိုသော နေ့လည် အိမ်မက်မှ နိုးမထနိုင် ရှိနေဆဲ ဆိုသည်ကို အတိုင်းသား မြင်နေရသည်။

 

စစ်ကောင်စီသည် လောလောဆယ်တွင် ၎င်းတို့အာဏာ ရေရှည် တည်မြဲသွားနိုင်ဖို့သာ ခေါင်းထဲတွင် ရှိသည်၊ တိုင်းပြည်အတွက် ဆုံးဖြတ်လုပ်ကိုင်ရမည့် ကိစ္စမှန်သမျှ ကို ထိုပေတံကြီးဖြင့် တိုင်းတာကြစမြဲ ဖြစ်သည်။

 

လက်ရှိ အဖိနှိပ်ခံ ပြည်သူများ၏ တော်လှန် အန်တု မှုများကို ရုပ်ပိုင်းအရ ဖိနှိပ် နှိပ်ကွပ် နေယုံသာ ရှိသေးသည်၊ ၎င်းတို့ အခြေအနေ တည်ငြိမ်မှု ရှိသွားသည် ဟု ယူဆလာသည့်အခါ တွင်တော့ ထိုအခြေအနေမျိုး နောက်တဖန် မကြုံရလေအောင် နိုင်ငံသားများ၏ အသိလိမ္မာတရားများ၊ ဆင်ခြင်တုံတရားများကို ညံ့ဖျင်း ထုံထိုင်းသည်ထက် ထုံထိုင်းအောင် တီထွင် ကြံဆ လုပ်လာကြမည်ကား မြေကြီးလက်ခတ် မလွဲပင်။ 

 

ယနေ့ အခြေအနေသည် ကိုယ်လုပ်မှ ကိုယ်စားရသည် ဟု ယူဆနေသူများလည်း ၎င်းတို့ ချွေးနဲစာများထဲမှပင် နှိုက်ထုတ်ခံနေကြရသည့် အဖြစ်နှင့် ကြုံလာနေကြရပြီ ဖြစ်သည်။ ထိုသို့ ကိုယ်လုပ်မှ ကိုယ်စားရသမားများသည် အိမ်နီးချင်း နိုင်ငံ မှ အလုပ်သမား တယောက် တနာရီ ရသည့် လုပ်ခကို နဖူးက ချွေး ခြေမ ကျသည်အထိ တနေကုန် ပင်ပန်းဆင်းရဲကြီးစွာ လုပ်မှ ရနိုင်သည် ကို သတိမူသင့်သည်။

 

လက်ရှိ စစ်တပ်ကို တွန်းလှန် အံတုနေခြင်းသည် လူငယ်‌ကလေးများ စိတ်ကူးယဉ် နေကြခြင်းမဟုတ်၊ တိုင်းပြည်၏ အနာဂတ် ကို အဆုံးအဖြတ်ပေးမည့် လမ်းဆုံလမ်းခွကြီးသို့ ရောက်နေချိန် လည်း ဖြစ်သည်။ အခန့်မသင့်လျှင် မော်စီတုံး ပုံပါ ငွေစက္ကူများ လက်တွင် ကိုင်၍ သုံးစွဲကြရမည်သာမက တရုတ်စာပင် ကျောင်းသုံးဘာသာရပ် အဖြစ် ပြဋ္ဌာန်းလာနိုင်ပေသည်။

 

တရုတ်သံရုံး၏ အထောက်အပံ့များဖြင့် တရုတ်စာပေ များကို ဘာသာပြန် ထုတ်ဝေဖြန့်ချီရန် ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်နေပြီ ဖြစ်သည်။ ရှီကျင့်ပင်သည် ထိုသို့သော တပည့်သားမြေး အဖြစ် လုပ်ပါရစေ ဟု ခေါင်းတိုးဝင်လာသူများကို အဘယ်မှာလျှင် လက်လွတ်စပယ် လုပ်ပေမည်နည်း၊ ကျားကုတ် ကျားခဲ ထောက်ခံသွားမည်သာ ဖြစ်သည်။

 

အနောက်နိုင်ငံများသည်လည်း ထိုအရေးကို စိုးရိမ် ကြောင့်ကြရကောင်းမှန်း မသိသေးပဲ ချီတုံချတုံ ဖြစ်နေကြဆဲပင်။ ယနေ့တွင်တော့ အမေရိကန် အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ (USAID) မှ ဒုတိယ အကြီးအကဲ ဖြစ်သူ မစ္စက် အစ်ဇိုဘဲလ် ကိုးလ်မင်းသည် အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း နှင့် တွေ့ဆုံပြီး နိုင်ငံအတွင်းရှိ ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးပေးနိုင်ရန် အရေး ဆွေးနွေးခဲ့ကြသည်ဟု တရားဝင် သတင်း ထုတ်ပြန်လာခဲ့သည်။

 

ထိုအတွက် မိမိတို အရေး မိမိတို့ အနာဂတ်ကို မိမိတို့အင်အားဖြင့် ရုန်းကန်ကြရတော့မည်ဖြစ်သည်။

 

သို့မဟုတ်က မိမိတို့ ရင်သွေးများ၊ သားမြေးများ သည် ၎င်းတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းအားထုတ်ခွင့် မရှိတော့ပဲ လမ်းပေါ်တွင် ဝေလေလေ ဖြင့် အချိန်ဖြုန်းကြရတော့မည့် အဖြစ်သို့ ရောက်ကြရပေတော့မည်။

 

ငွေကြေးတတ်နိုင်၍ ပြည်ပသို့ ပညာသင်ခွင့် ရခဲ့ကြသည့် လူငယ် လူရွယ်များလည်း ၎င်းတို့အတွက် မည်သည့် အခွင့်အလန်းမျှ ရှိမည်မဟုတ်သော မွေးရပ်မြေ သို့ ပြန်လာကြတော့မည် မဟုတ်၍ မိဘ ရင်ခွင်မှ အပြီးအပိုင် ခွဲထွက်သွားကြတော့မည်သာ ဖြစ်သည်။

 

မိမိတို့သည် နိုင်ငံရေး နှင့် မပတ်သက်၊ မသက်ဆိုင်ဟူသော တသက်လုံး ဦးနှောက်ဆေးခံခဲ့ရသည့် အတွေးအခေါ်များ ဖြင့် ခြံစည်းရိုး ခွထိုင်နေရမည့် အချိန်မဟုတ်၊ NLD နှင့် သူတို့ကို ထောက်ခံသူများ ဒုက္ခရောက်ရန် ပံ့ပိုးပေးရမည့် အချိန်မဟုတ်တော့။

 

အသက် သွေးချွေးပေါင်းများစွာ အရင်းပြု၍ တည်ဆောက်ခဲ့ရသော တိုင်းပြည်၏ အချုပ်အခြာ သည် လုံးဝ မဆုံးရှူံးသည့်တိုင် မိမိပိုင် မြေပေါ်တွင် သူရင်းငှား ဘဝ ပြန်ရောက်တော့မည့် အနေအထား ကြုံလာရတော့မည် ဖြစ်သည်။

 

လက်ရှိ သင်္ကြန်သည် မိဘအရိပ်အောက်တွင် ကောင်းမွန် စွာ နေထိုင်နိုင်ကြပါလျက် နှင့် တောထဲ တောင်ထဲတွင် ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် နှင့် တိုက်ပွဲဝင်နေသူ လူငယ်လေးများ နှင့် မိမိတို့ တသားတည်း ရှိသည်ကို ပြရမည့် အခွင့်အလန်း နှင့် ကြုံလာနေပြီ ဖြစ်သည်။ ၎င်းတို့ လက်ပါးစေများ ချည်းသာ ပျော်မြူး ကခုန်နေကြသည့် အဖြစ်ကို အိမ်ထဲမှ ထိုင်ကြည့် နေရခြင်းသည် မည်မျှ အရသာ ရှိပေမည်နည်း။

(ဖေါ်ပြထားသော ပုံသည် မိမိယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ နေထိုင်ရသည့် လူ့ငရဲခန်းကို အကျဉ်းကျနေသူတဦးမှ ကောက်ကြောင်းခြစ်ကာ အပြင်သို့ ပေးပို့ခဲ့သည့် လက်ရာ ဖြစ်သည်)

 

ပြည်သူများ လုပ်နိုင်သော အကြောင်းများက ရှိနေပေသည်၊ (၁) ပြည်သူများ နှင့် ပူးပေါင်းလာမည့် စစ်သား နှင့် ရဲ အဖွဲ့ဝင်များ များသထက် များလာရန် စည်းရုံးကြဖို့ (၂) စစ်ကောင်စီ ၏ လက်ပါးစေများနှင့် မိသားစု ဝင်၊ဆွေမျိုးသားချင်း ဖြစ်နေရသည့် ကို သိမ်ငယ်စိတ်များ ဖြစ်ပေါ်လာစေရန် တွန်းအားပေးရေး နှင့် (၃) လုပ်ငန်းရှင် သူဌေးကြီးများ NUG အတွက် ငွေတိုက်စာချုပ် များ ဝယ်ပေးကြရန် လှုံ့ဆော်ပေးရေးပင် ဖြစ်သည်။

 

အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် ၎င်းတို့နှင့် မပူးပေါင်း၊ မိမိတို့ မဆုပ်မနစ် တိုက်ပွဲဝင်နေသည် ဆိုသည့် စိတ်ဓါတ်မျိုး အားလုံးတွင် ရှိကြမည်ဆိုလျင် ပင် တော်လှန်ရေးသည် လေးပုံသုံးပုံ အောင်မြင်သွားပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!